မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကပို့ကုန်အုပ်စု ခုနစ်မျိုးတင်ပို့နေပြီး ယင်းပို့ကုန်များအနက် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချော နှင့် အခြားပို့ကုန်ပစ္စည်းများ တင်ပို့မှု လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်အုပ်စု ခုနစ်မျိုးမှာ ဆန်၊ ပဲ၊ ဆီထွက်သီးနှံတို့ပါဝင်သည့် လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု၊ သားရေစိမ်း၊ သားရေချော ကဲ့သို့သော ပစ္စည်းများပါဝင်သည့် တိရစ္ဆာန်ထွက်ပစ္စည်း အုပ်စု၊ ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များ ပါဝင်သည့် ရေထွက်ကုန်ပစ္စည်းအုပ်စု၊ ကျောက်စိမ်း၊ ကျောက်မျက်ပစ္စည်းများ ပါဝင်သည့် သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ သစ်တောထွက်ပစ္စည်းအုပ်စု၊ သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်များ ပါဝင်သည့် စက်မှုကုန်ချောပစ္စည်းအုပ်စုနှင့် အခြားပို့ကုန်ပစ္စည်းအုပ်စုတို့ ပါဝင်ကြောင်း သိ ရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ အဆိုပါ ပို့ကုန်အုပ်စု ခုနစ်မျိုး ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၈၉၁၄ ဒသမ ၀၂၃ သန်း ရရှိခဲ့ပြီး ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အလားတူကာလတွင်မူ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၀၁၃၇ ဒသမ ၆၇၄ သန်း ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုမှ ဝင်ငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၂၂၃ သန်းကျော် လျော့နည်းခဲ့ကြောင်း သိရသည်။ပြည်ပတင်ပို့နေသည့် ပို့ကုန်အုပ်စု ခုနစ်မျိုးအနက် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်ပစ္စည်းများ တင်ပို့မှုတို့မှာ ယခင်နှစ်ထက် တင်ပို့မှု လျော့ကျနေကြောင်း သိရသည်။လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၀၂ သန်းကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သုည ဒသမ ၀၇၄ သန်း၊ သတ္တုတွင်းထွက်မှ ဒေါ်လာ ၄၅၀ ဒသမ ၁၈၂ သန်း၊ စက်မှုကုန်ချောမှ ဒေါ်လာ ၅၈၀ ဒသမ ၈၂၃ သန်း၊ အခြားပို့ကုန် ပစ္စည်းအုပ်စုမှ ဒေါ်လာ ၂၂၈ ဒသမ ၉၃၃ သန်း ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက အသီးသီး လျော့နည်းရရှိခဲ့ကြောင်း သိရသည်။ပို့ကုန်တိုးတက်မှုကို အခြေခံပြီး ဖွံ့ဖြိုးအောင်လုပ်မည်ဆိုသော မူဝါဒကို ထိရောက်စွာ ကျင့်သုံး အကောင်အထည်ဖော်မှု အလွန်အားနည်းခြင်း၊ ပို့ကုန်ဈေးကွက်အတွက် G to G ချိတ်ဆက်ညှိနှိုင်းပြီး ဈေးကွက်ရှာဖွေနိုင်မှုကို ထိရောက်စွာ မလုပ်ဆောင်နိုင်ခြင်း၊ ပြည်တွင်းထုတ်ကုန်များကို အရည်အသွေး တိုးတက်လာအောင် ငွေကြေး၊ နည်းပညာထောက်ပံ့မှု အလွန်နည်း၍ ဈေးကောင်းမရဘဲ ဝင်ငွေနည်းနေခြင်း၊ ပို့ကုန်ဈေးကွက်ကို ဦးတည်သည့် ပြည်ပရင်းနှီးမြှုပ်နှံမှု အားနည်းနေခြင်း၊ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးမှုအလွန်နှေးခြင်း စသည့်အချက်များသည် မြန်မာနိုင်ငံ၏ ပို့ကုန်ဝင်ငွေ အလွန်နည်းနေရခြင်းနှင့် များစွာသက်ဆိုင်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားသည်။မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုတို့မှ ဆောင်ရွက်နေပြီး ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နေကြောင်း သိရသည်။လက်ရှိအချိန်တွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှု လျော့ကျနေသော်လည်း နယ်စပ်ကုန်သွယ်ရေးတွင်မူ ပို့ကုန်တင်ပို့မှု ယခင်ဘဏ္ဍာနှစ်ကာလတူထက် ပိုမိုများပြားနေကြောင်း သိရသည်။
ပြည်ပပို့ အဓိကပို့ကုန် အုပ်စုခုနစ်မျိုးအနက် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သတ္တုတွင်းထွက်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်ပစ္စည်းများ တင်ပို့မှုလျော့ကျ















