သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အနီးတွင် မြေအောက်ဆက်သွယ်ရေး ကေဘယ်ကြိုးတပ်ဆင်ရန် မြောင်းတူးဖော်ရာမှ ရွှေပါသည်ဟု ယူဆရသော ကျောက်တုံးများ တွေ့ရှိ၍ ဒေသခံရာနှင့်ချီ သွားရောက်တူးဖော်လျက်ရှိ

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ အနီးတွင် မြေအောက်ဆက်သွယ်ရေး ကေဘယ်ကြိုးတပ်ဆင်ရန် မြောင်းတူးဖော်ရာမှ ရွှေပါသည်ဟု ယူဆရသော ကျောက်တုံးများ တွေ့ရှိ၍ ဒေသခံရာနှင့်ချီ သွားရောက်တူးဖော်လျက်ရှိ
Published 21 November 2015

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုံးဇုံအုပ်စု ဇရပ်ကွင်းကျေးရွာနှင့် ကျောက်ဖျာကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင် ၇၃/၇၄ ကြားတွင် မြေအောက်ဆက်သွယ်ရေး မြောင်းတူးဖော်ရာမှ ရွှေပါသည်ဟု ယူဆရသော ကျောက်တုံးများ တွေ့ရှိသည့် သတင်းကြောင့်  ယင်းနေရာတစ်ဝိုက်ရှိ  အပေါ်ယံမြေသားများကို ဒေသခံရာနှင့်ချီ လာရောက်တူးဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။အဆိုပါနေရာဝန်းကျင်တွင် MPT ကေဘယ်ကြိုး မြေအောက်ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် မြောင်းတူးဖော်စဉ် ထွက်ပေါ်လာသော မြေစာများအနက် ရွှေပါသည်ဟု ယူဆရသော ကျောက်တုံးများကို ဒေသခံ ရွှေလုပ် ကိုင်သူများက ကောက်ယူစမ်းသပ်ခဲ့ရာမှ ရွှေပါဝင်သည်ဟု  သတင်းထွက်ပေါ်ခဲ့ပြီး အနီးဝန်းကျင်ရှိ ဒေသခံများ ယခုကဲ့သို့ လာရောက် တူးဖော်ကြခြင်းဖြစ်သည်ဟု သိရသည်။“မန္တလေး - မိုးကုတ် ကားလမ်းနံဘေး ဇရပ်ကွင်းရွာ တစ်လျှောက်လုံးမှာ မြေစာလာတူးတဲ့သူတွေက ပွဲတော်ကြီးတစ်ခုလိုပဲ။ ကေဘယ်လိုင်းသွယ်ဖို့ ဘက်ဟိုးနဲ့ အပေါ်ယံမြေကို ကော်ထိုးလိုက်တော့ မြေစာတွေမှာ ရွှေအ ဖတ်လိုက်ပါလာပြီး ရွှေကြောတွေ့တယ်လို့ ပြောနေကြတယ်။ အဲဒါကို ထော်လာဂျီတွေနဲ့ အုပ်စုလိုက် လာတူးနေကြသလို မိုးကုတ်ဘက်က ရွှေဆိုင်ပိုင်ရှင်၊ ပန်းတိမ်ဖိုပိုင်ရှင်တွေဆိုရင်လည်း ဖိုးဝှီးတွေနဲ့ လာတူးနေကြတာ။ အနီး ဝန်းကျင်ရွာတွေကလည်း ဆိုင်ကယ်တွေနဲ့ လာနေကြတော့ အဲဒီနေရာမှာ ကားတောင်ရပ်လို့မရဘူး” ဟု မန္တလေးမြို့မှ အဆိုပါနေရာသို့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။နိုဝင်ဘာ ၁၉ ရက်တွင် ယင်းသို့ မြေစာများ၌ ရွှေပါဝင်နေသည်ဟု စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် အနီးဝန်းကျင်မှ ဒေသခံအများအပြား လာရောက်တူးဖော်ခြင်း ဖြစ်သည်ဟု သိရသည်။လက်ရှိအချိန်၌ ယင်းနေရာသို့ သပိတ်ကျင်းမြို့နယ် အမှတ် (၂) သတ္တုတွင်းဌာနမှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သစ်တောဦးစီးဌာနမှ စိုက်ပျိုးထားသော စိုက်ခင်းများ ပျက်စီးနိုင်ခြင်း၊ မန္တလေး-မိုးကုတ်ကား လမ်းတစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် လာရောက်တူးဖော်မှုများ ဆက်လက်မပြုရန် ကြေညာစာကပ်ခြင်းနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ  စောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent