ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စွမ်းအားရှင်များ အသုံးပြုပြီး ကျောင်းသားများကို အကြမ်းဖက်ခဲ့သော မတ် ၅ ရက် အကြမ်းဖက်မှု တစ်နှစ်ပြည့် အောက်မေ့ဖွယ် အစီအစဉ်ကို ဒဂုံတက္ကသိုလ်၌ ပြုလုပ်မည်

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စွမ်းအားရှင်များ အသုံးပြုပြီး ကျောင်းသားများကို အကြမ်းဖက်ခဲ့သော မတ် ၅ ရက် အကြမ်းဖက်မှု တစ်နှစ်ပြည့် အောက်မေ့ဖွယ် အစီအစဉ်ကို ဒဂုံတက္ကသိုလ်၌ ပြုလုပ်မည်
Published 21 February 2016
သက်မင်း

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စွမ်းအားရှင်များ အသုံးပြုပြီး ကျောင်းသားများကို အကြမ်းဖက်ခဲ့သော မတ် ၅ ရက် အကြမ်းဖက်မှု တစ်နှစ်ပြည့် အောက်မေ့ဖွယ်အစီအစဉ်ကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်း၌ ပြုလုပ်မည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။မတ် ၅ ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပထမအကြိမ် သင်းလုံးကျွတ်အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ယင်းနေ့တွင် မတ်  ၅ ရက် အကြမ်းဖက်မှု အောက်မေ့ဖွယ်အစီအစဉ်ကိုပါ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုဖိုးသားထံမှ သိရသည်။၂၀၁၅ ခုနှစ် မတ် ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများနှင့် နိုင်ငံရေးအင်အားစုများသည် လက်ပံတန်းတွင် ရောက်ရှိနေသော ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ရန်အတွက် ဆန္ဒပြကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ အကြမ်းမဖက်ရန် ဆန္ဒပြသူများကို အစိုးရက လက်ပတ်နီဝတ် စွမ်းအားရှင်များအသုံးပြုပြီး အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့အကြမ်းဖက်ခံရသူများထဲတွင် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများပါဝင်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများသည် ကိုဖိုးသား၊ ကိုဇင်မင်း ဖြိုးနှင့် ကိုဟိန်းထက်အောင်တို့ ပါဝင်ခဲ့သည်။“မတ် ၅ ရက် မြို့တော်ခန်းမရှေ့ အကြမ်းဖက်မှုဟာ အခုဆို တစ်နှစ်ပြည့်သွားပြီ။ ဘာအရေးယူမှုမှ မတွေ့ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့တယ်။ တစ်နှစ်သာ ပြည့်သွားတယ်။ ကော်မရှင်ဘက်ကလည်း ဘာအရေးယူမှုမှ မရှိတာတွေ့ရတယ်။ကျွန်တော်တို့ကလည်း အယုံအကြည်မရှိဘူး။  ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ မတ် ၅ ရက် အကြမ်းဖက်ခံရသူတွေကို ဖိတ်ကြားသွားမယ်။ အဲဒီနေ့က အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောဆိုကြလိမ့်မယ်”ဟု ကိုဖိုးသားက ဆိုသည်။ထို့ပြင် ၎င်းက အကြမ်းမဖက်ရန် ဆန္ဒပြခဲ့သော်လည်း ဒီမိုကရေစီပညာရေးပင်မသပိတ် စစ်ကြောင်းသည်လည်း မတ် ၁၀ ရက်တွင် အကြမ်းဖက်ခံရကြောင်းနှင့် လက်ရှိတွင် ကျောင်းသားများမှာ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံနေရကြောင်း ပြောကြားသည်။အဆိုပါ မတ် ၅ ရက်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ သင်းလုံးကျွတ်အစည်းအဝေးကိုလည်း ကျင်းပမည်ဖြစ်သောကြောင့် ကျောင်းသားများအနေဖြင့် ဆွေးနွေးလိုသည့် အကြောင်းအရာများကို ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌထံ ဖေဖော်ဝါရီ ၂၇ ရက်ထက် နောက်မကျဘဲ ပေးပို့ရန်လည်း သတင်းထုတ်ပြန်ထားသည်။        

Most Read

Most Recent