စိတ်ကစဉ့်ကလျားဖြစ်သည့် ရောဂါမှာ မျိုးရိုးဗီဇလိုက်သည့် ရောဂါတစ်ခုဖြစ်ပြီး လူဦးရေ ၁၀၀ လျှင် တစ်ဦးမှာ ယင်းရောဂါ ဖြစ်ပွားနိုင်ကြောင်းနှင့် စိတ်ဖိစီးမှုဒဏ် ခံစားရခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ပတ်ဝန်းကျင်အခြေအနေ စသည့်အကြောင်းရင်းများစွာပေါ် မူတည်ကာ ဖြစ်ပွားနိုင်သည့် အသက်အရွယ်များမှာ အတိအကျမရှိသော်လည်း အထူးသဖြင့် လူလတ်ပိုင်းများတွင် အဖြစ်များသည်ကို တွေ့ရှိရကြောင်း သိရသည်။
“စိတ်ကစဉ့်ကလျားရောဂါဆိုရင် မျိုးရိုးလိုက်ပေမယ့် အဲဒါကြောင့်လို့တော့ တပ်အပ်ပြောလို့ မရဘူး။ သူက လူကိုအမြဲ သံသယရှိနေတတ်တယ်။ လူ ၁၀၀ မှာဆိုရင် တစ်ယောက်က စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ဖောက်ပြန်တဲ့ရောဂါ ဖြစ်နိုင်တယ်။ မိဘတစ်ယောက်ယောက်မှာ စိတ်ဖောက်ပြန်တဲ့ရောဂါ ရှိတတ်သူတွေဆီကိုပဲ စစ်မယ်ဆိုရင် ၁၀၀ မှာ ၁၀ ယောက်လောက်ထိ တက်လာနိုင်တယ်။ မိဘနှစ်ယောက်စလုံး စိတ်ရောဂါဖြစ်ရင် သားသမီးအားလုံးမှာတော့ ဒီရောဂါမဖြစ်ပေမယ့် ဖြစ်နိုင်ခြေရှိတဲ့နှုန်း တက်လာတယ်။ ဆေးကုရုံနဲ့မရဘူး။ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ရတယ်။ တိုးတက်တဲ့ နိုင်ငံဆိုရင် အလုပ်ပြန်လုပ်နိုင်တဲ့အထိ လုပ်ပေးတယ်။ အသက်အရွယ်နဲ့ ဆိုင်တယ်ဆိုပေမယ့် ဘယ်အရွယ်မှ စဖြစ်တတ်တယ်ရယ်တော့ အတိအကျမရှိဘူးပေါ့။ ဗီဇမရှိလည်း အရွယ်ရောက်လာရင် ဖြစ်တတ်တယ်။ ဥပမာ ဘဝတစ်လျှောက်လုံး အကောင်းအတိုင်းပဲ ကြီးလာတယ်။ ဒါပေမဲ့ အသက်၂၈နှစ်လောက်မှာ ရုတ်တရက် ဖြစ်သွားတတ်တာမျိုးတွေပေါ့”ဟု စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာတင်ဦးက ပြောကြားသည်။
စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)သို့ လာရောက်ပြသမှုများအနက် ၂၀၁၄ ခုနှစ် တွင် စိတ်ကစဉ့်ကလျားဖြစ်ပွားမှုကြောင့် ဆေးကုသမှုလာရောက်ခံယူသူမှာ ၁၆၀၀ ဝန်းကျင်၊ စိတ်ကြွရောဂါဖြစ်ပွားမှုမှာ ၃၀၀၀ ကျော်၊ စိတ်ကျရောဂါဖြစ်ပွားသူမှာ ၂၉၀ ကျော်၊ အရက်စွဲလူနာမှာ ၆၈၀၀ ဝန်းကျင်နှင့် မူးယစ်ဆေးအမျိုးမျိုး သုံးစွဲမှုကြောင့် စိတ်ရောဂါရှိသူမှာ ၁၂၀၀ ကျော်ရှိခဲ့ကြာင်း၊၂၀၁၅ ဇန်နဝါရီမှ စက်တင်ဘာလထိ လာရောက်ပြသသည့် လူနာများအနက် စိတ်ကစဉ့်ကလျားဖြစ်ပွားသူ လူနာမှာ ၁၃၀၀ ကျော်၊ စိတ်ကြွရောဂါလူနာမှာ၂၇၀၀ ကျော်၊ စိတ်ကျရောဂါ ဖြစ်ပွားသူလူနာမှာ ၂၇၀ ကျော်ရှိကြောင်း အရက်စွဲလူနာမှာ ၅၇၀၀ကျော်၊ မူးယစ်စွဲလူနာမှာ ၁၃၀၀ ခန့်နှင့် ပြင်ပလူနာဌာနတွင် နေ့စဉ်လာရောက်ပြသသည့် လူနာမှာ ၄၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
ထို့ပြင် စိတ်ဖိစီးမှုဖြစ်ရာတွင်လည်း လူတစ်ဦးနှင့်တစ်ဦး၏ ခံနိုင်ရည်၊ ခံယူချက်များ ပေါ်တွင်မူတည်ကာ စိတ်ဖိစီးမှုဒဏ် ခံရပုံချင်းမှာ ကွဲပြားကြောင်းနှင့် စိတ်ဖိစီးမှုခံစားရပါက ယင်းစိတ်ဖိစီးမှုကို မည်ကဲ့သို့ စီမံခန့်ခွဲမည် (ဖြေလျှော့အောင်လုပ်ရမည်) ကို သိရှိရန်လိုအပ်ပြီး မိမိ၏ လုပ်နိုင်စွမ်းများကို သတ်မှတ်လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ စိတ်ဖိစီးမှုများ ကြုံတွေ့လာပါက နောက်ဆက်တွဲ အခြားစိတ်ရောဂါများဖြစ်ပွားမှု မရှိစေရန် ကနဦးအနေဖြင့် မိမိကိုယ်တိုင် စိတ်ခံစားချက်များကို ထိန်းညှိရန် လိုအပ်ကြောင်းနှင့် မှန်ကန်သည့် ဆေးကုသမှုစနစ်ဖြင့် ကုသမှုခံယူရန်လည်း အရေးကြီးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့်အသိမှာ နည်းပါးနေသေးပြီး စိတ်ရောဂါဖြစ်ပွားသူများအနက် ၁၀၀ လျှင် ငါးဦးနှုန်းသာ မှန်ကန်သည့်ဆေးဝါးကုသမှုကို ရရှိကြပြီး အများစုမှာ စိတ်ရောဂါဖြစ်မှန်း မသိကြသူများဖြစ်နေကြောင်း၊ စိတ်ရောဂါဖြစ်ပွားနေမှန်း သိသော်လည်း ဆေးကုသမှုခံယူရမည့်နေရာနှင့် လက်လှမ်းမီမှုမရှိခြင်း၊ သွားလာစရိတ်များပြားခြင်းတို့ကြောင့် ဆေးရုံ၊ ဆေးခန်းများသို့ ဆေးကုသခံယူခြင်း မပြုသူများလည်းရှိကြောင်း၊ အချို့မှာ စိတ်ရောဂါဖြစ်ပွားနေသည်ကို ဆေးကုသခြင်းမပြုဘဲ မိရိုးဖလာအလေ့အထများ၊ ပယောဂဆရာများဖြင့်သာ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂလူဦးရေအဖွဲ့တို့ ပူးပေါင်းကောက်ယူထားသည့် စစ်တမ်းများအရ လက်ရှိ မြန်မာနိုင်ငံတွင် မွေးရာပါ စိတ်ဒဏ်ရာရောဂါကြောင့် လူတစ်သိန်းတွင် ၂၀ ဦးခန့် သေဆုံးနေပြီး သေဆုံးမှုအများဆုံး ရောဂါများအနက် မွေးရာပါ စိတ်ဒဏ်ရာ ရောဂါမှာ နံပါတ် ၁၄ နေ ရာတွင်ရှိနေကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အားနည်းနေပြီး ယခုထက် ပိုမို၍ တိုးချဲ့လုပ်ဆောင်ရန်လိုအပ်ပြီး စိတ်ကျန်းမာရေးရောဂါများနှင့် ပတ်သက်၍ ရှေးရိုးအစဉ်အလာ၊ မှားယွင်းနေသည့် အယူစွဲများရှိနေကြောင်းနှင့် ပညာပေးအစီအစဉ်များကို လည်း ပိုမိုဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
စိတ်ကစဉ့်ကလျားဖြစ်သည့်ရောဂါမှာ မျိုးရိုးလိုက်သည့် စိတ်ရောဂါတစ်ခုဖြစ်ပြီး လူဦးရေ ၁၀၀ လျှင် တစ်ဦးမှာ စိတ်ကစဉ့်ကလျားရောဂါ ဖြစ်ပွားနိုင်















