အပြောင်းအလဲကို လူထုကသာ ဦးဆောင်သည်

အပြောင်းအလဲကို လူထုကသာ ဦးဆောင်သည်
Published 2 November 2015
ရဲခေါင်မဲမောင်

စစ်ကိုင်းမြို့ ဗိုလ်ချုပ်ပန်းခြံအရှေ့၌ ပြုလုပ်သည့် NLD ပါတီ အောင်နိုင်ရေး ဖျော်ဖြေပွဲသို့ လာရောက် ထောက်ခံသည့် ဒေသခံများအား တွေ့ရစဉ် (ဓာတ်ပုံ - မင်းသန့်) ဒဂုံမြို့သစ် တောင်ပိုင်းရှိ ရပ်ကွက်ကလေးတစ်ခုမှာ အခန်းကလေး တစ်ခန်း ကျွန်တော်ငှားနေသည်။
ကျွန်တော့်အခန်းကလေးနှင့် မျက်နှာချင်းဆိုင် တိုက်ခန်းမှာ ငှားနေသော မိသားစုတစ်ခု ရှိသည်။ အိမ်ထောင်ဦးစီး ဖြစ်ဟန်တူသူသည် အရက်သေစာ သောက်စား တတ်သူ တစ်ဦး ဖြစ်သည်။ မူးလာလျှင် သွေးဆိုးလေ့ ရှိသူဖြစ်ပြီး အနီးပတ်ဝန်းကျင် အိပ်မရအောင် သောင်းကျန်းတတ်ပြန်သည်။ တစ်ခါတစ်ရံ ရပ်ကွက်ကိုပင် ထွက်၍ စိန်ခေါ် ရန်ပြုတတ်လေသည်။ သို့သော် ကျွန်တော်ရောက်ပြီး မကြာမီမှာ ထိုပုဂ္ဂိုလ် ပြောင်းသွားပါသည်။
မကြာမီ ထိုအခန်းသို့ လူသစ်တစ်ဦး ပြောင်းလာသည်။ ထိုပုဂ္ဂိုလ်မှာ ရည်ရည်မွန်မွန်နှင့် အေးဆေး တက်ကြွသူတစ်ဦး ဖြစ်သည်။ သူသည် အိမ်နံရံများနှင့် ပတ်ဝန်းကျင်မှာ စွန်းထင်း ပေကျံလျက်ရှိသည့် ကွမ်းတံတွေးများကို ရှင်းလင်းသုတ်သင်လိုက်သည်။ ပွစာကြဲနေသော အမှိုက်သရိုက်များကိုလည်း အမှိုက် ပုံးများထဲသို့ သွားထည့်လိုက်သည်။ အိမ်ခန်းကလေးကိုလည်း အပြာရောင်နု ဆေးပါးပါးကလေး သုတ်လိုက်ရာ ကြည့်ပျော်ရှုပျော်နှင့် နေချင့်စဖွယ် တိုက်ခန်းကလေး ဖြစ်သွားလေသည်။ ထိုလူသစ် ပြောင်းလာခြင်းကြောင့် ကျွန်တော်တို့ တိုက်ခန်းတွဲနှင့် ပတ်ဝန်းကျင် တိုက်ခန်းများ ယခင်ကလို မကြားဝံ့ မနာသာ အော်ဟစ်ဆဲဆိုသံများ မကြားရတော့။ စိန်ခေါ် ရန်တွေ့မှုလည်း မခံကြရတော့ဘဲ အိပ်ကောင်းခြင်း အိပ်ရ၊ စားကောင်းခြင်းလည်း စားခဲ့ကြရပြီ။
ကျွန်တော့် တိုက်ခန်းကလေးရှေ့မှ တိုက်ခန်းကလေးသို့ လူပုဂ္ဂိုလ်နှစ်ဦး အပြောင်းအရွှေ့ကို ကြည့်ကာ “အပြောင်းအလဲ” ဆိုသည်ကို ကျွန်တော် တွေးကြည့်မိသွားသည်။
 လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးသို့ နေရာစုံနီးပါး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သော NLD ပါတီ၏ ဆောင်ပုဒ်မှာ “ပြောင်းလဲချိန်တန်ပြီ” ဟူ၍ဖြစ်သည်။ အဆိုပါ “ပြောင်းလဲချိန်တန်ပြီ” ဆိုသော ဆောင်ပုဒ်နှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အစိုးရအဖွဲ့ဝင် လူကြီးအချို့က မဲဆွယ်ဟောပြောကြရာတွင် “ယနေ့ ရောက်ရှိနေသော  အခြေအနေသည် သူတို့က ပြောင်းလဲပေးခဲ့၍ ရောက်ရှိနေခြင်း ဖြစ်ပြီး အပြောင်းအလဲကို သူတို့က ဦးဆောင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်” ဟု ပြောနေကြသည်။ ထိုပုဂ္ဂိုလ်ကြီးများကို ကျွန်တော်က မေးခွန်းကလေး သုံးခုမျှ မေးလိုက်ချင်ပါသည်။ ကိုရီးယား ဇာတ်ကားများထဲမှ လေသံအတိုင်း ပြောရလျှင် “စိတ်ရင်း” နှင့် ဖြေစေ ချင်ပါသည်။ မေးခွန်းသုံးခုမှာ-
၁။ ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံကြီးသာ မပေါ်ပေါက်ခဲ့ပါက မဆလအစိုးရသည် ယခုအချိန်အထိ တစ်ပါတီ အာဏာရှင်စနစ်ဖြင့်သာ တိုင်းပြည်ကို အုပ်ချုပ်နေလိမ့်မည်ဟု ဆိုပါလျှင် မှန်ပါသလား။
၂။ ၁၉၈၈  ခုနှစ် လူထု အရေးတော်ပုံကြီးသာ မပေါ်ပေါက်ခဲ့ပါက မဆလအစိုးရသည် လူထုက ရွေးချယ် တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရကို သေနတ်ဖြင့် ခြိမ်းခြောက် အကျပ်ကိုင် အာဏာသိမ်းခဲ့သည်ကို မှားမှန်းသိ၍ နောင်တလည်းရပါပြီ။ ထို့ကြောင့် ပြည်သူလူထု၏ အာဏာကို ပြည်သူလူထု၏ လက်ထဲသို့ ပြန်လည်အပ်နှံနိုင်ရန် ပါတီများထောင်ကြပါ” ဟု မေတ္တာရှေ့ထား ပြောကြားလာပါမည်လား။
၃။ ယခု “ပြည်သူ” ဆိုသော စကားလုံးနှင့် “ဒီမိုကရေစီ” ဆိုသော စကားလုံးတို့ကို ပါးစပ်မှ အမြှုပ်တစီစီထွက် ကျယ်ကျယ်လောင်လောင် အော်နေကြသူတို့သည် စစ်အာဏာရှင်များ ဖြစ်ခဲ့ကြပြီး ဒီမိုကရေစီစစ်စစ် သမားများကို ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက် ထောင်ချ သတ်ဖြတ်ခဲ့ကြသူများလည်း ဖြစ်သည်ဆိုလျှင် လက်ခံ ပါသလား ဆိုသည့် မေးခွန်းများ ဖြစ်ပါသည်။ ဖော်ပြပါ မေးခွန်းများကို မှန်ကန်ရိုးသားစွာ ဖြေဆိုခဲ့လျှင် သော်လည်းကောင်း မမှန်မကန် မရိုးမသား ဖြေဆိုခဲ့လျှင် သော်လည်း ကောင်း အဖြေက တစ်ခုတည်းသာ ရှိပါသည်။ ထိုအဖြေမှာ “မပြောင်းလဲသေးပါ” ဖြစ်ပြီး စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအရ ခင်းကျင်း ထားသော အခင်းအကျင်းကို “အပြောင်းအလဲ” ဟု ယုံကြည်နေကြပါလျှင် ထိုအပြောင်းအလဲကို ဦးဆောင် ခဲ့ကြသူများမှာ ပြည်သူလူထု ယနေ့ အထူးသဖြင့် ကျောင်းသားများသာ ဖြစ်ပါသည်။
မပြောင်းလဲခြင်းကို ရှင်းအောင် ထပ်မံ ဖော်ပြရလျှင် ယနေ့နိုင်ငံတော်၏ အုပ်ချုပ်ရေး ပုံစံကိုကြည့်က ထင်ထင်ရှားရှား သိမြင်နိုင်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့၏ ထိပ်ဆုံးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီရှိသည်။ အဆိုပါ ကောင်စီတွင် ၁၁ ဦးပါဝင်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဒုတိယကာကွယ်ရေး ဦးစီးချုပ်၊ နယ်လုံဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး ပေါင်း ခြောက်ယောက်တို့သည် တပ်မတော်မှ ဖြစ်သည်။ ကျန်ငါးဦးတွင်လည်း အရပ်သား စစ်စစ် တစ်ဦးသာ ပါဝင်ပြီး လေးဦးမှာ အာဏာရယူရန်အတွက် တပ်မတော်မှ အငြိမ်းစား ယူထားသူများဖြစ်ပါသည်။
ထို ၁၁ ဦးအောက်မှာ ကာကွယ်ရေး ဦးစီးချုပ်ရှိပြီး သမ္မတက တတိယနေရာမှာ ရှိသည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်ပါက သမ္မတအနေဖြင့် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်း ရမည်ဟု ၂၀၀၈ မှာ အတိအလင်း ရေးဆွဲထားသည်။ သမ္မတပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်၊ လွှတ်တော်ဥက္ကဋ္ဌများအောက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရှိသည်။ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးသည် စစ်တပ်မှ အငြိမ်းစား ယူထားသူများချည်း ဖြစ်ပါသည်။ နောက်  မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း  ပြည်သူလူထုက ရာနှုန်းပြည့် ရွေးချယ်ခွင့် မရရှိသေးပါ။
အချို့က လူမပြောင်း မူပြောင်းဟု ဆိုလာကြပြန်ပါသည်။ မူပြောင်းသည်ဟ ုဆိုပါလျှင် ထိုပြောင်းသည့် မူဖြင့် ဆောင်ရွက်ခဲ့သည့် မည်သည့်လုပ်ငန်းများ အောင်မြင်မှု ရှိပါသလဲဟု ကျွန်တော် မေးမြန်းချင်လှပါသည်။ ကျွန်တော် လေ့လာမိသမျှကတော့ ကျွန်တော်တို့နိုင်ငံသည် ဒေသတွင်း ဆင်းရဲမွဲတေမှု နံပါတ် (၁)၊ ကမ္ဘာ့ ဘိန်းအများဆုံး ထုတ်လုပ်မှု နံပါတ် (၂)၊ ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု အဆိုးရွားဆုံးနံပါတ် (၃)၊ ကမ္ဘာ့အဂတိလိုက်စားမှု နံပါတ် (၉)၊ တရားဥပဒေစိုးမိုးရေး ဒေသတွင်း ၁၅ နိုင်ငံမှာ နံပါတ် (၁၄)၊ ကျန်းမာရေး စောင့်ရှောက်မှု WHO အဖွဲ့ဝင် နိုင်ငံ ၁၉၀ မှာ အဆင့် ၁၉၀ နှင့် တစ်နေ့လုပ်ခ အနည်းဆုံး နိုင်ငံ ဖြစ်နေပါသည်။
ပညာရေးတွင် ကျောင်းသားနှင့် ပြည်သူများ ထောင်သွင်း အကျဉ်းချ ခံထားရပြီး အမျိုးသား ပညာရေး စနစ် ပြောင်းလဲမှု မရှိသေးခြင်း၊ လျှပ်စစ်မီး ဆိုပါကလည်း နိုင်ငံခြားမှ ချေးငွေအရေးအတွက်သာ အဆမတန် များပြားလာပြီး ပြည်တွင်း လျှပ်စစ်မီး ရရှိမှုအခြေအနေမှာ ထူးခြားစွာ ပြောင်းလဲလာခြင်း မရှိသေးပါ။ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုးပြီး ထိုစာချုပ်ကို လက်မှတ်ရေးထိုးပြီးမှ စစ်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး စစ်ဘေး ရှောင် ဒုက္ခသည်များ ပိုမို များပြားလာနေပါသည်။ ဒေါ်လာဈေးများ မြင့်တက်ကာ မြန်မာငွေကြေး ဖောင်းပွမှုှုနှုန်း မြင့်တက်လျက် ကုန်ဈေးနှုန်းများ အဆမတန် ကြီးမားလာနေပါသည်။
အခြားလူကြီးမင်း တစ်ဦးကလည်း “လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ပြောင်းလဲနေတာ မမြင်ကြဘူးလား” ဟုဆိုကာ မဆလ၊ နဝတ၊ နအဖ ခေတ်များနှင့်မတူဘဲ လူအတော်များများ လက်ကိုင်ဖုန်း ကိုင်နိုင်ခြင်း၊ မော်တော်ဆိုင်ကယ်နှင့် ကားစီးနိုင်ခြင်းတို့ကို ဥပမာပေးပါသည်။
ကျွန်တော်သည် ထိုင်းနိုင်ငံ၌ ငါးနှစ် နေထိုင်ခဲ့ဖူးသည်။ ထိုင်းမှာ လက်ကိုင်ဖုန်း ခပ်သင့်သင့် တစ်လုံးဆိုလျှင် ဘတ် ၄၀၀၀ နှင့် ဝယ်ယူ ရရှိနိုင်ပါသည်။ အသုံးပြုပြီးသား လက်ကိုင်ဖုန်း တစ်လုံးကို ဘတ် ၅၀၀ နှင့် ရနိုင်ပါသည်။ မြန်မာနိုင်ငံ၌ အဆိုပါ ဖုန်းမျိုးကို ကျပ်တစ်သိန်းနှင့် အထက်ပေးမှသာ ကိုင်နိုင် အသုံးပြုနိုင် ပါသည်။ မော်တော်ဆိုင်ကယ်ဆိုလျှင်လည်း Wave Dream အစရှိသည့် အမျိုးအစား ကောင်းမွန်သော ဆိုင်ကယ်များကို ဘတ်လေးငါးသောင်းပေး၍ ဝယ်ယူ စီးနင်းနိုင်သည်။ မြန်မာနိုင်ငံမှာတော့ တရုတ် လုပ် ခပ်ညံ့ညံ့ ဆိုင်ကယ်တစ်စီးကို မြန်မာငွေ သုံးသိန်းလောက်မျှ မပေးနိုင်လျှင် မစီးနိုင်ပါချေ။ ထို့အတူ မော်တော်ကားဆိုလျှင်လည်း ဤနည်း နှင်နှင် ဖြစ်ပါသည်။
တစ်ခါက မော်တော်ကားနှင့် ပတ်သက်နေသည့် အရာရှိတစ်ဦး၏ အင်တာဗျူးတစ်ခုကို စာစောင်တစ်ခုမှာ ကျွန်တော် ဖတ်ရသည်။ သူက “ဒီနေ့မြန်မာနိုင်ငံရဲ့ ကားဈေးဟာ အာရှမှာ ကားဈေးအပေါဆုံး ဆိုတဲ့ ထိုင်းထက်တောင် ပိုပြီးဈေး ချိုနေပါပြီ။ မြန်မာငွေ သိန်း ၇၀-၈၀ ပေးရုံနဲ့ ကားစီးနိုင်ကြပါပြီ” ဟု ပြော သွားသည်။ ကျွန်တော် အလွန် စိတ်ပျက်သွားပါသည်။ ထိုင်းမှာ စက်ရုံထွက် Hilux ကားအသစ်တစ်စီးကို  ဘတ် ၇-၈ သိန်းသာ ပေးရသည်။ မြန်မာကျပ်ငွေ သိန်း ၇၀-၈၀ ပေး၍ စီးရသောကားများသည် အသစ် စက်စက်များ မဟုတ်။ အသုံးပြုပြီးသား Used များဖြစ်သည်။
ဆိုရလျှင် လက်ကိုင်ဖုန်းတစ်လုံးကို မြန်မာငွေ ကျပ် ၄-၅ ထောင်ဖြင့် ကိုင်နိုင်ကြပါပြီလား။ ဆိုင်ကယ် အသစ်တစ်စီးကို မြန်မာငွေကျပ် လေးငါးသောင်းဖြင့် စီးနိုင်ကြပါပြီလား။ မော်တော်ကား အသစ်တစ်စီးကို ၇-၈ သိန်းဖြင့် မြန်မာများ စီးနိုင်ကြပါပြီလား။ ၎င်းအပြင် ထိုင်း၌ ဘတ် ၁၅၀၀ - ၂၀၀၀ ပေးရုံမျှနှင့် အခြေခံ လူတန်းစားများအတွက် သင့်တင့်ကောင်းမွန်သော တိုက်ခန်းတစ်ခန်း ငှား၍ နေထိုင်နိုင်ပါသည်။ မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေ ၁၅၀၀ - ၂၀၀၀ ဖြင့် ငှားနေနိုင်မည့် သင့်တင့် ကောင်းမွန်သော တိုက်ခန်း ရှိပါသလား” ဟု ကျွန်တော်ကမေးလျှင် လွန်ခဲ့သော ငါးနှစ်ကပင် အပြောင်းအလဲက ဖြစ်နေပါပြီဟု ဆိုသောလူကြီးမင်း မည်ကဲ့သို့ဖြေမည် ဆိုသည်ကို နားထောင် ကြည့်ချင်လှပါသည်။ တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ထိုတိုင်းပြည်အတွင်း၌ မှီတင်းနေထိုင်ကြသော တိုင်းသူပြည်သားများ၏ ပျော်ရွှင်မှု ရာခိုင်နှုန်းကိုပါ ထည့်သွင်းတွက်ချက်ရသည်။ ပြောင်းလဲနေပြီ၊ အပြောင်းအလဲက လွန်ခဲ့သော ငါးနှစ်ကတည်းကပင် ဖြစ်ခဲ့ပြီဆိုသော ပုဂ္ဂိုလ်ကြီးများအနေဖြင့် ပြည်သူပြည်သားများ၏ ပျော်ရွှင်မှုကို မေ့လျော့ ထားကြပုံရသည်ဟု ကျွန်တော်ထင်ပါသည်။
ကျွန်တော်တို့  မြန်မာစကား  “အပြောင်းအလဲ” ဆိုသည်မှာ “အသစ်” ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။  ဤစာစုကလေး၏အစ၌ ကျွန်တော်ရေးခဲ့သည့် တိုက်ခန်း အပြောင်းအရွှေ့ကိုကြည့်ပါ။ အနေအထိုင် ညစ်ပတ်လျက် ရပ်ကွက် အော့ကြောလန်သူတစ်ဦး အပြီးတိုင် ပြောင်းရွှေ့သွားပြီး သန့်ရှင်း ရိုးသားသူတစ်ဦး ပြောင်းရွှေ့ ရောက်ရှိလာမှသာလျှင် ရပ်ကွက်ကလေး စိတ်ချမ်းသာ သွားရသည်မဟုတ်လား။ လူကမူကို လုပ်ချင်သလို လုပ်နေနိုင်သောကြောင့် “လူခင်မူပြင်၊ လူမုန်းမူသုံး” စကားပင်လျှင် လူမှုနယ်ပယ်၌ အခိုင်အမာ ရှိနေရကား လူမပြောင်း မူပြောင်းလည်း လုပ်၍မရပါ။ “လူ” ပြောင်းမှသာ နိုင်ငံ ပြောင်းလဲမည် ဖြစ်ပါသည်။
နိုင်ငံများ အထူးသဖြင့် အာဏာရှင် နိုင်ငံများ၏ အပြောင်းအလဲကို လူထုကပင် ဦးဆောင်ရလေ့ ရှိပါသည်။ အာဏာရှင်များက ၎င်းတို့ အာဏာ၊ ရာထူးနှင့် စည်းစိမ်များကို အတို့အထိ မခံနိုင်ကြသဖြင့် လူထု လိုလားသော အပြောင်းအလဲကို နည်းမျိုးစုံဖြင့် ကာကွယ်တားဆီးကာ  ဟန်ပြ အပြောင်းအလဲမျိုးကိုသာ ဖော်ဆောင်လေ့ ရှိပါသည်။ ယခုကျွန်တော်တို့နိုင်ငံသည် “ရွေးကောက်ခံ အာဏာရှင်စနစ်” ကျင့်သုံးနေသော နိုင်ငံဖြစ်သည်။ “ရွေးကောက်ခံ လူထုဒီမိုကရေစီ” ကျင့်စဉ်ကို သွားမည့် နိုင်ငံတော်သစ်အတွက် အစစ်အမှန် အပြောင်းအလဲကို ပြည်သူလူထုက ဦးဆောင်ရပါလိမ့်မည်။ ပြည်သူလူထု ဦးဆောင်သည့် အပြောင်းအလဲသာလျှင် ပြည်သူလူထု ကို ပျော်ရွှင်မှုပေးနိုင်ပြီး နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမှာ အမှန်ဖြစ်သည်။
ပြည်သူလူထု လိုလားသော တိုင်းပြည်နှင့် ပြည်သူလူထု ဦးဆောင်မည့် အပြောင်းအလဲအတွက် နိုဝင်ဘာ ၈ ရက်သည် ပြည်သူလူထုကို အသင့်စောင့်ကြိုနေပြီ ဖြစ်ပါသည်။

Most Read

Most Recent