သူငယ်ချင်းယောကျ်ားလေးနှစ်ဦး မိန်းကလေးသူငယ်ချင်းနှင့် ပတ်သက်ပြီး ဓာတ်ဆီနှင့်ပက်၍ မီးရှို့မှု ပုသိမ်မြို့တွင် ဖြစ်ပွား

သူငယ်ချင်းယောကျ်ားလေးနှစ်ဦး မိန်းကလေးသူငယ်ချင်းနှင့် ပတ်သက်ပြီး ဓာတ်ဆီနှင့်ပက်၍ မီးရှို့မှု ပုသိမ်မြို့တွင် ဖြစ်ပွား
Published 3 January 2016
နီလာစိုး (ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၃) နယ်မြေတွင် အတူနေသည့် ယောကျ်ားလေးသူငယ်ချင်းဖြစ်သူ ဝေဖြိုးပိုင်က အေးမင်းသိန်းအား မိန်းကလေးသူငယ်ချင်းနှင့် ပတ်သက်ပြီး ဓာတ်ဆီနှင့်ပက်၍ မီးရှို့မှု ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ အတူနေသူငယ်ချင်းနှစ်ဦးသည် ပုသိမ်မြို့ အမှတ် (၃) ကန်သာယာ(၂)လမ်း ထိပ်ရှိ ကန်ကြီးထောင့်မြို့နယ်မှ ဦးစိမ်းရင်၏ အိမ်ကိုငှား၍ God of War ဂိမ်းဆိုင် စပ်တူ ဖွင့်ထားသည်မှာ ခြောက်နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ ထိုသို့ဂိမ်းဆိုင် မဖွင့်မီ ပုသိမ်တက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံ ဘာသာရပ်ဖြင့် ကျောင်းတက်စဉ်က စတင်သိ ကျွမ်းခဲ့ပြီး မီးရှို့ခံရသည့် အေးမင်းသိန်း၏ အဆောင်တွင် ထိုစဉ်ကပင် အတူလိုက်နေခဲ့ကြောင်း အေးမင်းသိန်း၏ မိသားစုများထံမှ သိရသည်။" ဒီလိုအခင်းဖြစ်ပွားခဲ့တဲ့ ကောင်လေးနှစ်ယောက်က သီးသန့်ငှားရမ်းပြီး ဂိမ်းဆိုင်ဖွင့်ထားတာ။ အဲဒီမှာပဲနေတယ်။ စီးပွားလည်းတူတယ်။ အတူတူနေ ယောကျ်ားလေးသူငယ်ချင်းပေါ့။ အေးမင်းသိန်းက သူ့ရည်းစားနဲ့ ဈေးဝယ်သွားတာ။ ကြာနေတာ စိတ်ဆိုးပြီး ကြို တင်ကြံစည်ထားပုံရတယ်။ ဓာတ်ဆီဝယ်ထားတယ်။ မီးခြစ်ကိုင်ထားတယ်။ ဆိုင်ထဲမှာလည်း ခွဲထားတဲ့ ပုလင်းတွေရှိနေတယ်။ မီးလောင်လို့ မိဘအိမ်ပြေးတာတောင် လိုက်ရှို့နေသေးတယ်။ အရှို့ခံရတဲ့ကောင်လေးအစ်ကိုက လှမ်းဆွဲထားရတယ်" ဟု အခင်းဖြစ်ပွားသည့် ကန်သာယာ(၂)လမ်းမှ နယ်မြေမှူး ဦးလှငွေက ပြောကြားသည်။၂၀၁၃ ခုနှစ်ကလည်း ယခုမီးရှို့ခဲ့သူက အေးမင်းသိန်းအား နီးစပ်ရာတုတ်ဖြင့် ရိုက်ခဲ့သောကြောင့် ခေါင်းကွဲကာ သုံးလေးချက်ချုပ်ခဲ့ရသော်လည်း အမှုမဖွင့်ကြောင်း၊ သံယောဇဉ် အလွန်ကြီးကြောင်း ကန်သာယာ(၂)လမ်းမှ နယ်မြေမှူး  ဦးလှငွေက ဆက်လက်ပြောကြားသည်။"ကျွန်တော့်ညီမှာ အပေါင်းအသင်း ယောကျ်ားလေး မိန်းကလေး အများကြီးရှိတယ်။ သူနဲ့ဆုံပြီးတော့ တခြားသူငယ်ချင်းတွေနဲ့ တွဲတာမကြိုက်လို့ ကျွန်တော့်ညီကလည်း တခြားသူငယ်ချင်းတွေ အပြတ်ခံတယ်။ သူနဲ့တော့မခွဲဘူး။ တော်တော် သံယောဇဉ်ကြီးတယ်။ သူငယ်ချင်းကောင်မလေးလာလည်တာကို ပြန်ဖို့ ကားဂိတ်အပို့မှာ ကားကထွက်သွားတော့ ပြန်ပါလာတာကို စိတ်ဆိုးပြီးခုလို  လုပ်လိုက်တာ။ ကျွန်တော့်ညီကလည်း ခုလိုဖြစ်နေတာတောင်မှ သူကို ဘာမှမလုပ်ပါနဲ့ တဖွဖွပြောနေတော့ သူ့ဆန္ဒအတိုင်းပေါ့" ဟု မီးရှို့ခံရသည့် အေးမင်းသိန်း၏ အစ်ကိုက ပြောကြားသည်။မီးရှို့ခံရသူ အေးမင်းသိန်းမှာ ခါးနှင့် ကျောပြင်၊ ယာလက်ကောက်ဝတ်နှင့် ဝဲလက်မှ လက်ချောင်းများ မီးလောင်ဒဏ်ရာရရှိထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊   မီးရှို့ခံရသူ အေးမင်းသိန်း၏မိခင် ဒေါ်ညွန့်စိန်က ဝေဖြိုးပိုင်အား ပုသိမ်မြို့မရဲစခန်းတွင် တရားလိုပြု အမှုဖွင့်တိုင်တန်းခဲ့ပြီး အမှုအမှတ် (၃/၂၀၁၆) ပုဒ်မ  ၃၂၆ ဖြင့် အာမခံမရရှိသောကြောင့် အချုပ်ဖြင့် စစ်ဆေးဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။       

Most Read

Most Recent