ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကုန်သွယ်မှုအများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းသစ်အား ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှု ပိုမိုမြင့်တက်လာသော်လည်း ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်ထက် ၁၀ ဆနီးပါး လျော့ကျနေဆဲဖြစ်ကြောင်း စီးပွားကူးသန်းနှင့် စားသုံးသူရေးရာဌာနမှ သိရသည်။အာရှလမ်းပိုင်းသစ် ဖွင့်လှစ်ပြီးနောက် ယခင်ကကဲ့သို့ အတက်တစ်ရက် အဆင်းတစ်ရက် မဟုတ်တော့ဘဲ တက်/ဆင်း ကုန်သွယ်နိုင်ပြီဖြစ်သလို နေ့စဉ် ကုန်သွယ်ယာဉ်ကြီး ၃၀၀ ကျော်ခန့်ကုန်သွယ်သွားလာနေ၍ လစဉ် လျာထားချက် ကျော်လွန်လျက်ရှိပြီး အနီးစပ်ဆုံး ဒီဇင်ဘာလအတွင်းက ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉၀ သန်းဖိုးသာ တင်ပို့နိုင်ခဲ့ပြီး ပြည်တွင်းသို့ ထိုင်းနိုင်ငံဘက်မှ တင်သွင်းမှုမှာ ဒေါ်လာ ၆၇ ဒသမ ၈၄၂ သန်းဖိုး တင်သွင်းခဲ့ကြောင်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။“လမ်းသစ်ဖွင့်ပြီးကတည်းက ကုန်သွယ်မှု မြင့်တက်လာပါတယ်။ တစ်နေ့ကို ကုန်ကားကြီးတွေလည်း သုံးရာခန့် ကုန်သွယ်နေတာဆိုတော့ ပမာဏအားဖြင့် လစဉ်လျာထားချက်လည်း ကျော်ပါတယ်” ဟု မြဝတီနယ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။မြဝတီနယ်စပ်မှ ဘဏ္ဍာနှစ်အစဖြစ်သော ဧပြီတွင် ပို့ကုန် ၁ ဒသမ ၅၂၃ သန်း၊ သွင်းကုန် ၃၉ ဒသမ ၉၀၅ သန်း၊ မေလတွင် ပို့ကုန် ၂ ဒသမ ၀၄၈ သန်း၊ သွင်းကုန် ၅၇ဒသမ ၂၂၆ သန်း၊ ဇွန်တွင် ပို့ကုန် ၃ ဒသမ ၅၂၂ သန်း၊ သွင်းကုန် ၄၃ ဒသမ ၅၇၀ သန်း၊ ဇူလိုင်တွင် ပို့ကုန် ၂ ဒသမ ၀၇၀ သန်း၊ သွင်းကုန် ၄၅ ဒသမ ၈၈၁ သန်း၊ သြဂုတ်တွင် ပို့ကုန် ၁ ဒသမ ၉၂၇ သန်း၊ သွင်းကုန် ၅၂ ဒသမ ၉၄၂ သန်း၊ စက်တင်ဘာတွင် ပို့ကုန် ၄ ဒသမ ၃ သန်းကျော်၊ သွင်းကုန် ၅၃ သန်းကျော် ကုန်သွယ်မှုပြုနိုင်ခဲ့သလို ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ပို့ကုန် ဒေါ်လာ ၆ ဒသမ ၇၉၀ သန်း၊ သွင်းကုန် ဒေါ်လာ ၆၇ ဒသမ ၈၄၂ သန်း ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၄ ဒသမ ၆၃၂ သန်း ကုန်သွယ်နိုင်ခဲ့သည်။အနီးစပ်ဆုံးကာလဖြစ်သော နိုဝင်ဘာလထက် ပို့ကုန် ဒေါ်လာ ၃ ဒသမ ၈၃၁ သန်း၊ သွင်းကုန် ဒေါ်လာ ၆ ဒသမ ၁၁၈ သန်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉ ဒသမ ၉၄၉ သန်း ပိုမိုခဲ့သည်။ ယခင်နှစ် ကာလတူထက် ပို့ကုန် ဒေါ်လာ ၃ ဒသမ ၇၁၂ သန်း၊ သွင်းကုန် ဒေါ်လာ ၂၁ ဒသမ ၉၂၁ သန်း၊ ကုန်သွယ်မှုပမာဏ၂၅ ဒသမ ၆၃၃ သန်းပိုမိုခဲ့ကြောင်း သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပို့ကုန်တင်ပို့မှု မြင့်တက်နေသော်လည်း မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းအနေဖြင့် ပြည်ပသို့ တင်ပို့မှုမှာ ပြည်တွင်းသို့ သွင်းကုန်ရာခိုင်နှုန်းထက် အလွန်နည်းပါကြောင်း သိရသည်။မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ကြီး ဖွင့်လှစ်လိုက်သည့်အတွက် ကုန်တင်ယာဉ်များ (ပို့ကုန်၊သွင်းကုန်ယာဉ်များ) ရက်မစောင့်ရဘဲ သွားလာရေး လျင်မြန်လွယ်ကူခြင်းကြောင့် ကုန်သွယ်မှုလမ်းကြောင်း ပိုမိုအဆင်ပြေကာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းတွင်ကျယ်လာခြင်း၊ Re-export စနစ်ဖြင့် သကြားများ တင်သွင်းမှု များပြားခြင်းတို့ကြောင့် ကုန်သွယ်မှုတိုးတက်ခြင်း ဖြစ်သည်ဟု ဆိုသည်။မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ အများဆုံးပို့ကုန်ပစ္စည်းများမှာ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်းနက်၊ နှမ်းညို၊ နနွင်းတက်၊ ကြက်သွန်နီ၊ ကြံ၊ နနွင်းမှုန့်၊ ငရုတ်သီး (ခြောက်) ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းနဲ့ ငါးရှဉ့်တို့ဖြစ်ပြီး အများဆုံး ပို့ဆောင်လျက်ရှိပြီး ပြည်တွင်းဈေးကွက်သို့ သွင်းကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ ဓာတုဆိုးဆေးများ၊ တာယာနှင့်ကျွတ်များ၊ စားအုန်းဆီ၊ ချည်ထည်များ၊ ဆပ်ပြာနှင့် အလှကုန်ပစ္စည်း အိမ်ဆောက်ပစ္စည်းများဖြစ်ပြီး မော်တော်ယာဉ်တင်သွင်းမှုကို ဆိုင်းငံ့ထားကြောင်း သိရသည်။မြဝတီနယ်စပ်မှ အရက်၊ ဘီယာ၊ စီးကရက်၊ ဝိုင်စသည့် ပစ္စည်းများကိုလည်း လက်ရှိ တည်ဆဲဥပဒေအရ ပြည်တွင်းဈေးကွက်သို့ တင်သွင်းခွင့်မရှိကြောင်း၊ သို့သော်လည်း ပြည်တွင်း ဈေးကွက်သို့ ဘီယာရှန်း၊ ဆင်းကားစသည့် ဘီယာများ အလုံးအရင်းနှင့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်ကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆၃ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၉၀ သန်း၊ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ယခု ဘဏ္ဍာနှစ်သစ်တွင် ပမာဏအားဖြင့် ဒေါ်လာ ၄၄၇ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။
မြဝတီ -ကော့ကရိတ် အာရှလမ်းပိုင်းသစ်အား ဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှု ပိုမိုမြင့်တက်လာသော်လည်း ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်ထက် ၁၀ ဆနီးပါး လျော့ကျနေ















