ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ဒေသတွင် မြေပြိုမှုကြောင့် ပိတ်ထားသော ကျောင်းများအား ယာယီ ကျောင်းဆောင်များဖြင့် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးရန် တောင်းဆိုသွားမည်

ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ဒေသတွင် မြေပြိုမှုကြောင့် ပိတ်ထားသော ကျောင်းများအား ယာယီ ကျောင်းဆောင်များဖြင့် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးရန် တောင်းဆိုသွားမည်
Published 11 January 2016
မခိုင်(လွိုင်ကော်)

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ဒေသတွင် မြေပြိုမှုကြောင့် ပိတ်ထားရသော ကျောင်းများအား ယာယီ ကျောင်းဆောင်များဖြင့် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးရန်အတွက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေသခံများနှင့် လူမှုရေး အဖွဲ့အစည်းများထံမှ သိရသည် ။
“ကျွန်တော်တို့က ကျောင်းပြန်ဖွင့်ဖို့ ပညာရေးမှူးအထိ အမြဲတမ်း တောင်းဆိုတယ်။ ဇန်နဝါရီ ၄ ရက်ကျတော့ ကျောင်းတွေလုံးဝပိတ်ဖို့ အမိန့်စာလာတယ်။ သူတို့စာထဲမှာ ကျောင်းပိတ်ဖို့ပဲ ညွှန်ကြားတယ်။ ယာယီကျောင်း အသစ်ပဲဖြစ်ဖြစ် ဖွင့်ပေးမယ်လို့ မပြောလာဘူးလေ။ ကလေးတွေက ဘောလုံးကွင်း နေရာမှာရှိတဲ့ ပစ္စည်းတွေနဲ့ ယာယီကျောင်းဆောက် သင်နေရတယ်။ စာမေးပွဲနီးခါဆို မော်ချီးက တအားပဲပူတယ်လေ။ ကလေးတွေဖျားနာမှာ စိုးရတယ်။ စာသင်ကျောင်းအားလုံးဆို ကလေး ၇၀၀ လောက်ရှိတာ။ တချို့က တခြားမြို့ရွာတွေ ပြောင်းသင်ကုန်ကြ ပြီး။ တချို့လည်း ယာယီကျောင်းတွေက ဝေးတော့ ကျောင်းထွက်လိုက်ကြတယ်”ဟု ၁၃ ကုန်းရပ်ကွက်ရှိ လူမှုရေးအဖွဲ့ခေါင်းဆောင် ကိုအာရုဏ်ဦးက ပြောကြားသည်။
ကျောင်းများလုံးဝပိတ်ရန် ညွှန်ကြားလာသော စာထဲတွင် အလက (ခွဲ) တောင်ပေါ် မော်ချီး၊ အမက (လိုခါးလိုကွက်သစ်)၊ အမက (၁၃) ကုန်းနှင့် အမက (၁၆) ကုန်းတို့ ပါဝင်ပြီး ပြောင်းရွေ့ဖွင့်လှစ်သွားရန် စီမံ ဆောင်ရွက်ပေးသွားမည်ဟု ပါဝင်ကြောင်း သိရသည်။
“စာထုတ်တာနဲ့ဆို အခုက တစ်ပတ်ပြည့်တော့မယ်။ အခုထိ ယာယီကျောင်း ကောင်းကောင်းလေး ဆောက်ဖို့ ဘာသံမှမသိရသေးဘူး။ ကိုယ့်ဒေသခံတွေ ဆောက်ထားတဲ့ ယာယီကျောင်းလည်း သူတို့မြင်တာပဲလေ။ ကလေးတွေ နေပူကျဲကျဲမှာ စာသင်နေရတာ။ တချို့ကျောင်းက ဆရာမတွေဆို ကလေးတွေကို ကျောင်းမှာ အဆင်မပြေလို့ အိမ်ခေါ်သင်ပေးတယ်။ အိမ်မှာကမှ လုံလုံခြုံခြုံ သင်ရသေးတယ်။ သားသမီးချင်း ကိုယ်ချင်းမစာတတ်ပါဘူး”ဟု တောင်ပေါ်ရပ်ကွက်နေ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
မော်ချီးရှိ စာသင်ကျောင်းများအား ပညာရှင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာတွင် မြေပြိုမှုအများဆုံး ဖြစ်ပေါ်နိုင်သည့် နေရာတွင် တည်ရှိနေသောကြောင့် ပိတ်သိမ်းခိုင်းရခြင်း ဖြစ်ကြောင်း၊ မြေပြိုမှုဖြစ်ပွားခဲ့သော နေရာများမှာလည်း မိုးရာသီတွင်အန္တရာယ် ဖြစ်ပေါ်နိုင်သောကြောင့် သတ္တုတူးဖော်ခြင်းနှင့် လူနေထိုင်ရန် မသင့်တော်ကြောင်းကို ပညာရှင်များမှ လာရောက် ပြောဆိုရှင်းပြသည်ဟု သိရသည်။ မော်ချီးသတ္တုတွင်း ဒေသတွင် ပြီးခဲ့သည့် ၂၀၁၅ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများဖြစ်ပေါ်ကာ လူ ၂၈ ဦးသေဆုံးပြီး အိမ်ခြေ ၆၀ ပျက်စီးကာ စာသင်ကျောင်းများအား ပြန်လည်ဖွင့်ခွင့် မရရှိသေးကြောင်း သိရသည်။

Most Read

Most Recent