ရန်ကုန်စာတိုက်ကြီးမှ အွန်လိုင်းဈေးဆိုင်များနှင့် ချိတ်ဆက်၍ မှာယူသည့် ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ရန်ကုန်စာတိုက်ကြီးမှ သိရသည်။လက်ရှိတွင် အွန်လိုင်းရှော့ပင်း လုပ်ကိုင်နေသည့် လုပ်ငန်းကိုးခုနှင့် ချိတ်ဆက် လုပ်ဆောင်နေပြီး မှာယူထားသည့် ပစ္စည်းများကို ရန်ကုန်စာတိုက်ကြီးတွင် စောင့်ဆိုင်းနေရ မလိုဘဲ အိမ်တိုင်ရာရောက် ပို့ဆောင်ပေး သွားမည်ဖြစ်ပြီး delivery နှုန်းထားများကိုလည်း ယခင်နှုန်းများအတိုင်းသာ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။“ဝန်ဆောင်မှုကတော့ အခုပေးနေပါပြီ။ ဒါပေမဲ့ အတိအကျက နောက်နှစ်ဇန်နဝါရီလောက်မှာ သေချာပါတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး ဝန်ဆောင်မှု ပေးရတာလဲဆိုရင် ဒီလုပ်ငန်းက နိုင်ငံတော် ပိုင်လုပ်ငန်းဖြစ်တဲ့အတွက် ဈေးနှုန်းလျှော့ချတာတွေ ပရိုမိုးရှင်းတွေပေးလို့ မရပါဘူး။ ဒါကြောင့် ဝန်ဆောင်မှုအသစ် အနေနဲ့မှာထားတဲ့ ပစ္စည်းတွေကို အိမ်တိုင်ရာ ရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်လိုက်တာပါ။ ပို့ပေးတဲ့အခါ deliveryကို အရမ်းဈေးမကြီးအောင် သတ်မှတ်ပေးထား ပါတယ်”ဟု မြန်မာ့စာတိုက်လုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာဦးသောင်းနိုင်စိုးက ဆိုသည်။ထိုသို့ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရာတွင် မြို့နယ်အနီးအဝေးအလိုက် ဈေးနှုန်းများကို သတ်မှတ်ထားပြီး ထိုဝန်ဆောင်ခကို မှာယူသူများဘက်မှ ပေးဆောင်ရမည်ဖြစ်သည်။
ရန်ကုန် စာတိုက်ကြီးနှင့် အွန်လိုင်း ဈေးဆိုင်များချိတ်ဆက်၍ အိမ်အရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စတင်မည်















