လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသည့် အလုပ်သမား ၁၂ ဦးအား ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ လေးဦးအား ဆက်လက်စစ်ဆေး

လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသည့် အလုပ်သမား ၁၂ ဦးအား ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ လေးဦးအား ဆက်လက်စစ်ဆေး
Published 24 November 2015
နေမျိုးဝင်း

လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ဆန္ဒထုတ်ဖော်မှုကြောင့်  ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲခံထားရသော အလုပ်သမဂ္ဂအဖွဲ့ဝင် ကိုစိုင်းပါ အလုပ်သမား ၁၂ ဦးကို နိုဝင်ဘာ ၂၄ ရက်က ရန်ကင်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေလေးဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
 
ယင်းရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရွှေပြည်သာနှင့်အင်းစိန်မှ သက်သေ လေးဦးတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
 
“ဒီနေ့ အဓိက စစ်တာက တရားလိုပြ သက်သေလေးဦးပေါ့။ အဓိက သူတို့ဘက်က လာထွက်ဆိုတာက အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုတဲ့အကြောင်းနဲ့ ရုန်းရင်းဆန်ခတ်မှု ဘယ်လိုဖြစ်ပွားတယ်ဆိုတဲ့အကြောင်း၊ ဒီမှာ ပေါ်ပေါက်သွားတာက သူတို့ရဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြတောင်းဆိုတယ် ဆိုတဲ့အကြောင်းကိုတော့ ဒီသက်သေတွေ ကိုယ်တိုင်က ဝန်ခံထွက်ဆိုသွားပါတယ်။ နောက်တစ်ခုက ထိုက်သင့်တဲ့ လုပ်ခလစာရပိုင်ခွင့်နဲ့ အလုပ်သမားသမဂ္ဂဝင်ရောက်ခွင့်ဟာ  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာလည်း ပါပါတယ်။ ဒါ လူ့အခွင့်အရေးတစ်ရပ်ပါ။ နောက်တစ်ခုက အခင်းဖြစ်စဉ်ကာလမှာ ဒီလုပ်ခလစာ တိုးတောင်းရေးကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုတောင်းရမလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းမျိုး ဥပဒေမှာ မပါသေးဘူး။ ဥပဒေလည်း မထွက်သေးဘူး။ ဒါကြောင့်မို့ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာဌာနတွေကို တိုင်ကြားပြီးတော့ ပြောတာတွေရှိတယ်။ ဒါကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အတွက် နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ဆန္ဒပြတဲ့ နည်းလမ်းကို သုံးလိုက်ရတာပါ။ သပိတ်မှောက်ဆန္ဒပြတဲ့ အခွင့်အရေးသာ အလုပ်သမားတွေ အခွင့်အရေးထဲမှာ ပါပါတယ်”ဟု အလုပ်သမားများဘက် မှ လိုက်ပါဆောင်ရွက်ပေးသည့် အကျိုးတော်ဆောင်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။
 
“ ကျွန်မတို့တောင်းတာ တစ်နေ့ကို ထမင်းနှစ်နပ် ပုံမှန်စားနိုင်ဖို့ပါ။ ကျွန်မတို့တောင်းတဲ့ လုပ်ခလစာဆိုတာ သူတို့ဆီက အာဏာကို တောင်းတာမဟုတ်ပါဘူး။ အခြေခံအလုပ်သမားတွေအတွက် လူလိုသူလို ထမင်းစားနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်မတို့ အခုတရားရင်ဆိုင်နေရတာလည်း ကိုးလပြည့်ခဲ့ပါပြီ။ အစိုးရအနေနဲ့ ဒါမျိုး ထပ်မလုပ်စေချင်ပါဘူး။ ကျွန်မတို့ အလုပ်သမားဥပဒေအရ ညှိနှိုင်းရေးလမ်းကြောင်းပေါ် ဆွဲခေါ်ခဲ့တာတောင်မှ ဒီလိုမျိုး မတရားမှုကို ခံနေရတဲ့အတွက်ကြောင့်မို့ တရားရေးလမ်းကြောင်းကိုလည်း မှန်ကန်စွာနဲ့ လုပ်စေချင်ပါတယ်” ဟု တရားစွဲဆိုခံရသော အလုပ်သမား ၁၂ ဦးထဲတွင် ပါဝင်သူ မစန္ဒာဝင်းက ဆိုသည်။
 
ယင်း အလုပ်သမား ၁၂ ဦးမှာ မတ်လ ၄ ရက်က ရွှေပြည်သာမှ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သည့် အလုပ်သမားထဲတွင် ပါဝင်ခဲ့ပြီး ၎င်းတို့အား ရဲတပ်ဖွဲ့မှ အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံ၌ ပိတ်ဆို့တားဆီးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၇ တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရပြီး ယင်းအလုပ်သမားများထဲမှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုစိုင်းအားလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
လာမည့် ရုံးချိန်းအား ဒီဇင်ဘာ ၄ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။
    

Most Read

Most Recent