ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်ပြီး အလောင်းဖျောက်သည့် ဖြစ်စဉ်မှ စွပ်စွဲခံရသူ တည်းခိုခန်းမန်နေဂျာ ဦးမောင်မောင်ပါ ငါးဦးကို ဇန်နဝါရီ ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့ ရုံးချိန်းတွင် စွပ်စွဲခံထားရသူများထဲမှ လူသတ်မှု ပုဒ်မ ၃၀၂ (၂)၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၂၀၁တို့ဖြင့် စွဲချက်တင်ခံထားရသော စိတ်ကူးသစ်တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်အား ဥပဒေအရာရှိနှင့် အခြားစွပ်စွဲခံထားရသူ လေးဦးတို့ ၏ ရှေ့နေများမှ အပြန်အလှန်မေးခွန်းများ စစ်ဆေးမေးမြန်းခဲ့ပြီး ပုဒ်မ ၂၀၁ ဖြင့် စွဲချက်တင်ခံထားရသော Waiter ခေါင်းဆောင် ကျော်မင်းဦးကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ကျော်မင်းဦးအား စစ်ဆေးရာတွင် ၎င်းတို့ တည်းခိုခန်း၌ လူသတ်မှုဖြစ်ပွားခဲ့ခြင်း မရှိဘဲ အလောင်းဖျောက်ရာတွင် ပါဝင်ကူညီပေးခဲ့သည်မှာလည်း မဟုတ်ကြောင်း ရဲများက ရိုက်နှက်နှိပ်စက်၍ မခံနိုင်သည့်အဆုံး၌ ရဲများပြောကြားသည့်အတိုင်း ဝန်ခံထွက်ချက် ပေးခဲ့ရခြင်းဖြစ်ကြောင်း ဒီအမှုနှင့် ပတ်သက်၍ ကိုယ်တိုင်ကျူးလွန်ခြင်း၊ ပါဝင်ပတ်သက်ခြင်း မရှိ၍ အပြစ်မရှိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ထို့အတူ ယခင်ရုံးချိန်း၌လည်း တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်က လူသတ်မှုကို ၎င်းအနေဖြင့် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ ရဲများက ရိုက်နှက်နှိပ်စက်ခဲ့၍ ဝန်ခံထွက်ချက်ပေးခဲ့ရခြင်းဖြစ်သည်ဟု ထွက်ဆိုထားသည်။ထို့အပြင် အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၄ ခုနှစ် ဇူလိုင် ၂၁ ရက်က အခန်းအမှတ် ၁၀၅ ၌ တည်းခိုနေသူသည် ည ၁၀ နာရီခန့်တွင် အခန်းသော့အား အပ်၍ အပြင်သို့ ထွက်သွားခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက်ခင်းရောက်မှသာ အခန်း ၁၀၅ ၌ သွေးများတွေ့သည်ဟု နေ့ပိုင်း တာဝန်ကျသူများက ပြောကြားသဖြင့် သိရှိခဲ့ရခြင်းဖြစ်ကြောင်း Waiter ခေါင်းဆောင် ကျော်မင်းဦးက တရားရုံး၌ ထွက်ဆိုခဲ့သည်။ ယင်းနောက် တရားရုံးမှ ဇန်နဝါရီ ၂၁ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုပေးခဲ့ပြီး ယင်းနေ့တွင် ကျော်မင်းဦးအား ဥပဒေအကြံပေးနှင့် တည်းခိုခန်းပိုင်ရှင် ဦးဌေးလှိုင်၏ ရှေ့နေမှ အပြန်အလှန် မေးခွန်းများ စစ်ဆေးမေးမြန်းသွားမည်ဖြစ်ပြီး ကျန်တရားစွဲခံထားရသူများကိုလည်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။“ဒီနေ့ သူတို့ဘက်က ထွက်ဆိုသွားတဲ့ ထွက်ချက်တွေက ရဲထံမှာ ထွက်ဆိုထားတဲ့ ကြိုတင်ထွက်ချက်တွေကို ဖျောက်ဖျက်ချင်တဲ့အတွက် ရဲတွေက နျှိပ်စက်လို့ ဝန်ခံထွက်ချက်ပေးခဲ့ရတာလို့ တရားရုံးမှာ ထွက်ဆိုနေတယ်လို့ မြင်ပါတယ်”ဟု တရားလိုဖြစ်သူ ကိုရန်နောင်ကျော်က ဇန်နဝါရီ ၁၄ ရက် ရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။အဆိုပါအမှုဖြစ်စဉ်အား စက်တင်ဘာ ၁၄ ရက်ရုံးချိန်းတွင် အနောက်ပိုင်းခရိုင် တရားရုံးမှ ကျူးလွန်သူ ဦးမောင်မောင်ကို လူသတ်မှု ပုဒ်မ ၃၀၂ (၂)၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ တို့ဖြင့် စွဲချက်တင်ခဲ့ပြီး အလောင်းအား အင်းလျားကန်သို့ သွားရောက် စွန့်ပစ်ဖျောက်ဖျက်ရာတွင် ပါဝင်ခဲ့သော တည်းခိုခန်းမှ ဝန်ထမ်းများဖြစ်သည့် ကျော်မင်းဦး၊ ကျော်ခန့်နှင့် ဇော်ဖြိုးအောင်တို့အား အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ဖြင့် စွဲချက်တင်ခဲ့ကာ အလောင်းဖျောက်ရန်အတွက် ညွှန်ကြားခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့သော တည်းခိုခန်းပိုင်ရှင်ဖြစ်သူ ဦးဌေးလှိုင်ကိုလည်း ပုဒ်မ၂၀၁/၁၁၄ ဖြင့်စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူသတ်အလောင်းဖျောက်မှုအား ကျူးလွန်ခဲ့ခြင်း မရှိဘဲ ရဲများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့်သာ ဝန်ခံထွက်ချက် ပေးခဲ့ရခြင်းဖြစ်သည်ဟု စိတ်ကူးသစ် တည်းခိုခန်းမန်နေဂျာနှင့် Waiter ခေါင်းဆောင်မှ တရားရုံး၌ ထွက်ဆို















