ရန်ကုန်မြို့၌ တည်ဆောက်ခဲ့ပြီးသော ခုံးကျော်တံတားများဆိုင်ရာ ပြည်သူ့ဘဏ္ဍာငွေစာရင်းရှင်းတမ်းများကို ယခုအစိုးရ သက်တမ်းမကုန်မီ အသေးစိတ်ထုတ်ပြန်ကြေညာပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအား ဒီဇင်ဘာ ၂ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ဆွေးနွေးရာ ယင်းအဆိုကို အတည်မပြုသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။ရန်ကုန်မြို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဒေါ်လာ ၄၅ သန်း ပေးအပ်ရန် စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း ဘဏ္ဍာရေးစည်းမျဉ်းအရ မော်တော်ယာဉ်တင်သွင်းမှုများမှ ရရှိသည့်အခွန်ငွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်ရိုက်ပေးခွင့်မရှိဘဲ ဘဏ္ဍာရေးဝန်ကြီးဌာနသို့သာ အပ်နှံပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ ဘဏ္ဍာရန်ပုံငွေ ခွဲဝေပေးခဲ့ကြောင်း၊ လှည်းတန်းခုံးကျော်တံတားအား ၁၄ ဒသမ ၄၈၇ ဘီလျံဖြင့် ရွှေတောင်ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားကို ငွေကျပ် ၂၆ ဒသမ ၆၂၆ ဘီလျံဖြင့် FMI ကုမ္ပဏီ၊ ရွှေဂုံတိုင်ခုံးကျော်တံတားကိုမူ ငွေကျပ် ၁၇ ဒသမ ၄၄၁ ဘီလျံဖြင့် Capital Development ကုမ္ပဏီသို့ တာဝန်ပေး ဆောက်လုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။မြေနီကုန်း ခုံးကျော်တံတားအတွက် တင်ဒါကိုလည်း ငွေကျပ် ၁၅ ဒသမ ၉၇၁ ဘီလျံဖြင့် အောင်မြင်ခဲ့ကြောင်း၊ လှည်တန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ မြေနီကုန်းခုံးကျော် တံတားလေးစင်း၏ စုစုပေါင်းခွင့်ပြု ဘဏ္ဍာရန်ပုံငွေမှာ ၇၄ ဒသမ ၅၂၅ ဘီလျံဖြစ်ပြီး ယင်းထက်ကျော်လွန်၍ ထပ်မံခွင့်ပြုမည်လည်း မဟုတ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ စိစစ်ဖြတ်တောက်တန်ဖိုးနှင့် စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းမှုများကိုသာ သက်ဆိုင်ရာကုမ္ပဏီများက ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ဆိုသည်။ရွှေဂုံတိုင်ခုံးကျော်တံတားအတွက် ထပ်တိုးဆောင်ရွက်ခြင်းလုပ်ငန်း ကျပ် ၃၄၃၀ သန်းရှိကြောင်း တံတားတည်ဆောက်သည့် Capital Development ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြထားကြောင်း၊ မြေနီကုန်း ခုံးကျော်တံတားအတွက် တည်ဆောက်ခြင်းဆိုင်ရာ ငွေစာရင်းများကို Capital Development က ဒီဇင်ဘာ ၁ ရက်က ယင်းစိစစ်ရေးကော်မတီသို့ တင်ပြထားကြောင်း၊ လှည်းတန်းခုံးကျော်တံတားအား ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံဖြင့် တည်ဆောက်ခဲ့ရာ မူလတွက်ချက်မှုတွင် မပါသည့် မြေအောက်တယ်လီဖုန်းလိုင်းများ ဖယ်ရှားခြင်း၊ မြေအောက်ရေပိုက်လိုင်းများရွှေ့ပြောင်းခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရသည့်အတွက် ရွှေတောင်ကုမ္ပဏီအနေဖြင့် အကျိုးအမြတ်မရရှိခဲ့ကြောင်း စုံစမ်းသိရသည်ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ဆိုသည်။ ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့သော ခုံးကျော်တံတားများ၏ လုပ်ငန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ကြီးကြပ်ရန်နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတို့က စနစ်တကျ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးလျက်ရှိပြီး စိစစ်ဆဲ ရွှေဂုံတိုင်ခုံးကျော်တံတားနှင့် မြေနီကုန်း ခုံးကျော်တံတားများအတွက် စာရင်းစစ်အစီရင်ခံစာမှာလည်း စိစစ်ပြီးသည့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်၍ ယခုတင်သွင်းသည့်အဆိုအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်မပြုသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တော နှင့်စွမ်းအင်ဝန်ကြီးက ပြောကြားသည်။“ယခုလိုအတိုက်အခံ အမတ်တစ် ယောက်က တင်သွင်းတဲ့အဆိုကို ကိုယ်စား မားမားမတ်မတ် အစိုးရရဲ့ရှေ့ကနေ ထိုးနှက်ကြမယ်ဆိုရင် လာမဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သက်တမ်းရဲ့ ရှေ့ရေးအတွက် အင်မတန် ရင်လေးမိပါတယ်။ ကျွန်မက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တာဝန်ယူမှုရှိတဲ့အစိုးရ၊ တာဝန်ခံမှုရှိတဲ့ အစိုးရ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရ ဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ နမူနာကောင်းတွေ ထားခဲ့စေချင်လို့ ဒီအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်”ဟုအဆိုတင်သွင်းသူ ဒေါက်တာညိုညိုသင်းက လွှတ်တော်တွင်ပြန်လည် ပြောကြားသည်။ ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူလွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးခန့်သာရှိ၍ အဆိုရှုံးနိမ့်ခဲ့ရသည်။ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ တည်ဆောက်ခဲ့ပြီးဖြစ်သော ဘုရင့်နောင် ခုံးကျော်တံတားစီမံကိန်းတွင် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည့် ငွေကျပ် ၄၀၂ ဒသမ ၉၅၉ သန်းနှင့် လှည်းတန်းခုံးကျော်တံတားအတွက် ၉၃ ဒသမ ၃၈၁ ဘီလျံဖြစ်ပေါ်ခဲ့၍ ပြန်လည်ပေးသွင်းခဲ့ရကြောင်း သိရသည်။
ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီးခဲ့သော ခုံးကျော်တံတားများဆိုင်ရာ ပြည်သူ့ဘဏ္ဍာငွေ စာရင်းရှင်းတမ်းများကို ယခုအစိုးရသက်တမ်း မကုန်မီ အသေးစိတ် ထုတ်ပြန်ကြေညာပေးရန် အဆိုအား အတည်မပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်တွင် ပြောကြား















