“မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာစီမံကိန်း ၂၀၄၀” အရ ရန်ကုန်မြို့ကို ဧက တစ်သိန်းကျော် တိုးချဲ့မည့် မြို့သစ်ခုနစ်ခုအား ယခုအစိုးရလက်ထက်တွင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း သိရသည်။ ထို့အတွက် နောက်အစိုးရများက ၎င်းတို့၏ ဘတ်ဂျက်ပေါ် မူတည်၍ လုပ်ဆောင်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းရေးဆွဲရေးဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။
“မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာစီမံကိန်း ၂၀၄၀” ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အကူအညီဖြင့် ရေးဆွဲခဲ့ရာ ယင်းစီမံကိန်းတွင် မြို့ပြင်ပတ်လမ်းများ၊ မြို့သစ်များ တိုးချဲ့သင့်သည့် စီမံကိန်များပါဝင်ကြောင်း သိရသည်။ သို့ ဖြစ်၍ ရန်ကုန်မြို့ကို ဧကတစ်သိန်းကျော် တိုးချဲ့ရန် မြို့သစ်စီမံကိန်း ခုနစ်ခု ပါဝင်လာခြင်းဖြစ်ပြီး ယင်းစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် ချပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ကို မြို့တိုးချဲ့ရန် ဦးစားပေး (၁) တွင် ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေးအဆင့်(၂) ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ် ၂၁၇၁၆ ဧက၊ ဦးစားပေး (၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး (၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး (၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစားပေး (၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး (၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧကကို လျာထားခြင်း ဖြစ်သည်။
ယင်းစီမံကိန်းခုနစ်ခုသည် အသေးစိတ်ရေးဆွဲသည့်အဆင့်အထိ မရောက်သေးဘဲ ယခုမှ concept အဆင့်သာ ရှိနေသေး၍ အသေးစိတ်ကို ထုတ်ပြောနိုင်ခြင်း မရှိသေးဟု ဆိုသည်။
“ရန်ကုန်မြို့ကို တိုးချဲ့မယ့် ဧကတစ်သိန်းကျော်ရှိပါတယ်။ ဒါပေမဲ့ ဒါဟာအတိအကျ မပြောနိုင်သေးပါဘူး။ ဒီစီမံကိန်းတွေကို နောက်လာမယ့် အစိုးရတွေက ဘတ်ဂျက်ပေါ် မူတည်ပြီး လုပ်ရမှာဖြစ်ပါတယ်။ ဒီနေရာ ရွေးထားပေမယ့် ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့”ဟု ဦးတိုးအောင်က ဆက်လက်ပြောကြားသည်။
ယင်းစီမံကိန်းများသည် သက်ဆိုင်ရာဒေသခံ ပြည်သူလူထုနှင့် ဆွေးနွေးပြီးမှ လုပ်ဆောင်ရမည့် စီမံကိန်းများဖြစ်ပြီး အတိအကျ ဖော်ဆောင်ဖြစ်မည်ဆိုပါက ကွင်းဆင်းကာ ပြည်သူလူထုနှင့် အသေးစိတ် ဆွေးနွေးသွားရမည်ဟု သိရသည်။
အဆိုပါမြို့သစ် ခုနစ်ခုအနက် ပထမဦးစားပေး ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧကကိုကျော်၍ ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်စီမံကိန်း) ၂၁၇၁၆ ဧကကို ဦးစွာအကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီသုံးခုရှိပြီး ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလိမိတက်တို့ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းသည် စီမံကိန်းပမာဏ ကြီးမားသောကြောင့် ယင်းတင်ဒါများကို စိစစ်နေဆဲသာဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် ရွေးချယ်နိုင်မှု ရှိ မရှိကို အတိအကျမပြောနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုထားပြီး ယင်းစီမံကိန်းသည် နောက်အစိုးရလက်ထက်တွင်မှာ အကောင်အထည်ဖော်နိုင်မည့် အနေအထားဖြစ်နေကြောင်း သိရသည်။
ရန်ကုန်မြို့၏ ပုံမှန်လူဦးရေတိုးနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိသဖြင့် တိုးပွားလျက်ရှိသည့် လူဦးရေအပြင် အိုးမဲ့အိမ်မဲ့နှင့် ကျူးကျော်များအတွက် နေရာချထားပေးနိုင်ရန် မြို့သစ်များ တိုးချဲ့ဖော်ထုတ်ရန် လိုကြောင်း “မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့သည် လက်ရှိဧရိယာ ၃၄၀ စတုရန်းမိုင်ခန့်ရှိနေပြီး ထပ်မံတိုးချဲ့မြို့သစ် ခုနစ်ခုသည် စတုရန်းမိုင် ၁၀၀ ခန့်ရှိကြောင်း၊ အဆိုပါစတုရန်းမိုင် ၁၀၀ ကျော်တွင် လူဦးရေ ရှစ်သန်းခန့် ထပ်မံနေထိုင်မည်ဖြစ်ကြောင်း၊ လက်ရှိရန်ကုန်မြို့၏ လူဦးရေ ငါးသန်းကျော် ပေါင်းလိုက်ပါက လူဦးရေ ၁၃ သန်းကျော် နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ကို ဧကတစ်သိန်းကျော် တိုးချဲ့မည့် မြို့သစ်ခုနစ်ခုအား ယခုအစိုးရလက်ထက်တွင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ဘဲ နောက်အစိုးရများက ဘတ်ဂျက်ပေါ် မူတည်၍ လုပ်ဆောင်မည်















