တာမွေအဝိုင်းထိပ်၌ ဖြစ်ပွားခဲ့သည့် ပါရမီ ၁၇၄ ယာဉ်အား မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်တိုက်ခိုက်ပြီး လူနှင့်ယာဉ်ကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သူူများအား အမှုဖွင့်

တာမွေအဝိုင်းထိပ်၌ ဖြစ်ပွားခဲ့သည့် ပါရမီ ၁၇၄ ယာဉ်အား မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်တိုက်ခိုက်ပြီး လူနှင့်ယာဉ်ကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သူူများအား အမှုဖွင့်
Published 3 November 2015
သီဟအောင်

တာမွေအဝိုင်းထိပ်၌ နိုဝင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့သည့် ပါရမီ ၁၇၄ ယာဉ်အား မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်တိုက်ခိုက်ပြီး လူ နှင့် ယာဉ်အား ဓာတ်ဆီလောင်း မီးရှို့ခဲ့သူများကို သက်ဆိုင်ရာ ဗဟန်းမြို့မ ရဲစခန်းက ပုဒ်မသုံးခုဖြင့် နိုဝင်ဘာ ၃ ရက်က အမှုဖွင့်ခဲ့ကြောင်း သိရသည်။အဆိုပါ ကျူးလွန်သွားသူ ၆ ဦးခန့်အား ဗဟန်းမြို့မရဲစခန်းမှ (ပ) ၄၄၈/၁၅၊ ပြစ်မှုပုဒ် မ ၄၄၀/၃၃၇/၁၁၄ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။“ကျွန်တော်တို့ အနေနဲ့ ကျူးလွန်သွားတဲ့သူတွေကို အမှုဖွင့်ပြီး အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဖြစ်စဉ်ဖြစ်သွားတဲ့ တာမွေအဝိုင်းမီးပွိုင့်က စီစီတီဗီကို ပြန်လည်ကြည့်ရှုနေပါတယ်။မျက်မြင်သက်သေတွေ့တဲ့ကားကို စစ်ဆေးနေပါတယ်”ဟု ဗဟန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။အဆိုပါ ဖြစ်ပွားခဲ့သည့် ပါရမီ ၁၇၄ ယာဉ် နှင့် အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် လူတစ်စု စီးလာသည့် အိမ်စီးကားမှာ ရှစ်မိုင်အနီးတွင် ကားမောင်းရာမှ ပြဿနာဖြစ်လာခြင်းဖြစ်ကြောင်း၊ စိုက်ပျိူးရေးမှတ်တိုင်အနီးတွင် ထပ်မံ၍ ပြဿနာဖြစ်ခဲ့ကြောင်း၊အဆိုပါ လူတစ်စုစီးလာသည့် အိမ်စီးကားမှ တာမွေအဝိုင်းထိပ်အရောက်တွင် ပါရမီ ၁၇၄ ရှေ့တွင် ပိတ်ရပ်လိုက်ကြောင်း၊ ထိုသို့ ပိတ်ရပ်လိုက်ပြီး ထပ်မံ စကားများခဲ့ကြောင်း သိရသည်။ယင်းသို့ စကားများစဉ် အိမ်စီးကားပေါ် မှ လူ ၆ ဦးခန့်က ဆင်းလာခဲ့ပြီး သစ်သားတုတ်၊ သံတုတ်၊ ဘေ့စ်ဘောတုတ်များဖြင့် ၁၇၄ ယာဉ် ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ရိုက်နှက်ခဲ့ပြီး လူဆင်းပေါက်တွင် ဓာတ်ဆီ လောင်း၍ မီးရှို့ခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ ကားနဲ့ သူတို့ ကားနဲ့ ရှစ် မိုင်မှာကတည်းက ကားချင်းငြိလာတာပါ။ စိုက်ပျိုးရေးမှတ်တိုင်မှာ လူခေါ်နေတော့ အဲဒီကားက ကျွန်တော်တို့ကားကို ဘေးချင်းယှဉ်ပြီးတော့  ကျွန်တော်တို့ကို သေချာကြည့်သွားပြီး ထွက်သွားတယ်။ တာမွေအဝိုင်းထိပ်နားရောက်တော့ ကျွန်တော်တို့ ကားရှေ့ကို ပိတ်ရပ်တယ်။ အဲဒီလိုပိတ်ရပ်တော့ ကျွန်တော်တို့ စပယ်ယာတစ်ယောက်က ဆင်းမေးတဲ့ စပယ်ယာကို အဲဒီကားပေါ်က လူတစ်ယောက်က ထိုးလိုက်တယ်။ အဲဒီမှာ ကားပေါ် လူခြောက် ယောက်လောက်က ဆင်းလာပြီးတော့ ကျွန်တော်တို့ကို ကားကိုရော လူတွေကိုရော တုတ်တွေနဲ့ ဆင်းရိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ထွက်ပြေးတာ။ ကားမီးလောင်တာ၊ ဘယ်လိုဆက်ဖြစ်တယ်ဆိုတာတော့ မသိလိုက်ဘူး” ဟု ရိုက်နှက်ခံခဲ့ရသည့် ပါရမီ ၁၇၄ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တစ်ဦးက ပြောကြားခဲ့သည်။ 

Most Read

Most Recent