အစိုးရသစ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို စောင့်နေဟု KIO/KIA အလုပ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

အစိုးရသစ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို စောင့်နေဟု KIO/KIA အလုပ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား
Published 5 January 2016
အောင်ဇော်ထွန်း

အစိုးရသစ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို စောင့်နေသည်ဟု ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA အလုပ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဇန်နဝါရီ  ၅ ရက်တွင် ပြောကြားသည်။
အစိုးရနှင့် KIO/KIA တို့အကြား တိုက်ပွဲလျှော့ချရေး ကိစ္စများ အပါအဝင် နှစ်ဖက်အကြား ပဋိပက္ခများ မဖြစ်ပွားရေး ညှိနှိုင်းရန် ဖွဲ့စည်းထားသော နှစ်ဖက်ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့၏ ဆွေးနွေးမှုများသည် လက်တွေ့ အကောင်အထည် မဖော်နိုင်ဘဲ  အစိုးရတပ်မတော်နှင့် KIA တပ်တို့အကြား ထိတွေ့ပစ်ခတ်မှုများ၊ စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။
ထို့ပြင် လစဉ် ပုံမှန်တွေ့ဆုံရန် သတ်မှတ်ထားသည့် ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့် ကေအိုင်အို ကိုယ်စားလှယ်များ ပါဝင်သည့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့အနေဖြင့်လည်း လစဉ်တွေ့ဆုံမှု မပြုလုပ်နိုင်သည်မှာလည်း ကြာမြင့်နေပြီ ဖြစ်သည်။
ဦးဒေါင်ခါးက "ဒီကြားထဲမှာတော့ ရှိမယ်မထင်ပါဘူး။ နောက်တက်လာမယ့် အစိုးရ လက်ထက်မှာမှ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းနဲ့ မူဝါဒတွေကို ဘယ်လို ချမှတ်မယ်ဆိုတဲ့ဟာလဲ မူတည်ပါ တယ်"ဟု ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆက်လက် ဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်ပြီး ဦးဒေါင်ခါးက "ကျွန်တော်တို့လည်း စောင့်နေတယ်။ ကျွန်တော်တို့ဘက်ကပဲ တစ်ဖက်သတ် ပြောလို့မရဘူး။ အခုတက်လာမယ့် အစိုးရရဲ့ လမ်းကြောင်းက သူ့အနေနဲ့ ကောင်းကောင်းနဲ့ ရှင်းရှင်းလင်းလင်း ပြင်ဆင်ပြီးတော့ပဲ လက်ကမ်းကြိုဆိုမှုတွေ ဖိတ်ခေါ်မှုတွေ လုပ်ရမှာမို့လို့ သူတို့ရဲ့ အနေအထားကို ကျွန်တော်တို့ စောင့်ရဦးမှာ ဖြစ်ပါတယ်"ဟု ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရရှိရေး ညှိနှိုင်းရာတွင် KIO/KIA ခေါင်းဆောင်များအနေဖြင့် ဦးဆောင်သည့် ကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ပြု လုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုးမှုတွင် KIO/KIA အဖွဲ့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်ခြင်းမရှိဘဲ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့သာ NCA တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။
NCA တွင် KIO/KIA ပါဝင် လက်မှတ် မရေးထိုးခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တောင်းဆိုထားသည့် လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် အပြီးသတ် ဆွေးနွေးနိုင်ခြင်း မရှိသေးသောကြောင့်  KIO အဖွဲ့က လတ်တလောတွင် ပါဝင် လက်မှတ်မရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ KIO အဖွဲ့အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးလိုကြောင်း KIO/KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပြောကြားထားသည်။
အစိုးရတပ်မတော်နှင့် KIO/KIA တို့သည် ၂၀၁၁ ခုနှစ်မှစတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ လေးနှစ်ကျော်တွင်း တိုက်ပွဲပေါင်း ၁၅၀၀ ကျော်ရှိခဲ့ပြီး နှစ်ဖက်တပ်သား အများအပြား သေဆုံး၊ ဒဏ်ရာရ ရှိခဲ့ကြကာ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ တစ်သိန်းကျော် ဒုက္ခသည် စခန်းများတွင် နေထိုင်ခဲ့ကြရကြောင်း သိရသည်။
နောင်တက်လာမည့် အစိုးရ၏ ပထမဆုံး တာဝန်တစ်ခုမှာ ငြိမ်းချမ်းရေး တည်ဆောက်ရန်ဖြစ်ကြောင်း၊ ထိရောက်သည့် ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ခု ကျင်းပပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အားလုံးပါဝင်လာအောင် လုပ်ဆောင်ရမည် ဖြစ်သည်ဟု ဇန်နဝါရီ ၄ ရက်က ရန်ကုန်မြို့ NLD ရုံးချုပ်၌ ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က "နောက်တက်လာမယ့် အစိုးရရဲ့ပထမဦးဆုံး တာဝန်တစ်ခုကတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲဖြစ်တယ်။ တကယ့်ထိရောက်တဲ့ ငြိမ်းချမ်းရေး ညီလာခံတစ်ခုကြီး ကျင်းပပြီးတော့ အခုလက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပိုမိုပြီးတော့ အားလုံးပါဝင်လာနိုင်အောင်လို့ ကျွန်မတို့ လုပ်ရမယ်။ လုပ်ပြီးတော့ နောက်နောင်လို့ပဲ ပြောရမှာပဲ။ ဘာလို့လဲဆို အခုအချိန်မှာ ကျွန်မတို့နိုင်ငံဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောလို့မရတော့ နောင်ဖြစ်ပေါ်လာမယ့် စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အမြန်ဆုံး ဆောက်တည်နိုင်ဖို့အတွက် ကျွန်မတို့ အားလုံး ကြိုးစားရမယ်။ ကြိုးစားမယ့် နေရာမှာ ပြည်သူတွေ အားလုံးပါရမယ်။ တပ်မတော်ပါရမယ်။ တိုင်းရင်းသား အသီးသီး ပါရမယ်"ဟု ပြောကြားသည်။
NCA  လက်မှတ်မထိုးရသေးသည့်အဖွဲ့အစည်းများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- ကိုးကန့် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ 'ဝ' အမျိုးသားအဖွဲ့ချုပ်(WNO)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့- မိုင်းလား (NDAA)နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) တို့ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ထိုးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် ရှိမည်ဆိုသည်ကို နောင်အစိုးရကလည်း ဆက်လက် မကျင့်သုံးမည်ဟု ယူဆကြောင်း NCA လက်မှတ်ရေး ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားထားသည်။
နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ရာ NCA လက်မှတ်မထိုးထားသည့် အဖွဲ့ ၁၃ ဖွဲ့ အနက် ၁၁ ဖွဲ့ကို အထူး ဖိတ်ကြားသူအဖြစ် ဖိတ်ကြားမည်ဖြစ်သည်။ 

Most Read

Most Recent