ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်၊ သူနာပြုတက္ကသိုလ်ရှေ့ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်အား ပုဂ္ဂလိက ဆေးရုံတည်ဆောက်ရန်အတွက် နှစ်ရှည်ငှားရမ်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စုံစမ်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်အား ပုဂ္ဂလိကသို့ ငှားရမ်းရာတွင်လည်း တစ်ပေပတ်လည် တစ်လ မြေငှားရမ်းခ ၁၈၁ ကျပ်ဖြင့် နှစ်ရှည်ငှားရမ်းခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြေကွက်မှာ ရန်ကုန်ဆေးရုံကြီးအနီး သူနာပြုတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်ဖြစ်ကာ ဧရိယာ ၄ ဒသမ ၃ ဧက ကျယ်ဝန်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်ထံမှ စုံစမ်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာပိုင် မြေကွက်ပေါ်တွင် Parkway Yangon ဆေးရုံစီမံကိန်းကို တည်ဆောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံမှ Parkway Hospital အုပ်စုနှင့် မြန်မာနိုင်ငံမှ Andaman Alliance Healthcare လီမိတက်တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံမှ Andaman Alliance Healthcare လီမိတက်ကို ဒဂုံအုပ်စုကုမ္ပဏီလီမိတက်ကို တည်ထောင်လုပ်ကိုင်ပြီး လက်ရှိ UMFCCI ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးဝင်းအောင်နှင့် IBTC ကုမ္ပဏီလုပ်ငန်းရှင် ဦးအောင်မိုးကျော်တို့ နှစ်ဖွဲ့ပူးပေါင်းထားသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ကျန်းမာရေး ဝန်ကြီးဌာနပိုင်ဆိုင်ပြီး ဧရိ ယာ ၄ ဒသမ ၃ ဧက ကျယ်ဝန်းသော အဆိုပါ မြေကွက်ကို ပုဂ္ဂလိကသို့ ငှားရမ်းရာတွင် တစ်နှစ်လျှင် တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ (တစ်ဒေါ်လာ ၁၂၉၈ ကျပ် ဖြင့်ဆိုပါက တစ်ပေပတ်လည် တစ်လ ၁၈၁ ကျပ်)ဖြင့် ငှားရမ်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။၄ ဒသမ ၃ ဧကအတွက် မြေအသုံးချမှု ပရီမီယံကြေးအား သတ်မှတ်ရာတွင် တစ်ဧကလျှင် အမေရိကန် ဒေါ်လာ နှစ်သန်း သတ်မှတ်ထားပြီး အဆိုပါ စီမံကိန်းကို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေအရ ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နှစ် ၅၀(နောက် ထပ် ၁၀ နှစ် နှစ်ကြိမ်အထိ)ငှားရမ်းခွင့်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်၊ သူနာပြုတက္ကသိုလ်ရှေ့ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်အား ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ်Parkway Yangon ဆေးရုံစီမံကိန်းအား ရင်းနှီးမြှုပ်နှံရာတွင် လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားချက်အရ အမေရိကန်ဒေါ်လာသန်း ၈၀ စတင် ရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။ယင်းစီမံကိန်းတွင် စင်ကာပူမှ Parkway Yangon မှ ၆၂ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ပြီး မြန်မာကုမ္ပဏီဘက်မှ ၃၇ ဒသမ ၅ ရာခိုင် နှုန်းပါဝင်ကြောင်း သိရသည်။ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်အား ပုဂ္ဂလိကဆေးရုံစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ ချထားပေးရာတွင် တင်ဒါခေါ်ယူခြင်းရှိ မရှိနှင့် ပတ်သက်၍ မေးမြန်းရန် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူအချို့ထံသို့ ဆက်သွယ်ခဲ့သော်လည်း ‘အစည်းအဝေးတက်ရောက်နေခြင်း’၊ ‘ဖြေကြားခွင့်မရှိခြင်း’ စသောအဖြေများသာ ရရှိခဲ့သည်။ထို့အတွက် တင်ဒါခေါ်ယူပြီးမှ ပေးခြင်း သို့မဟုတ် တင်ဒါမခေါ်ယူဘဲ ငှားရမ်းပေးလိုက်ခြင်း ဟုတ် မဟုတ် မသိရသေးပေ။ယခုကဲ့သို့ နိုင်ငံတော်ပိုင်မြေနေရာတွင် အများပြည်သူ ကျန်းမာရေးဆိုင်ရာများအတွက် ဝန်ကြီးဌာနကိုယ်တိုင် အကောင်အထည်မဖော်ဘဲ ပုဂ္ဂလိကကုမ္ပဏီများ အကျိုးအမြတ်ရှိစေသော ပုဂ္ဂလိကစီမံကိန်းအဖြစ် လုပ်ကိုင်ခွင့်ချထားပေးသည့်အပေါ် Eleven Media Group ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က “ပြည်သူတွေ ကျန်းမာရေးဆိုင်ရာအတွက် စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်တဲ့ ကျန်းမာရေးဝန်ကြီးဌာပိုင်မြေကို ပုဂ္ဂလိက ဆေးရုံဆောက်ဖို့ လွှဲတယ်ဆိုတာကတော့ အကျိုးစီးပွားဆိုင်ရာ ဆန့်ကျင်မှု Conflict of Intrest ပါပဲ။ ဒီလို ပြည်သူပိုင်မြေတွေကို ပုဂ္ဂ လိကလွှဲထားတဲ့ Conflict of Intrest ဖြစ်တဲ့ စီမံကိန်းတွေကို နောက်အစိုးရလက်ထက်မှာတော့ ပြန်သုံးသပ်ပြီး စစ်ဆေးပြင်ဆင်သင့်တယ်”ဟု ပြောကြားသည်။















