မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ခန့်အပ်ရန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel အား သမ္မတအိုဘားမား ရွေးချယ်ထား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ခန့်အပ်ရန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel အား သမ္မတအိုဘားမား ရွေးချယ်ထား
Published 3 December 2015
ငြိမ်းကို

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ခန့်အပ်ရန် အမေရိကန်သမ္မတ အိုဘားမား ရွေးချယ်ထားသည့် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Scot Marciel  နှင့်ဒေါက်တာ သန်းထွဋ်အောင် (CEO , Eleven Media Group) တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက တွေ့ဆုံခဲ့ကြမှုနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ တရားဝင် Twitter တွင် ဖော်ပြထားစဉ်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ခန့်အပ်ရန်  ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Scot  Marciel အား သမ္မတအိုဘားမားက ရွေးချယ်ထားကြောင်း သတင်းရရှိသည်။အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ၂၀၁၀ ခုနှစ်မှ ၂၀၁၃ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် Mr.Scot  Marciel သည် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်သစ်အဖြစ် တရားဝင်ခန့်အပ်ခွင့်ရရန်အတွက် အမေရိကန် ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် ဒီဇင်ဘာ ၂ ရက်က ကြားနာမှုပြုလုပ်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလက သမိုင်းဝင်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍ သိသိသာသာ ပြောင်းလဲဖွယ်မမြင်ကြောင်း Mr. Scot  Marciel က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။“ကျွန်တော့်အနေနဲ့ ဘာမှ မမျှော်လင့်သလို၊ ပြောင်းလဲပေးဖို့အတွက်လည်း ဘာမှ ထောက်ခံပေးစရာ မရှိပါဘူး”ဟု Mr.Scot  Marciel  က ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီကြားနာမှုတွင် ပြောကြားသည်။သို့ရာတွင် ၎င်းက ပိတ်ဆို့အရေးယူမှုစနစ်သည် ရည်မှန်းမျှော်လင့်ထားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် အထောက်အကူဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ခန့်အပ်ခြင်းမှာ သမ္မတ အိုဘားမား ဦးဆောင်သည့် ဝါရှင်တန်အစိုးရ အနေဖြင့် အာရှတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ကြီးမားလာခြင်းကို တန်ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ်  မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်၍ ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်များ ရယူရန် ရည်ရွယ်ကြောင်း Reuters သတင်းဌာနက သုံးသပ်ဖော်ပြခဲ့သည်။သမ္မတအိုဘားမားအနေဖြင့် Mr.Scot  Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ခန့်အပ်ရန် အောက်တိုဘာလကတည်းက ရွေးချယ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင်  ၎င်းအနေဖြင့် တရားဝင်ခန့်အပ်မှုရရှိရန်အတွက် နိုင်ငံခြားဆက်ဆံရေး အကြံဉာဏ်ပေးမှုများကို ဆီးနိတ်ကော်မတီတွင် ကြားနာမှုပြုလုပ်ရမည်ဖြစ်ပြီး လုံလောက်သည့် ထောက်ခံမဲရရှိရန် လိုအပ်ကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်က ၂၀၁၂ ခုနှစ် ဇွန်လကတည်းက တာဝန်ယူထားခဲ့ပြီး ၎င်း၏ တာဝန်သည် မကြာမီကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။              

Most Read

Most Recent