ဒါပေမဲ့ . . .

ဒါပေမဲ့ . . .
Published 27 November 2015
မောင်ကြည်

မောင်ကြည်
ဒါပေမဲ့...။ ကျွန်တော် အဲဒီအကြောင်း အက်ဆေးတစ်ပုဒ် ရေးချင်နေတာ။ Facebook ပေါ်မှာ စကားပြောရင်း အဲဒီစိတ်ကူး ရလာတာလေ။ ဒါပေမဲ့... ကျွန်တော် ဘာဆက်ရေးရမှန်း မသိဘူး။ ဒါပေမဲ့ ရင်ထဲမှာတော့ စကားလုံးတွေ အများကြီးပဲ။ ဒါပေမဲ့ ကျွန်တော် တစ်ခုခုကို ချရေးနေမိပြန်တယ်။ ခင်ဗျားလည်း သိမှာပါ။ ကျွန်တော်ချရေးနေမိတာ ဒါပေမဲ့တွေ တစ်ခုပြီးတစ်ခု။
ခက်တာက ကျွန်တော်တို့ဘဝမှာ  'ဒါပေမဲ့’ မပါလို့ မဖြစ်ဘူး။ အရေးမပါဘူး ယောင်ယောင်နဲ့ ဒါပေမဲ့က အရေးပါနေတဲ့ အချက်ပါပဲ။ အကျင့်ပါနေတဲ့ ကျွန်တော်တို့ နှုတ်ခမ်းဖျားမှာ ဒါပေမဲ့က အမြဲခိုနားနေတတ်တယ်။ ဒါပေမဲ့ ကလေးမှ မသုံးရရင် စားမဝင် အိပ်မပျော်တော့မယ့် အတိုင်းပဲ။ ဒါပေမဲ့...ကြည့် ခုပဲ ကျွန်တော် သုံးလိုက်မိပြန်ပြီ။ ခွင့်လွှတ်ပါဗျာ။ ကျွန်တော် ဒါပေမဲ့ကို အကျင့်ပါနေလို့ပါ။ ခင်ဗျားလည်း ကျွန်တော့်လို့ ဒါပေမဲ့သမားဆိုရင်တော့ ကိုယ်ချင်းစာ နားလည်ပေးနိုင်မှာပါ။
ကြုံဖူးလား မသိဘူး။ ဒါပေမဲ့ကို ခဏခဏ သုံးရင် လူကြီးတွေက ဆူတယ်ဗျာ။ 'စကား မပြောရသေးဘူး။ ဒါပေမဲ့က ခဏခဏပါတယ်’ တဲ့။ ကလေးတွေသာ ပြောတာဗျာ။ လူကြီးတွေလည်း အတူတူပဲ။ ‘အဖေ သားကို ခုနောက်ဆုံးပေါ် ဟန်းဆက်လေး ဝယ်ပေးပါလား’ ပြောကြည့်။ ‘ဝယ်ပေးချင်တာပေါ့ သားရယ်။ ဒါပေမဲ့...’ ကဲ ဘာထူးလဲ။ သူတို့လည်း ဒါပေမဲ့သမားတွေပဲ။ ကျွန်တော့်အထင် လူတွေက ဒါပေမဲ့ နောက်မှာ ကပ်ပါလာမယ့် အကြောင်းအရာတွေကို ကြောက်နေကြတာဗျာ။ ကျွန်တော် အပါအဝင် လူအများစုက အဲဒီလိုပဲ ထင်တယ်။ လူတစ်ယောက်က ကျွန်တော့်ဆီ ပိုက်ဆံလာချေးတယ် ဆိုပါစို့။
လူ့အကြောင်းကို သိနေတော့ ကျွန်တော်က မချေးချင်ဘူး။ ‘ချေးတော့ချေးချင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာလည်း...’ ရပြီ။ အဲ ဒီလောက်ဆို တစ်ဖက်လူ သဘောပေါက်သွားပြီ။ ဆက်မပြောပေမယ့် ကျွန်တော်မချေးနိုင်ဘူးဆိုတာကို သူသိသွားပြီလေ။ ကျွန်တော်ပြောချင်တဲ့ အဓိပ္ပာယ်တွေကို ‘ဒါပေမဲ့’ က သယ်ဆောင်သွားပါတယ်။ ‘ဒါပေမဲ့’ ဟာ ကျွန်တော်ပြောချင်တဲ့ စကားလုံးတွေ၊ စိတ်ကူး အကြံဉာဏ်တွေကို လှလှပပ ဖုံးကွယ်ပေးနိုင်စွမ်း ရှိပါလားလု့ိ တွေးမိတယ်။
‘ဒါပေမဲ့...’ ကျွန်တော်တို့ အဲဒီလိုသုံးတိုင်း သူ့နောက်မှာ ဝမ်းနည်းစရာတွေပဲ ကပ်ပါလာမယ်လို့တော့ တရားသေ မမှတ်လေနဲ့ဗျာ။ အချို့ကိစ္စတွေမှာ ‘ဒါပေမဲ့’ က ဝမ်းသာစရာ၊ ဖြေသိမ့်စရာ ကရုဏာတရားတွေကိုလည်း ဆောင်ကြဉ်းလာတတ်ပါတယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်တဲ့ ကောင်မလေးဟာ လူကြီးတွေမေးသမျှ တုန်တုန်ယင်ယင်နဲ့ ဖြေနေရှာပါတယ်။ အမေးအဖြေတွေပြီး ဆုံးသွားတဲ့အခါ ကောင်မလေး မျက်နှာမကောင်းဘူး။ သူမ မရတော့ဘူးလို့ စိုးရိမ်နေရှာတာကိုး။ ဒါပေမဲ့ လူကြီးတစ်ယောက်က သနားကရုဏာသက်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ပြီး သူမကို ပြောလိုက်တယ်။ ‘သမီးရထားတဲ့ ဘွဲ့နဲ့  သမီးရဲ့ ဗဟုသုတက ဦးတို့အလုပ်နဲ့တော့ သိပ်အံဝင်ခွင်ကျ မဖြစ်ဘူးကွဲ့။ ဒါပေမဲ့...’ အဲဒီလိုပြောပြီး ခဏ ရပ်ထားလိုက်တဲ့ အချိန်မှာ ကောင်မလေး မျက်လုံးတွေက အရောင်တွေ လက်သွားတယ်။ အဲဒီအချိန်မှာ ‘ဒါပေမဲ့’ ဟာ သူမအတွက် မျှော်လင့်ချက် ရောင်ခြည်လေးပါပဲ။ ‘ဒါပေမဲ့’ က သူမအတွက် ကံကောင်းခြင်းတွေ သယ်ဆောင် လာတော့မယ်ဆိုတာ သိနေပါတယ်။ ထင်တဲ့အတိုင်းပဲ။ ‘သမီးရဲ့ရိုးသားမှုနဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုတဲ့အနေနဲ့ သုံးလ အစမ်းခန့် ကြည့်ပါမယ်’ အဲဒီလိုလည်း ပြောလိုက်ရော အို... ကောင်းမလေး ထခုန်တော့မတတ် ဝမ်းသာသွားလိုက်တာ မပြောပါနဲ့တော့။ ဝမ်းနည်းနေတဲ့ စိတ်ကို ‘ဒါပေမဲ့’ က ပြန်လည် ကုစားကယ် တင်ခဲ့တယ်လို့ ဆိုရပါမယ်။
ဒါဆို ‘ဒါပေမဲ့’ ဟာ သုခနဲ့ ဒုက္ခနှစ်ခုစလုံးကို ထမ်းပိုးထားတဲ့အရာလား။ ဒါမှမဟုတ် ဆန့်ကျင်ဘက် ခံစားမှုနှစ်ခုကို ရောသမမွှေထားတဲ့ ဖျော်ရည် တစ်ခွက်လား။ ဒါမှမဟုတ် သုခနဲ့ ဒုက္ခအိမ် နှစ်လုံးကြားက ခြံစည်းရိုးပေါ်မှာ ခွထိုင်နေတဲ့ လူတစ်ယောက်လား။ ဒါမှမဟုတ်...။ ထားပါတော့လေ။ ကျွန်တော်ပြော ချင်တာက ဒါပေမဲ့တွေ သိပ်များနေတဲ့ နိုင်ငံတစ်နိုင်ငံ အကြောင်းပါ။
အဲဒီနိုင်ငံက လူတွေက ‘ဒါပေမဲ့’ ကို အရမ်းသုံးကြတယ်။ စကားသုံးခွန်းပြောရင် နှစ်ခွန်းမှာ ဒါပေမဲ့ ပါတယ်။ သူတို့အတွေးမှာ ဒါပေမဲ့ အမြဲပါနေတော့ သူတို့သုံးတဲ့ စကားလုံးတွေမှာလည်း ဒါပေမဲ့တွေ မလွဲမသွေပါလာ ရပြီပေါ့။ တစ်ခုခုကို ဖြေရှင်းခိုင်းရင် ဒါပေမဲ့ သုံးစွဲဖို့ သူတို့ဝန်မလေးကြဘူးဗျာ။ ‘ဒီသစ်လုံးတွေကို ဘယ်သူခုတ်တာလဲ’ လို့  စစ်ဆေးတဲ့ အခါ  ‘ကျွန်တော်ခုတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့...’ အဲဒီလိုပြောပြီး ရပ်ထားလိမ့်မယ့်။ ခေတ်သစ် သောနုတ္တရမုဆိုးလို သူ့မှာအပြစ်မရှိကြောင်းကို ‘ဒါပေမဲ့’ တွေ ဒါဇင်လိုက် သုံးနှုန်းပြီး ကာကွယ် ပြောဆိုပါလိမ့်မယ်။ စစ်ဆေးမိသူခမျာတော့ ‘ခုတ်တဲ့လူမှာ အပြစ်ရှိလား၊ ခုတ်ခိုင်းတဲ့လူမှာ အပြစ်ရှိလား၊ ခုတ်ခွင့်ပြုဖို့ လက်မှတ်ထိုးသူမှာ အပြစ်ရှိလား’ ဆိုတာ တွေးပြီး နားဝေတိမ်တောင် ဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးတော့ အဲဒီလူဟာ ‘ဒါပေမဲ့’ တွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်သွားရရှာပါတော့တယ်။
အဲဒီနိုင်ငံသားတွေဟာ တစ်ခုခုကို တောင်းဆိုလိုက်ရင်လည်း ‘ဒါပေမဲ့’ နဲ့ ပြန်ခုခံတတ်ကြတယ်။ ‘ကျွန်တော်တို့ကို ဒါတွေဒါတွေ လုပ်ပေးပါလားဗျာ’ လို့ လှမ်းပြောကြည့်။ ‘ဟုတ်ကဲ့ ကျွန်တော်တို့မှာ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့...’ နားထောင်သူတွေမှာ အီလည်အီလည်ဖြစ်ပြီး ခေါင်းငိုက်စိုက်ချကာ ပြန်လာခဲ့ရတယ်။ နောက်တစ်ကြိမ် မတောင်းဆိုရဲတော့ဘူး။ ‘ဒါပေမဲ့’ ကို ကြောက်လို့။
တစ်ခုခုကို ခိုင်းချင်ပြန်ပြီဆိုရင်လည်း ‘ဒါပေမဲ့’ နဲ့ ချော့ခိုင်းတတ်ကြတယ်။ ‘ဒါမျိုးက ခင်ဗျားတို့ လုပ်မှဖြစ်မှာဗျ သိလား။ ကျုပ်တို့က သိပ်နားမလည်းဘူး။ ခင်ဗျားတို့မှာ အခက်အခဲရှိတာလည်း သိပါတယ်ဗျာ။ ဒါပေမဲ့...’ အဲဒီလို ဒါပေမဲ့ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရေလဲ သုံးတဲ့နေရာမှာ အဲဒီနိုင်ငံက လူတွေဟာ စပယ်ရှယ်လစ်တွေပါပဲ။ ‘ဒါပေမဲ့ အိတ်စပတ်တွေ’ လို့ ပြောရမလားမသိဘူး။ ဆရာကြီး ဒါပေမဲ့ ဆရာမကြီး ဒါပေမဲ့ တွေချည်းပါပဲ။ အဲဒီနိုင်ငံထဲမှာ ‘ဥပဒေက မည်သို့ပင်ဆိုစေကာမူ’ ဆိုတဲ့ စကားကို မကြာခဏကြားရလိမ့်မယ်။ ပြောချင်တာက ‘ဒါပေမဲ့’ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဆန္ဒထုတ်ဖော်တဲ့ လူတွေ၊ မျှတတဲ့ လုပ်ခ မရတဲ့ အလုပ်သမားတွေ၊ မြေယာသိမ်းဆည်း ခံရတဲ့လူတွေ၊ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ တရားမျှတမှုကို အလိုရှိသူတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ လူကုန်ကူးခံရသူတွေ၊ ဆင်းရဲသူဆင်းရဲသားတွေ အားလုံးဟာ ‘ဒါပေမဲ့’ ဆိုတဲ့ စကား လုံးအောက်မှာ အတုံးအရုံး ကျဆုံးသွားကြရတယ်။ သူတို့အားလုံး ‘ဒါပေမဲ့’ အောက်မှာ ပိပြားနေကြတယ်။ ‘ဒါပေမဲ့’ ကို တွန်းလှန်နိုင်တဲ့ အင်အားမရှိကြဘူး။ ‘ဒါပေမဲ့’ က ကုပ်ခွစီး စီးထားတယ်။ ‘ဒါပေမဲ့’ က မျက်လုံးကိုပိတ် နားကိုပိတ်ထားကြတယ်။ ‘ဒါပေမဲ့’ အောက်မှာ သူတို့။ သူတို့အပေါ်မှာ ‘ဒါပေမဲ့’။ သူတို့ အတွက် ‘ဒါပေမဲ့’ က စကားစုတစ်ခု မဟုတ်ဘူး။ စီရင်ချက်တစ်ခု။ ထောင်ချောက်တစ်ခု။ တွင်းနက်တစ်ခု။ အမိန့်တစ်ခုသာ ဖြစ်နေချေတော့တယ်။
ခင်ဗျား ဘယ်လိုသဘောရလဲ။ ‘ဒါပေမဲ့’ က ကြိမ်လုံးတစ်လုံးနဲ့ တူလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး။ ‘ဒါပေမဲ့’ ဟာ ကြိုးတစ်ချောင်းနဲ့ တူလိမ့်မယ်လို့လည်း တွေးမထားခဲ့ဘူး။ ‘ဒါပေမဲ့’ ဟာ အမိန့်ကြေညာချက်နဲ့ တူလိမ့်မယ်လို့ ယောင်လို့တောင် အိပ်မက်မမက်ခဲ့ဘူး။ အခုတော့ ‘ဒါပေမဲ့’ ဟာ မျက်နှာဖုံး အမျိုးမျိုးတပ်ထားတဲ့ လူတစ်ယောက် ဖြစ်နေပါပေါ့လား။ ‘ဒါပေမဲ့’ ဟာ ရုပ်ပြောင်းရုပ်လွဲ အတတ်ပညာလည်း ကျွမ်းကျင်နေပါရဲ့။ ‘ဒါပေမဲ့’ ဟာ ဒသဂီရိလို ခေါင်း ၁၀ လုံးမက ပိုင်ဆိုင်ထားပါရဲ့။ ‘ဒါပေမဲ့’ ဟာ မာယာတစ်သိန်း အပေလိန်းအန္တနဲ့ နာမည်ကျော်ကြား နေပါရဲ့။ ‘ဒါပေမဲ့’ ဟာ အဘိဓာန်စာအုပ်ထဲ က ခုန်ထွက်ရက်စက်တဲ့ နှုတ်ခမ်းဖျားတွေ ပေါ်မှာ ခိုနား။ ကျွန်တော်တို့ အားလုံးအပေါ် အဆိပ်ရည်တွေ သွန်ချသွားပါရောလား။ ဒါပေမဲ့...၊ ဒါပေမဲ့...ဘာပဲဖြစ်ဖြစ်လေ။
ဒီမှာ ရက်စက်မှုအပေါင်း သရဖူဆောင်း ခဲ့တဲ့ ‘ဒါပေမဲ့’...။ ခင်ဗျားကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားသန့်စင်ဖို့ အချိန် သိပ်မလိုတော့ဘူးလို့ ထင်ပါရဲ့ဗျာ။

Most Read

Most Recent