သုံးနှစ်နီးပါးကာလအတွင်း တရားမဝင် သယ်ဆောင်လာသည့် တန်ဖိုးကျပ် သန်း ၃၁၀၀ ကျော်ရှိ တမလန်း၊ ပိတောက်သစ်များ အပါအဝင် သစ်တောထွက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ စာရင်းများအရ သိရသည်။၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် အောက်တိုဘာအထိ သုံးနှစ်နီးပါးကာလအတွင်း သစ်နှင့်သစ်တောထွက်ပစ္စည်း (အခြား) ၄၉၄ တန်၊ တမလန်းသစ် ၄၇၆ တန်၊ ပိတောက်သစ် ၉၉ တန်ကျော်၊ သစ်ခွ ၁၁ တန်နီးပါး၊ ဆင်သားရေခြောက် ၁၂ ပိဿာ၊ ေ မြွေ ၄၆၅ ကီလိုနှင့် ၈၃၄ ကောင်၊ လိပ်၊ သင်းခွေ ချပ်အခွံများကို သိမ်းဆည်းရမိခဲ့ပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်းမှာ ကျပ် ၃၁၈၅ သန်းရှိကြောင်း သိရသည်။တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ ဖွဲ့စည်းပြီးနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်လကုန်ထိတွင်လည်း တရားမဝင်ကုန်သွယ်မှုများ ထိန်းချုပ်ရေးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်၊ ကျောက်စိမ်းဟုယူဆရသည့် ကျောက်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး မိုဘိုင်းဖုန်း ဟန်းဆက်၊ တမလန်းသစ် ဖမ်းဆီးရမိမှုမှာလည်း များပြားခဲ့ကြောင်း သိရသည်။တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့များက အများဆုံးဖမ်းဆီးနိုင်ခဲ့သည့် ကျန်ပစ္စည်းများမှာ မိုဘိုင်းဟန်းဆက်၊ တမလန်းသစ်၊ ပိတောက်၊ Ice ပုံဆောင်ခဲများ၊ ရွှေ၊ ဘီယာမျိုးစုံ၊ အေးခဲအသားတို့ဖြစ်ပြီး အရက်၊ ဝိုင်၊ ဓာတုဆေးရည်၊ အမိုးနီးယားနိုက်ထရိတ်၊ မော်တော်ဆိုင်ကယ်၊ ကျွဲ၊နွား၊ ဆိတ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ကုန်သွယ်မှုပြုလုပ်နေသည့် ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးရှိ တရားမဝင် ဝင်ထွက်ပေါက်များ၌ တရားဝင်ကုန်သွယ်မှုလုပ်ငန်းများ ဖြစ်ပေါ်နေခြင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကစပြီး နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးဗဟိုကော်မတီအနေဖြင့် စီမံချက်များ အသေးစိတ်ရေးဆွဲပြီး လုပ်ငန်းဆောင်ရွက်ရန် အဆင့် (၃) ဆင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆင့် (၁) တွင် နယ်စပ်ဝင်ပေါက်များနှင့် အဓိကကျသည့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများ၊ အဆင့် (၂) တွင် ရန်ကုန်မြို့ရှိ ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများနှင့် မြို့ကြီးများရှိ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများ သိုလှောင်ထားသော သိုလှောင်ရုံများ၊ အဆင့် (၃) တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းတင်သွင်းသည့် ဆိပ်ကမ်းများနှင့် လေဆိပ်များကို စစ်ဆေးရန် ဖြစ်ကြောင်းသိရသည်။ အဆိုပါအဆင့်များကို လက်ရှိဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ မင်းသီဟဇော်
သုံးနှစ်နီးပါးအတွင်း တရားမဝင် သယ်ဆောင်လာသည့် ကျပ်သန်း ၃၁၀၀ ကျော်တန်ဖိုးရှိ တမလန်း၊ ပိတောက် အပါအဝင် သစ်တောထွက်ပစ္စည်းများ သိမ်းဆည်းရမိ















