မကွေးမြို့တွင် ကလေးခိုးသူဟု သံသယ ရှိခံရပြီး နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံရသော အမျိုးသမီးမှာ ကလေးခိုးသူ မဟုတ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

မကွေးမြို့တွင် ကလေးခိုးသူဟု သံသယ ရှိခံရပြီး နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံရသော အမျိုးသမီးမှာ ကလေးခိုးသူ မဟုတ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
Published 20 January 2016

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကလေးခိုးသူဟု သံသယ ရှိခံရပြီး နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံရသော အမျိုးသမီးမှာ ကလေးခိုးသူ မဟုတ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရားဝင် ဖွင့်လှစ်ထားသော ရဲဇာနည် Facebook တွင် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက သတင်းဖော်ပြထားသည်။အဆိုပါ သတင်းဖော်ပြမှုတွင် “မကွေးမြို့တွင် ကလေးခိုးသူဟု သံသယရှိသူမှာ မှန်ကန်မှု မရှိကြောင်း ဖြစ်စဉ်အမှန်အား ချပြရှင်းလင်း” ခြင်းဟု သတင်းခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် စိုင်ကျရွာတွင် ကလေးသူခိုးဟု မသင်္ကာဖွယ်သူ တစ်ဦးအား ထိန်းသိမ်းထားကြောင်း သတင်းအရ ရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ထိုသို့ စစ်ဆေးရာ မသင်္ကာသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ဒေါ်ယုယုချို ၄၈ နှစ်ဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်ခန့်က ပေပင်စမ်းရွာနေ ကိုကျော်မင်းထွန်း (ခ) ကျော်ကြီး ၃၇ နှစ်နှင့် ရင်းနှီးခဲ့ကြောင်း၊ အဆိုပါ နေအိမ်တွင် တည်းခိုပြီး ပေပင်စမ်းရွာနှင့် စိုင်ကျရွာများသို့ စိန်၊ ရွှေထည်နှင့် ဖန်စီပစ္စည်းများ ရောင်းချခဲ့ဖူးကြောင်း၊ ဇန်နဝါရီ ၄ ရက်တွင် ပစ္စည်းများရောင်းချရန် ကိုကျော်မင်းထွန်း (ခ) ကျော်ကြီးနေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၅ ရက်တွင် စိုင်ကျရွာ အခြေခံပညာ မူလတန်းကျောင်းအုပ် ဆရာမကြီးထံ ပစ္စည်းများ သွားရောင်းပြီး ပြန်လာစဉ် လမ်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံရွှေနှင့် ဆုံတွေ့ပြီး ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ဆက်လက်စုံစမ်းချက်များအရ ဒေါ်ယုယုချိုမှာ စိန်၊ ရွှေထည်၊ ဖန်စီပစ္စည်းများ ရောင်းချရန် အမှန်တကယ် လာရောက်ခြင်းဖြစ်ကြောင်း သိရသဖြင့် ကျေးရွာအတွင်း သတင်းမှန်အား ချပြရှင်းလင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရားဝင် ဖွင့်လှစ်ထားသော ရဲဇာနည် Facebook တွင် ဖော်ပြခဲ့သည်။“သူ့ (ဒေါ်ယုယုချို)ကို ရိုက်နှက်ခဲ့တဲ့ သူတွေကို အမှုဖွင့် အရေးယူ ဆောင်ရွက်သွားပါမယ်။ နစ်နာတဲ့သူဘက်က တိုင်ကြားတာနဲ့ ငြိစွန်းတဲ့ သက်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းနှင့် တရားစွဲဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၂၀ ရက်က ပြောကြားသည်။ယင်းကဲ့သို့ မကွေးမြို့နယ်၊ မိချောင်းရဲတိုက်နယ်စိုင်ကျ ကျေးရွာသို့ လက်ဝတ်ရတနာ ရောင်းရန် ရောက်လာသော ဒေါ်ယုယုချိုကို ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာနေ လူ ၃၀ ခန့်က ကလေးသူခိုးဟု စွပ်စွဲ၍ နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်ခံခဲ့ရပြီး မိချောင်းရဲစခန်းမှ နောက်တစ်နေ့ ညနေအထိ ၂၄ နာရီကျော် ဆေးလုံး၀ ကုသမပေးဘဲ ထိန်းသိမ်းထားခဲ့မှုနှင့် ပတ်သက်၍ ရိုက်နှက်ခံခဲ့ရသော ဒေါ်ယုယုချို၏ အစ်မဖြစ်သူသည် ဇန်နဝါရီ ၉ ရက်က မကွေးမြို့တွင် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့ကြောင်း သိရသည်။ထိုသို့ ဖမ်းဆီး၍ ရိုက်နှက်ခဲ့မှုများကို ဒေါ်ယုယုချို၏ အစ်မက နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် နစ်နာမှုများ တိုင်ကြားရေး ဌာနသို့ ဇန်နဝါရီ ၉ ရက် နံနက်က တိုင်ကြားထားကြောင်း၊ ထို့ပြင် မတရား ဖမ်းဆီးရိုက်နှက်ခဲ့သူများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်းနှင့် တရားစွဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

Most Read

Most Recent