BBC Burmese သတင်းဌာန၏ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူသင့်သလား ဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သူ များပြား

BBC Burmese သတင်းဌာန၏ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူသင့်သလား ဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သူ များပြား
Published 10 December 2015

BBC Burmese သတင်းဌာန၏ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူသင့်သလား ဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူ များပြားလျက်ရှိကြောင်း သိရသည်။အဆိုပါ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူ သင့်သလား ခေါင်းစဉ်ဖြင့် ဆွေးနွေးလိုသူများအား BBC Burmese သတင်းဌာန၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဒီဇင်ဘာ ၁၀ ရက်က ရေးသားဖိတ်ခေါ်ထားပြီး ယင်းအစီအစဉ်အား ဒီဇင်ဘာ ၁၂ ရက်ည ရေဒီယိုအစီအစဉ်တွင် ဆွေးနွေးကြမည် ဖြစ်ကာ ပါဝင်ဆွေးနွေးလိုသူများ အနေဖြင့် BBC Burmese သတင်းဌာနသို့ ကြိုတင် ဆက်သွယ်ကြရန် ကြေညာထားမှုအပေါ် အွန်လိုင်းအသုံးပြုသူများက အစီအစဉ်အား မပြုလုပ်ရန် ကန့်ကွက် ရေးသားထားကြသည်။ယင်းအစီအစဉ်အား ကြေညာထားသည့် BBC Burmese သတင်းဌာန၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဒီဇင်ဘာ ၁၀ ရက် ညနေအချိန်အထိ အွန်လိုင်း အသုံးပြုသူ ဖေ့စ်ဘွတ်အကောင့် တစ်ထောင်ကျော်ခန့်က မှတ်ချက်များ ရေးသားထားကြပြီး အများစုမှာ အဆိုပါ အစီအစဉ်အား ပြုလုပ်ခြင်းမပြုရန် ကန့်ကွက်ထားကြသည်။ ဒီဇင်ဘာ ၁၁ ရက်တွင် မှတ်ချက်ရေးသားသူ ၂၀၀၀ ကျော်ရှိခဲ့ပါသည်။
ထိုသို့ မှတ်ချက်ပြု ကန့်ကွက်သူများထဲတွင် Wai Yan အမည်ဖြင့် အသုံးပြုသော အကောင့်ပိုင်ရှင်က “ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဒီလောက် ရေပက်မဝင်အောင် ပြောနေ၊  ပြည်သူတွေကလည်း လူထုခေါင်းဆောင် ပြောတဲ့အတိုင်း အာဏာလွှဲပြောင်းရေး သုံးလအတွင်းမှာ တိတ်တိတ်ဆိတ်ဆိတ် နေနေတာကို BBC က တမင်ပွဲ မဆူဆူအောင် ဒီပွဲကို လုပ်တယ်လို့ပဲ မြင်တယ်”ဟု ကန့်ကွက် ရေးသားထားသည်။
Wai Yan အမည်ဖြင့် အသုံးပြုသော အကောင့်ပိုင်ရှင်၏ ကန့်ကွက် ရေးသားမှုအပေါ် ထပ်ဆင့် ထောက်ခံ ရေးသားသူများကလည်း အဆိုပါအစီအစဉ်အား ဖျက်သိမ်းရန် ရေးသားကြသည်။
ခံစားချက်ဆိုတာ ပြည်သူတွေမှာ ရှိပါတယ်။ ယခုလိုအချိန်ကာလသည် အင်မတန်မှ အရေးကြီးသော ကာလတစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာမှ အရပ်သားအစိုးရ ဖြစ်လာရန် အခွင့်အလမ်း ဖြစ်ပါတယ်။ ဒီမိုကရေစီ စံနှုန်းများနဲ့ ညီညွတ်မျှတတဲ့ အရပ်သားဖြစ်ဖို့ဆိုတာ ဖြစ်ချင်တာထက် လုပ်သင့်လုပ်ထိုက်တာတွေ ဦးစားပေး လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ မြန်မာ့နန်းတွင်း ရာဇဝင်မှာ လက်စားချေမှုများကြောင့် သွေးစွန်းခဲ့ကြတာ အကျည်းတန်လွန်းအား ကြီးပါတယ်။ အပြန်ပြန် အလှန်လှန် လက်စားချေနေကြတာကြောင့် တိုင်းပြည်ဟာ ခေတ်နောက်ကျ ကျန်ရစ်ပြီး သူ့ကျွန်ဘဝကို ကျရောက်ခဲ့တာပဲ ရှိပါတယ်။ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံး ထောင်ကျအမျိုးမျိုး ဒုက္ခရောက်ခဲ့ကြသူတွေလည်း များခဲ့ပါတယ်။ သူတို့ကို ဂုဏ်ပြုခြင်းဟာ နောက်နောင် အလားတူ အခြေအနေ ပြန်မရောက်အောင် ပြည်သူအများ ကိုယ်စားပြုတဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် ဖြစ်လာရေးကို ဝိုင်းဝန်း ဆောင် ရွက်ကြဖို့ အကြံပြုလိုပါတယ်”ဟု Aung Zaw အမည်ဖြင့် အသုံးပြုသော အကောင့်ပိုင်ရှင်က ရေးသားထားသည်။         
ထို့အတူ Ko Ko Aung အမည်ဖြင့် အသုံးပြုသော အကောင့်ပိုင်ရှင်က “အတိတ်က ဖြစ်ပျက်ခဲ့တာတွေဟာ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိ ဖြစ်ပေါ်လာတဲ့ အချိန်တွေကိုပဲ ဘယ်လိုကောင်းအောင် လုပ်ရမလဲဆိုတာ ဆွေးနွေးသင့်တယ်ဆိုတာ BBC ကသူတွေ နားလည်ကြပါ ခေါင်းစဉ်ပြန်ပြောင်း ဆွေးနွေးသင့်ပါတယ်”ဟု ရေးသား ကန့်ကွက်ထားသည်။
ထို့ပြင် Nyi Nyi အမည်ဖြင့် အသုံးပြုသော အကောင့်ပိုင်ရှင်ကလည်း အာဏာရှင်စနစ်၏ သားကောင် ဖြစ်ခဲ့ရသည့်အတွက် အဆိုပါစနစ်၏ လက်သည် တရားခံများကို အရိုးထဲ အသားထဲမှ မုန်းကြောင်း၊ သို့သော်လည်း လက်ရှိအချိန်တွင် အတိတ်ကို ဖက်တွယ်ပြီး ခါးသီးခဲ့ရသည်များကို ပြန်လည် တူးဆွမည့်အစား အနာဂတ်ကို မည်သို့ တည်ဆောက် ကြမည်ကို လက်တွေ့ကျသည့် အရာများကိုသာ ဆွေးနွေးသင့်ပြီး ဆွေးနွေးပွဲအား ကန့်ကွက်ကြောင်း မှတ်ချက်ပြု ရေးသားထားသည်။
“လွတ်လပ်အတွေး ဆွေးနွေးဖလှယ်ပွဲကို တိုင်းပြည်အတွက် ပြည်သူ ၅၂ သန်း အာဃာတ တရားတွေ ပြန်ပြီးမဆောင်ရွက်သင့်ဘူး။ ရင်ကြားစေ့ရေးပဲ ပြုလုပ်ရမည်။ အကယ်၍ BBC ဆောင်ရွက်သည့် ဆွေးနွေးသူနှင့် ဆောင်ရွက်သူတို့ကို တာဝန်ယူ တာဝန်ခံမှူးပဲဖြစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒ ရင်ကြားစေ့ရေးကို ပြည်သူများက လက်ခံပါတယ်။ ဒါကြောင့် BBC တင်ဆက်သူနှင့် ဆွေးနွေးသူတို့ကို နောက်ပြန် ဖန်တီး လှုံ့ဆော်လျှင် တရားခံအဖြစ် တာဝန်ယူရမည် သတိ”ဟု Chitmin Thu  အမည်ဖြင့် အသုံးပြုသော အကောင့်ပိုင်ရှင်က ရေးသားထားသည်။
အဆိုပါခေါင်းစဉ်ဖြင့် ဆွေးနွေးမှု ပြုလုပ်ခြင်းကြောင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကဲ့သို့ တစ်ကျော့ပြန် ဖြစ်မည်ကိုစိုးရိမ်သဖြင့် ဆွေးနွေးပွဲအား ကန့်ကွက်သည့် မှတ်ချက်ပြုသူများလည်း ပါဝင်သည်။
Myintzaw Zaw အမည်ဖြင့် အသုံးပြုသော အကောင့်ပိုင်ရှင်က “သမိုင်းကြောင်း ပြန်ကြည့်ရင်ကို  တိုင်းပြည်ကို ဒီလိုပဲ မလွတ်မလပ် ဖြစ်စေချင်တဲ့ နိုင်ငံတွေ အများကြီး။ကိုတို့ ဒီလို ဆင်းရဲတာကို နောက်ကျ ကျန်တာကို အကြောင်းပြုပြီး လုပ်စားနေတဲ့ လုပ်စားသွားတဲ့ နိုင်ငံတွေလည်း ထုနဲ့အထည်နဲ့။ ဒါကို တကယ် နိုင်ငံရေး အသိ နိုင်ငံရေးသတိ ရှိဖို့ ကျွန်တော်တို့အားလုံးမှာ အင်မတန်လိုတယ်။ အမြင်ကျယ်ပါ။ အရှည်ကြည့်ပါ။ စာဖတ်ပါ။ ကိုယ့်သမိုင်းကို သိအောင်လုပ်ပါ။ ကိုယ့်သမိုင်းဆိုလို့ ဗိုလ်ချုပ်တို့လုပ်ကြံခံဖို့ ဘယ်သူတွေ နောက်ကွယ်က ပါခဲ့လဲဆိုတာလည်း လေ့လာပါ။ ကိုယ်ကျိုးမရှိဘဲ ဘယ်နိုင်ငံဘယ်လုပ်ငန်းမှ မြန်မာပြည်ကို ချစ်လှပါချည့်ရဲ့ဆိုပြီး လာတာ မဟုတ်ဘူး။ ဒါကို နားလည်ထားပြီး ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံး  ဘယ်လိုလုပ်ကိုင်မလဲဆိုတာ စဉ်းစားတတ်ဖို့လိုတယ်။ အဲဒီအတွက်လည်း တိုင်းပြည်ချစ်တဲ့ ပညာတတ်များများ ရှိဖို့လိုအပ်ပါတယ်”ဟု ရေးသားထားသည်။
အလားတူ အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အာဏာ မလွှဲပြောင်းမီ ယခုကဲ့သို့ ခေါင်းစဉ်မျိုးဖြင့် ဆွေးနွေးရန် မသင့်ကြောင်း ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
“အာဏာ မလွှဲရသေးဘူးဆိုတော့ အပိုင်းကျတော့ ဟိုပြော၊ ဒီပြော၊ ဟိုဆွေးနွေး၊ ဒီဆွေးနွေးနဲ့ ဘာဖြစ်လာနိုင်သလဲဆိုတာ ပြောလို့မရဘူး။ ကိုယ့်တစ်ယောက်တည်း အမြင်ကတော့ မလုပ်သင့်သေးဘူးလို့ထင်တယ်”ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက်က ထုတ်လွှင့်သော ‘ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်’အစီအစဉ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနှင့် တွေ့ဆုံမှုမှ မည်ကဲ့သို့သော အကျိုးများ ရခဲ့သည်သိရှိလိုကြောင်း မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံ့အကျိုးအတွက် သဘောတူညီမှု ယူနိုင်တယ်ဆိုတာ ဒါကြီးမားတဲ့ အကျိုးပဲလို့ ပြောတာပါ”ဟု ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ ဦးသန်းရွှေ၏ နေအိမ်တွင် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးချိန် နှစ်နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent