ရန်ကုန်မြို့အတွင်း၌ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများထဲတွင် ခရီးစဉ်အရှည်ဆုံး ယာဉ်လိုင်းအဖြစ် လှိုင်-ဒဂုံ ယာဉ်လိုင်းအသစ်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ ဦးတင်မောင်ထွဋ်က ဖေဖော် ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။“ကျွန်တော်တို့က အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေချောမွေ့စေဖို့အတွက် လိုအပ်ချက်ရှိနေတဲ့ ခရီးစဉ်တွေမှာ ယာဉ်လိုင်းအသစ်တွေကို တိုးချဲ့ပြေးဆွဲတာပါ။ ယုဇနဥယျာဉ်မြို့တော်ကနေ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကို သွားတဲ့ယာဉ်လိုင်းက မရှိသေးဘူးလေ။ နောက်ပြီး ခရီးစဉ်ကိုလည်း အပိုင်း ၁၀ ပိုင်းခွဲပြီး ခရီးစဉ်တစ်ပိုင်း ကို ကျပ် ၅၀ နဲ့ ပြေးဆွဲပေးမှာပါ။ နောက်လည်း ထပ်မံပြီးတော့ ယာဉ်လိုင်းအသစ်တွေ တိုးချဲ့ပြေးဆွဲသွားဖို့ကို ကျန်ရှိနေတဲ့ ယာဉ်လိုင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးနေပါတယ်”ဟု ဦးတင်မောင်ထွဋ်က ပြောကြားသည်။လှိုင်-ဒဂုံယာဉ်လိုင်းအနေဖြင့် ယုဇနဥယျာဉ်မြို့တော်မှ စံပြဈေး၊ သံသုမာလမ်း မှ တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီလမ်း၊ ပါရမီလမ်းမှ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မရမ်းကုန်မြို့နယ် ရှစ်မိုင်လမ်းဆုံ၊ သမိုင်း လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံမှ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာ အဝေးပြေးဝင်းထဲ၌ ဂိတ်ဆုံးမည်ဖြစ်သည်။ ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၅၀ နှုန်း ဖြင့် ခရီးစဉ်အစ/အဆုံး စီးနင်းပါက ယာဉ်စီးခ ကျပ် ၅၀၀ နှုန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ဥပဒေအရ ကိုယ်ပိုင်ခရီးသည်တင် ယာဉ်လိုင်းများ တည်ထောင်ခွင့် ရရှိခဲ့ပြီးနောက်ပိုင်း ယာဉ်ပိုင်ရှင်များ စုပေါင်း၍ အဆိုပါယာဉ်လိုင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လှိုင်-ဒဂုံယာဉ်လိုင်းက ယုဇနဥယျာဉ်မြို့တော်မှ ဒဂုံဧရာအဝေးပြေးအထိ ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ပြေးဆွဲမည်















