ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန် ၆၂၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း ရရှိထားပြီး ရော်ဘာဈေး ဆက်တိုက် ကျဆင်းမှုကြောင့် ရငွေလျော့နည်း

ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန် ၆၂၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း ရရှိထားပြီး ရော်ဘာဈေး ဆက်တိုက် ကျဆင်းမှုကြောင့် ရငွေလျော့နည်း
Published 7 January 2016
ချမ်းမြေ့သူ

ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန်ချိန် ၆၂၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း ရရှိထားပြီး ရော်ဘာဈေး ကျဆင်းနေမှုကြောင့် ရငွေ လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာ ကုန်ကြမ်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ ရာတွင် လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၂၅ ရက်အထိ တန်ချိန် ၆၂၀၀၀ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်းကျော် ရရှိထားကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာမူ တန်ချိန် ၄၈၀၀၀ ကျော်ဖြစ်ပြီး ရငွေမှာ ဒေါ်လာ ၇၃ သန်းကျော် ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ တန်ချိန်အားဖြင့် ပိုမိုတင်ပို့မှု ပြုလုပ်ထား သော်လည်း ရငွေမှာ လျော့နည်းနေကြောင်း သိရသည်။
ရော်ဘာဈေးနှုန်းမှာ နိုင်ငံတကာရော်ဘာဈေး ကျဆင်းနေမှုကြောင့် ပြည်တွင်း၌လည်း လိုက်ပါကျဆင်းနေပြီး ခြံရှင်များအနေဖြင့် ထုတ်လုပ်မှုစရိတ်အောက် ရောက်ရှိမည့် အနေအထား ဖြစ်ပေါ်နေကြောင်း သိရသည်။
ရော်ဘာဈေးနှုန်းမှာ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစ၍ ဈေးနှုန်း ကျဆင်းမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကာ နိုင်ငံတကာဈေးကွက်တွင်ပင် ဈေးနှုန်းကျဆင်းနေခြင်း ဖြစ်သည့်အ တွက် ပြည်တွင်း၌လည်း အကျဈေး ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဝယ်ဒိုင်များက ခြံငယ်များမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို အရည်အသွေးပေါ် မူတည်၍ ဈေးဖြတ် ဝယ်ယူမှုများ ပြုလုပ်ကြကြောင်း သိရသည်။
၂၀၁၅ ခုနှစ် မတ်လအတွင်းကလည်း ပြည်တွင်းရော်ဘာဈေးနှုန်း ကျဆင်းမှု ကြောင့် ထုတ်လုပ်မှုစရိတ်ပင် မကာမိသဖြင့် ရော်ဘာခြံငယ်ရာခိုင်နှုန်း ၃၀ ကျော် လုပ်ငန်း ရပ်နားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းဖြင့် တင်ပို့မှုအပြင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဖြင့်လည်း တင်ပို့မှု ပြုလုပ်လျက်ရှိပြီး ရော်ဘာကုန်ကြမ်း များကို အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းစသည့် နိုင်ငံများသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြင့်လည်း  တင်ပို့မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာကုန်ကြမ်းတန်ချိန် ၇၂၅၀၀ တင်ပို့မှုမှ ဒေါ်လာ ၁၁၂ သန်းနီးပါးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent