ဖားကန့်ဒေသတွင် ရှမ်းအမျိုးသားနှစ်ဦး အသတ်ခံခဲ့ရနှင့် ဆက်စပ်ပြီး မြစ်ကြီးနားမြို့တွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒထုတ်ဖော်မှုကို မြစ်ကြီးနား၊ ဖားကန့်၊ နမ္မတီး၊ တာလောကြီး တိုက်နယ်၊ ဆင်ဘို တိုက်နယ်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းဒေသမှ ဒေသခံ ရှမ်းတိုင်းရင်းသား ရှစ်ရာကျော် တက်ရောက်ခဲ့ပြီး မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့မှ ဦးဆောင်ခဲ့သည်။
ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီခွဲအထိ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုကျောင်းမှ စီတာပူတံကွေ့အထိ လေးမိုင်းနီးပါး လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး “စိုင်းထွန်းလွင်နှင့် ဦးစိုင်းကံဆက်တို့အား သတ်ဖြတ်သည့် တရားများဖော်ထုတ်ပေး” “ လက်နက်အားကိုး အနိုင်ကျင့်သတ်ဖြတ်သည့် အဖွဲ့အစည်း အလိုမရှိ” “အဓမ္မဆက်ကြေးကောက်ခံသည့် အဖွဲ့အစည်း အလိုမရှိ” ၊ “အဓမ္မတပ်သားသစ် ဖမ်းဆီးသည့် အဖွဲ့အစည်း အလိုမရှိ”၊ “တိုင်းရင်းသား အချင်းချင်း အနိုင်ကျင့် လွှမ်းမိုးမှု အလိုမရှိ”၊ “ လူ့အခွင့်အရေး ချိုးဖောက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အလိုမရှိ”၊ “ရှမ်းမျိုးနွယ်စုများ တည်တံ့ခိုင်မြဲရေး ဒို့အရေး” စသည့် ကြွေးကြော်သံများဖြင့် လှည့်ပတ်ကြွေးကြော်ခဲ့ကြသည် ။
ယင်းဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့် ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစန်းဝေက “ဦးစိုင်းထွန်းလွင်နှင့် ဦးကံဆက်တို့သတ်ဖြတ်ခံရတဲ့ ကိစ္စ၊ ဆက်ကြေးကောက်ခံရမှုကိစ္စ၊ တပ်သားသစ် စုဆောင်းခံရတဲ့ ကိစ္စရပ်တွေ၊ လယ်ယာအနီး မိုင်းထောင်တဲ့ ကိစ္စတွေ အဲဒါတွေကြောင့် ကျွန်တော်တို့ ခံနေရတယ်ဆိုတာကို မြန်မာသိ၊ ကမ္ဘာသိ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ဖားကန့်မှာ အသတ်ခံရပြီး ချက်ချင်းဆန္ဒထုတ်ဖော်ဖို့ လုပ်ပေမယ့် အောက်တိုဘာ ၂၀ ရက်ကနေ ဒီနေ့အထိ ရွှေ့လိုက်ရတာ ဖြစ်ပါတယ်။ ကေအိုင်အေလို့ ကျွန်တော်တို့ဘာကြောင့် စွပ်စွဲရသလဲဆိုရင် စက်တင်ဘာ ၁၆ ရက်က ကောင်ဆန် တိုက်နယ်မှူးအိမ်မှာ သယံဇာတအဖွဲ့က ဆက်ကြေးလာတောင်းပါတယ်။ နှစ်စဉ်လည်း ပေးခဲ့ပါတယ်။ဆက်ကြေးကိစ္စသည် ဒီနှစ်တွေမှာ မဖြစ်သင့်တော့ဘူးဆိုတဲ့ ပြောခဲ့တာရှိပါ။ ဦးထွန်းလွင်နှင့်အတူ တခြားလူတွေလည်း မပေးဖို့ သွားရောက်တောင်းဆိုတယ်။ မပြေလည်လို့ ၂၄ ရက်မှာ ပြန်ခေါ်တယ်။ ပြေလည်ခဲ့တယ် ပြောပါတယ်။ ကျွန်တော်တို့ ရေးရာအဖွဲ့ကလည်း မြစ်ကြီးနားနည်းပညာအကြံပေးအဖွဲ့ရုံးကို စာပို့ခဲ့ပါတယ်။ ဆက်ကြေးကောက်ခံခြင်း သက်ညှာပေးဖို့ပါ။ မိတ္တူကို မြောက်ပိုင်းတိုင်းမှူး၊ နယ်လုံဝန်ကြီး၊ စစ်ထောက်လှမ်းရေကိုလည်း ပို့ခဲ့ပါတယ်။ အဲဒီလို့နဲ့ အောက်တိုဘာ ၅ ရက်မှာ အိမ်ကို လူငါးယောက်လောက်လာပြီး ပစ်သတ်သွားတဲ့ သဘောပါ။ ရှမ်းနီပါတီဝင်ဖြစ်လို့ ကေအိုင်အိုနည်းပညာအကြံးပေးအဖွဲ့ရုံးကို သွားပြီး ဆွေးနွေးကြပါတယ်။ UNFC ကိုလည်း တိုင်ကြားခဲ့ပါတယ်။
ဦးကံဆက်ကတော့ ရှမ်းနီပါတီစည်းရုံးဆင်းတဲ့အခါ ကေအိုင်အေကို ဆက်ကြေးပေးစရာ မလိုဘူးဆိုတဲ့စကားကို တွင်ကျယ်စွာသုံးနှုန်းခဲ့တာကြောင့် ဒီလိုလုပ်ခံရခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။ ကျွန်တော်တော်တို့ဟာ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ရဲ့သားနဲ့ သူများနဲ့မတူဘဲ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဥပဒေစိုးမိုးလိုတဲ့ဆန္ဒကြောင့် ဆန္ဒဖော်ထုတ်ရတာပါ။ အမှုဖွင့်ထားပေမယ့် ဒီအတိုင်း မပြီးသွားစေချင်ဘူး။ နှစ်ဦးစလုံးကိုသတ်တဲ့ ကျည်ဆန်တွေလည်း တူပါတယ်။ လူသတ်တရားခံဟာ တစ်ယောက်တည်းလို့တောင် ယူဆပါတယ်။
အမှုမှန်ကို ပေါ်ပေါက်အောင် ဆောင်ရွက်မယ်လို့ ယူဆပါတယ်”ဟု လူထုကို ပြောကြားသည်။
ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးမှ တာဝန်ရှိသူများကမူ ယင်းဖြစ်စဉ်ကို ကေအိုင်အေမှ စစ်ဆေးမှုများလုပ်ခဲ့ကြောင်း ကေအိုင်အေလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်မဟုတ်ကြောင်း ပြောဆိုထားသည်။
အောက်တိုဘာ ၅ ရက်တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာတွင် အသတ်ခံရသည့် ဦးထွန်းလွင်၏ ဇနီးဖြစ်သူက “ကျမတို့တော့ ကေအိုင်အေက ဆက်ကြေးမပေးလို့ သတ်တယ်လို့ပဲ ယူဆတယ်။ မသတ်ခင် ရက်ပိုင်းလေးတွေအထိ အိမ်အထိ လိုက်ခေါ်နေတာ ရှိပါတယ်။ ကျွန်မ အောက်ပိုင်းဆင်းပြီးနောက်ရက် ငွေလိုလို့ ငွေလွှဲခိုင်းပြီး အပြင်ထွက်တော့ နောက်ကနေလိုက်ပြီး သတ်တဲ့သဘောပါ။ ခါတိုင်းရက်တွေက တိုက်နယ်ရုံးမှာငြင်းခဲ့ပြီး အိမ်ပြန်လာတော့ သူစိတ်မလုံတဲ့သဘော ရှိနေတယ်။ဘာဖြစ်ဖြစ်ကျွန်မတော့ အိမ်ထောင်ဦးစီးဆုံးတော့ ဒုက္ခရောက်နေတယ်” ဟု ပြောကြားသည်။
ဆန္ဒထုတ်ဖော်မှုတွင် “လက်နက်မဲ့ ပြည်သူလုံခြုံမှုသည် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိသည်”၊ “KIO/KIA တို့ ဥပဒေမဲ့ သတ်ဖြတ်မှု ကျဆုံးပါစေ” စသည့် ကြွေးကြော်ချက်နှင့် စီတာပူကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးသို့ သွားရောက်သည့်အတွက် ခွင့်ပြုမိန့်ကို ရုပ်သိမ်းကြောင်း မြို့ နယ်ရဲတပ်ဖွဲ့မှူးမှ ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံးမှုများမှာ ဘက်ပေါင်းစုံတွင် ရှိနေကြောင်း၊ ဒေသခံကြောက် စိတ်ကြောင့် ပြောဆိုထုတ်ဖော်ခွင့် မရခဲ့သောကြောင့် လွှတ်တော် ငါးနှစ်သက်တမ်းတွင် ရှမ်းတိုင်းရင်းသားများအရေးနှင့် ပတ်သက်ပြီး တစ်ကြိမ်သာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ကြောင်း ကချင်ပြည်နယ် လက်ရှိ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်က ပြောကြားသည်။
ဖားကန့်ဒေသ၌ ရှမ်းအမျိုးသားနှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး မြစ်ကြီးနားမြို့တွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ















