၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြကြောင့် ပုဒ်မ-၅၀၅(ခ) ဖြင့် တရားစွဲခံရသည့် (တကသ) အဖွဲ့ဝင် ကျောင်းသားနှစ်ဦး၏ အမှု တရားလိုပြသက်သေ ရဲအရာရှိတစ်ဦးအား ဆက်လက်စစ်ဆေး

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြကြောင့် ပုဒ်မ-၅၀၅(ခ) ဖြင့် တရားစွဲခံရသည့် (တကသ) အဖွဲ့ဝင် ကျောင်းသားနှစ်ဦး၏ အမှု တရားလိုပြသက်သေ ရဲအရာရှိတစ်ဦးအား ဆက်လက်စစ်ဆေး
Published 24 November 2015
ဝေလင်းအောင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား၂၅ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား နိုဝင်ဘာ၂၄ရက်တွင် ပန်းဘဲတန်းမြို့ နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။
 
 ယင်းနေ့တွင် ကျောက်တံတားမြို့နယ်အတွင်း ဆန္ဒပြခဲ့မှုအတွက် ပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသော အမှုအတွက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ် ရဲအရာရှိတစ်ဦးအား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။
 
“ စွပ်စွဲခံသူနှစ်ဦးရဲ့ ဟောပြောမှုတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးပြောတာလားလို့ ဒုရဲအုပ်ကိုမေးတော့ ဟုတ်ပါတယ်လို့ ထွက်ဆိုတယ်။ အဲ့လိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး NLD  နဲ့၈၈ တို့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဟောပြောပွဲတွေ၊ ကမ်ပိန်းတွေ လုပ်ခဲ့တာကို သိလားလို့ ဒုရဲအုပ်ကိုမေးတော့ သိပါတယ်လို့ဖြေတယ်။ အဲ့တော့ဒီ ကိစ္စကို စွပ်စွဲခံရသူနှစ်ဦး ပြောဆိုခြင်းဖြင့် ထူးခြားတဲ့ကိစ္စတစ်ခု မဟုတ်တဲ့အပြင် ဘယ်သူ့ကိုမှလဲ အနှောင့်ယှက်မပေးဘူး။ မထိခိုက်ဘူး။ တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်တာမရှိဘူးဆိုတာ သိလားလို့မေးတော့ သူက မသိဘူးလို့ဖြေတယ်။ ဒီနေ့က တရားလိုပြသက်သေ တစ်ဦးပဲ စစ်ဖြစ်ပါတယ်။ တရားလိုပြသက်သေအဖြစ် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်နှစ်ဦးကို စစ်ဖို့ကျန်ပါသေးတယ်။ လာမဲ့ရုံးချိန်းမှာ သူတို့ကို ဆက်စစ်မှာပါ”ဟုကိုဇေယျာလွင်၏ ရှေ့နေ ဦးကျော်ဟိုးက ပြောကြားခဲ့သည်။
 
ကျောက်တံတားမြို့နယ် တရားသူကြီးက စွပ်စွဲခံရသူနှစ်ဦး၏ အမှုအား ပန်းဘဲတန်းမြို့နယ် တရားရုံး၌ တပေါင်းတည်းစစ်ဆေးရန် သင့်တော်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးသို့လျှောက်ထားမှုကို ခရိုင်တရားရုံးက ပြီးခဲ့သည့် အောက်တိုဘာ၂၆ ရက်တွင် ပန်းဘဲတန်း တရားရုံး၌သာ တပေါင်းတည်းစစ်ဆေးရန် အမိန့်ချမှတ်ခဲ့သဖြင့် ယင်းကဲ့သို့ ပန်းဘဲတန်းတရားရုံးတွင်သာ စစ်ဆေးနေခြင်းဖြစ်သည်။
 
ထိုသို့ ပန်းဘဲတန်းတရားရုံးတွင် တပေါင်းတည်းစစ်ဆေးရန် အမိန့်ချမှုအား စွပ်စွဲခံရသူတို့ မသိရှိရသောကြောင့် ယင်းမှာ ဥပဒေနှင့်ညီမှု ရှိ၊ မရှိ စစ်ဆေးပေးရန် စွပ်စွဲခံရသူတို့၏ မိသားစုဝင်များက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
“ ကျောက်တံတားတရားရုံးနဲ့ပန်းဘဲတန်းတရားရုံးမှာ စစ်နေတဲ့ ကျွန်တော်တို့အမှုတွေကို ခရိုင်တရားသူကြီးက ပန်းပဲတန်းတရားရုံးမှာ ပေါင်းစစ်ဖို့အမိန့်ချလိုက်တယ်။ ကျောက်တံတားတရားသူကြီး ခရိုင်တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပြီး ကျွန်တော်တို့က လျှောက်ထားခြင်း ခံခဲ့ရသူတွေဖြစ်တယ်။ အဲ့ဒါကို ခရိုင်တရားသူကြီးက အမိန့်တဲ့အခါမှာ ကျွန်တော်တို့ရှေ့မှာ ချတာမဟုတ်ပဲနဲ့ ကျွန်တော်တို့ မျက်ကွယ်မှာ ချတာဖြစ်နေတယ်။ အဲ့တော့ ခရိုင်တရားရုံးကို ရုံးပြောင်းလျှောက်ထားတာ နဲ့ အမိန့်ချတာကို ကျွန်တော်တို့ မသိလိုက်ရတဲ့အတွက် ဒါဟာ တရားမျှတမှုမရှိဘူး။ ဥပဒေအတိုင်း အခွင့်အရေးမရခဲ့ဘူးလို့ယူဆတဲ့အတွက် တိုင်းတရားရုံးကို ဒီနေ့ မိသားစုဝင်တွေက စာတင်ရခြင်းဖြစ်ပါတယ်” ဟု တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်သည့် ကိုပိုင်ရဲသူကပြောကြားခဲ့သည်။
 
(တကသ)ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင်အဖွဲ့ ဝင် ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ ပြီးခဲ့သည့်ဇွန် ၃၀ရက်က ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှ စတင်ကာ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့အထိ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
 
ထိုသို့ဆန္ဒပြမှုဖြင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅ (ခ) တို့ဖြင့်ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုနန်းလင်းမှာ လွတ်မြောက်နေ၍ တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။
  

Most Read

Most Recent