မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် Dollarization (ဒေါ်လာသုံးစွဲမှုကျယ်ပြန့်လာခြင်း)ကို သွားသည့်လက္ခဏာ ပြသနေသည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် Dollarization (ဒေါ်လာသုံးစွဲမှုကျယ်ပြန့်လာခြင်း)ကို သွားသည့်လက္ခဏာ ပြသနေသည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြောကြား
Published 21 November 2015
ဆန်းထူးအောင်၊ သန်းထိုက်အောင်

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ သည် Dollarization သွားသည့် လက္ခဏာ ပြသနေပြီး တားဆီးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်မှ နိုဝင် ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၊ အမျိုးသား စီမံခန့်ခွဲမှုကောလိပ်၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဦးဆက်အောင်မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကို နိုင်ငံခြားငွေလက်ခံ၊ ကိုင်ဆောင်၊ သုံးစွဲရေး နည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ်သည်။“ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ Tran-sition တွေ အကုန်လုံးက Dollarization ကို ဦးတည်နေတဲ့ Transition တွေဖြစ်တာ ကြာပြီဖြစ်လို့ ချက်ချင်းလက်ငင်း ဆွဲထုတ်နိုင်ဖို့ကိုတော့ တော်တော်လေး အချိန်ယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ Dollarite ဖြစ်နေတဲ့ နိုင်ငံမဟုတ်ပါဘူး။ တကယ် Dollarize ဖြစ်နေတဲ့နိုင်ငံကို ပြောပါဆိုလျှင် အာဆီယံနိုင်ငံမှာ ကမ္ဘောဒီးယားနိုင်ငံက Dollarize ဖြစ်နေပါတယ်။ အဲဒီမှာရှိတဲ့ စူပါ မားကတ်တွေက ဒေါ်လာနဲ့ပဲ ပေးရပါတယ်။ လမ်းဘေး ခေါက်ဆွဲစားရင်တောင်မှ ဒေါ်လာနဲ့ပေးရပါတယ်။ ပြန်အမ်းငွေကိုတော့ ဒေါ်လာနဲ့မအမ်းဘဲနဲ့ ကမ္ဘောဒီးယားငွေနဲ့ပဲ ပြန်အမ်းတယ်။ ဒါကကမ္ဘောဒီးယားမှာ တကယ် Dollarize ဖြစ်နေတာပါ။ နိုင်ငံတကာ ညွှန်းကိန်းတွေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ Dollarize ဖြစ်နေတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ Dollarization သွားနေတဲ့  လက္ခဏာတွေ မြင်နေရတဲ့အတွက် ဒါတွေမဖြစ်အောင် တားဆီးရမယ့် တာဝန် ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ စီးပွားရေးသမားတွေ ဒုက္ခရောက်သွားလောက်အောင် ကျွန်တော်တို့ မလုပ်ပါဘူး။ ဒါက ပထမပိုင်းကို ရှင်းပြတာ ဖြစ်ပါတယ်။ ဒုတိယ တစ်ပိုင်းက ဒေါ်လာနဲ့သုံးရင်သော်လည်းကောင်း၊ မြန်မာငွေနဲ့ သုံးရင်သော်လည်းကောင်း၊ ငွေသားတွေနဲ့ သုံးမယ့်အစား တဖြည်းဖြည်းနဲ့ ငွေသားတွေ သုံးစွဲတာကို လျှော့ချမယ်။ငွေသားသုံးတာ လျှော့ချတာ မလွယ်ပါဘူး။ အခုချိန်ထိ ဂျပန်နိုင်ငံမှာတော့ ငွေသားသုံးနေပါတယ်။ ကျွန်တော်တို့ထက် တိုးတက်တဲ့ ထိုင်းနိုင်ငံမှာလည်း ငွေသားပဲသုံးနေတုန်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ငွေပေးချေတဲ့ နေရာ ပိုပြီးမြန်ဆန်လာအောင် Electronic Pay-ment တွေဖြစ်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွက် လုပ်ငန်းရှင်အားလုံးကလည်း ပူးပေါင်းဖို့လိုပါတယ်။ ဒီအချိန်မှာ Electronic Payment တွေကို သေချာ မထောင်နိုင်သေးရင်တောင်မှ Credit Card ဆိုတာရှိပါတယ်” ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။အာက်တိုဘာ ၁၉ ရက်မှစတင်၍ နိုင်ငံခြားသုံးငွေ လိုင်စင်များ ရုပ်သိမ်းမည် ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၃၀ရက်နောက်ဆုံးထား ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာ ၁၃ရက်ရက်စွဲဖြင့် ညွှန်ကြားချက်တစ်ခုကို အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ချက်ထဲတွင် ဟိုတယ်နှင့် ခရီးလှည့်လည်ရေး လုပ်ငန်းများ၊ စားသောက် ဆိုင်များ၊Duty Free Shop များ၊ လေ ကြောင်းလိုင်းများ၊ Freight Forwarder များ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ အခြားကုမ္ပဏီများ၊ အခြားလုပ်ငန်းများ ဖြစ်သော ယွန်းထည်၊ ပိုးထည်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ စူပါမားကတ်၊ ဂေါက်သီးကလပ်များနှင့် နာရေးကူညီမှုလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။ 

Most Read

Most Recent