စစ်ဘေးရှောင်ရင်း တစ်ခါတလေ တွေးမိတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့အချိန် ရလာတဲ့ စိတ်ခံစားမှုက ဘယ်ခံစားမှုနဲ့မှ မတူတာကို ပေါ့။ ပစ်သံခတ်သံတွေ ကိုယ့်နဲ့အနီးဆုံးမှာ ကြားနေရတဲ့အချိန်မှာ စိတ်လုံခြုံမှုမရှိတဲ့ ခံစားမှုကြောင့် ကိုယ့်အသက်ထက် ဘယ်အရာမှ အရေးမကြီးဘူး။ အသက်ရှင်သန်နေသေးသရွေ့ ဘယ်အရာမဆို ကိုယ်ကပြန်လည်ရှာဖွေနိုင်တယ်။ ဘယ်ပစ္စည်းမဆို ပြန်လည်စုဆောင်း ဝယ်ယူနိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ မရှိမဖြစ် ပစ္စည်းတချို့ကိုသာ သယ်ဆောင် လာပြီး စစ်ဘေးကိုရှောင်ခဲ့ကြတယ်။
စစ်ဘေးမရှောင်ခင်ကာလအတွင်း စစ်ရှောင်ရင်း ယူဆောင်ထားဖို့ ပစ္စည်းတချို့ကို ကြိုတင်ပြင်ဆင်ပြီး ထည့်ထားခဲ့လို့ပါသင့်တာ ပါခဲ့တယ်လို့ဆိုလို့ရပေမဲ့ အခုနေ ပြန်ပြီးတွေး ကြည့်မိပြန်ရင် တကယ်တမ်းတော့ ကိုယ်သယ်လာရမယ့် မဖြစ်မနေ ယူလာရမယ့် ပစ္စည်းတွေ ယူမလာနိုင်ခဲ့ပါဘူး။
လူတိုင်းလူတိုင်းမှာ ကိုယ်တန်ဖိုးထားခဲ့ တဲ့အရာတွေ၊ ကိုယ်မြတ်နိုးတွယ်တာရတဲ့ ပစ္စည်းတွေ ရှိနေတတ်စမြဲမဟုတ်လား။ ဒါ ပေမဲ့လည်း အသက်နဲ့ယှဉ်ပြီးတိုင်းတာရတဲ့ အခါ၊ စဉ်းစားကြရတဲ့အခါ ဒွိဟစိတ်နဲ့ အားပြိုင်နေခဲ့ကြရတယ်။
ကိုယ့်ဘဝမှာ ဘယ်တော့မှ ပြန်ဝယ်ယူ လို့မရတော့တဲ့ ပစ္စည်းတချို့အတွက် ထားရစ် ခဲ့ရကောင်းလားဆိုတဲ့အတွေးတွေက ကိုယ့် ဆုံးဖြတ်ချက်တွေအတွက် နောင်တရစေသလို ဖြစ်စေတယ်။ တိုက်ပွဲတွေဖြစ်ပွားနေပြီး လေဟာပြင်တွေထဲ ကျည်ဆန်တွေ ဦးတည်ချက်မဲ့ ပြေးလွှားနေတဲ့အချိန်မှာ ဘယ်လိုမှဆုံးဖြတ် ချက်အမှန်ကို မချနိုင်ဘူးဆိုတာ တိုက်ပွဲတွေ ကို ကိုယ်တွေ့ကြုံခဲ့ရသူတွေပဲ သိမယ်ထင်ပါ တယ်။
ဘဝမှာ နဖူးတွေ့ဒူးတွေ့ကြုံရတဲ့ မြေပြင် တိုက်ပွဲကြားထဲ ရက်ကာလ အတန်ကြာ အောင်တောင့်ခံထားနိုင်ခဲ့ပေမဲ့ နောက်ဆုံး တော့ ကိုယ်လည်း အများနည်းတူ စစ်ဘေးကို ရှောင်ခဲ့ရတာပါပဲ။ တိုက်ပွဲတွေ မဖြစ်ခင်က ဒီနယ်မြေဒီအရပ်ကို ဘယ်လိုနည်းနဲ့မှ မစွန့် ခွာဘူး။ ကိုယ်အလုပ်လုပ်တဲ့နေရာနဲ့ ကိုယ့် အိမ်လေးကို အမြဲဖက်တွယ်ထားမယ်။နောက် ဆုံးအချိန်အထိ ရှိနေပေးမယ်လို့ စိတ်ဆုံး ဖြတ်ချထားခဲ့ပေမဲ့ တကယ်တမ်း တိုက်ပွဲတွေ ဖြစ်လာခဲ့တဲ့အခါ နေ့ရက်တွေ ကြာလာတာနဲ့ အမျှ ယုံကြည်ချက်တွေက ပျက်ယွင်းလို့လာခဲ့ ပါတယ်။
နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်း သေနတ် သံ၊ ဗုံးသံတွေကြားထဲ ရှင်သန်နေခဲ့ရတဲ့ အ ချိန်ကာလတွေများလာတော့ စားမဝင်အိပ်မ ပျော်တဲ့ ရောဂါကစွဲကပ်လာခဲ့တယ်။ ဘာစား စားစား မဝင်တော့သလို ညတိုင်းလည်း အိပ် မပျော်တော့ဘူး။ တစ်ရက်ကဆို တစ်ညလုံး သေနတ်သံတွေကြား နယ်မြေအခြေအနေ တွေ နားစွင့်ရင်း မှေးခနဲ အိပ်ပျော်သွားချိန်မှာ ရုတ်တရက် တစ်မြို့လုံးတုန်ခါသွားတဲ့ ပေါက် ကွဲသံကြီးကြောင့် အိမ်အပြင်ဘက်ကို ထွက် ကြည့်မိတယ်။
လွယ်ပြေတောင် မန်အိုင်ကုန်းဘက်မှ မီးတောက်အကြီးကြီးတွေ တွေ့လိုက်ရတယ်။ မိုးကလည်း တစိမ့်စိမ့်ရွာနေတာမို့ ပတ်ဝန်း ကျင်က အေးစက်စက်နိုင်လှပေမဲ့ ဗုံးသံရဲ့ နောက်မှာတော့ လက်နက်ငယ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတယ်။
မိုးရေစက်တွေထဲမှာ မြို့ပတ်လည်က အမြောက်သံနဲ့ လက်နက်ကြီးသံတွေ ဆက် တိုက်ဆိုသလိုပဲ ထွက်ပေါ်လာပြန်တယ်။ နောက်ပြီး လက်နက်ကြီးတွေ တစ်လုံးပြီးတစ် လုံး မြို့ထဲကိုကျလာတဲ့အသံတွေ ကြားရပြန် တယ်။ သိပ်မကြာဘူး လွယ်ပြေတောင်နဲ့အနီး စပ်ဆုံး ရပ်ကွက် (၅) ဘက်မှာ မီးတောက်အ ကြီးကြီးတွေ တွေ့ရပြန်တယ်။ မိုးက တစိမ့်စိမ့် မို့ မီးတောက်ကြီးက အချိန်အတော်ကြာတဲ့ အထိ တောက်လောင်နေတာကို အဝေးကနေ မြင်နေရပြန်တယ်။
မြို့ရဲ့အရှေ့ဘက်နဲ့ အရှေ့တောင်ဘက် တွေဆီမှာတော့ လက်နက်ငယ်သံတွေဆက် တိုက်ကြားရပြန်တယ်။ မြို့တွင်းမှာတော့ လက်နက်ငယ်သံတွေ လက်နက်ကြီးပစ်ခတ် သံတွေကလွဲလို့ ဘာအသံမှမကြားရဘူး။ အိမ်တိုင်းအိမ်တိုင်း တိတ်တိတ်ဆိတ်ဆိတ် ရှိနေကြတယ်။
မနက်မိုးလင်းလို့ အရဲစွန့်ပြီးမြို့ထဲက စျေးဆိုင်တွေဆီ စျေးသွားဝယ်တော့ စျေးဆိုင် တွေက တံခါးတစ်ချပ်လောက်သာဖွင့်ပြီး စျေး ရောင်းပေးနေပါတယ်။ ဆိုင်ရှင်နဲ့ စျေးဝယ်သူ တွေရဲ့ မျက်လုံးတွေထဲမှာတော့ စိုးရိမ်စိတ် ရယ် စူးစမ်းတဲ့စိတ်ရယ် ပေါင်းစပ်နေပြီး တစ် ယောက်နဲ့တစ်ယောက် မနေ့ညက လက်နက် ကြီးသံတွေအကြောင်း စကားစမြည်ပြောနေ ကြတယ်။
တချို့က ဘယ်နေ့ပြေးကြမလဲ။ ဘယ် အချိန်စစ်ဘေးရှောင်ကြမလဲ။ ကျွန်တော်တို့ ပြေးကြရင် ဒီပစ္စည်းတွေဘယ်လိုထားခဲ့ကြ မလဲ။ ဘယ်လိုယူသွားကြမလဲ စသည်ဖြင့် စသည်ဖြင့် ပြောဆိုနေသံတွေကို ကြားနေရ ပါတယ်။
လားရှိုးမြို့မှာ တိုက်ပွဲတွေဖြစ်နေတဲ့အ ချိန် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းမှာ တည်ငြိမ်အေးချမ်းတဲ့ မြို့တွေဆိုလို့ မူဆယ်၊ တန့်ယန်း၊ မိုင်းရယ် ဒီမြို့တွေလောက်ပဲကျန် တော့တဲ့အနေအထား။ လားရှိုးကနေ စွန့်ခွာ ရင် မူဆယ်ကိုခရီးနှင်ဖို့က သိန္နီ၊ ကွတ်ခိုင်၊ ၁၀၅ မိုင်တွေကို ဖြတ်သန်းပြီးမှ သွားရမယ့် အနေအထားဆိုတော့ တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကို လမ်းခရီးလုံခြုံရေးအခြေအနေ အရ ဘယ်လိုမှသွားလို့မရတဲ့ အခြေအနေပါ။
လားရှိုးကနေ တန့်ယန်းနဲ့ မိုင်းရယ်မြို့ကို အနီးစပ်ဆုံးပြေးကြရအောင်ကလည်း လားရှိုး နဲ့ မိုင်းရယ်၊ တန့်ယန်းကြားမှာ လက်နက်ကိုင် အဖွဲ့တွေက ရှိနေလေတော့ ချောင်းဖြတ်ပြီး ခရီးနှင်ရတဲ့ နမ့်လန်ဘက်ကနေမှတစ်ဆင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်တော၊ ကျောက်ဂူ၊ ရပ်စောက်၊ တောင်ကြီးဘက်နဲ့ နမ့်လန်၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ တောင်ကြီး လမ်းအတိုင်း စစ်ဘေးရှောင်ကြရတယ်။
တချို့က အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ မြို့တွေပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ ခေတ္တနားခိုရင်း တိုက်ပွဲတွေရပ်တန့််သွားမယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။ တိုက်ပွဲ တွေဖြစ်ပွားနေတဲ့ လားရှိုးမြို့မှာတော့ ဇူလိုင် လအတွင်း နေ့စဉ်နေ့တိုင်း ဒေသခံထောင် သောင်းချီမြို့ကို စွန့်ခွာခဲ့ကြတယ်။ ရှည်လျား လှတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်နဲ့ တော တွင်းလမ်းတွေမှာ အိမ်စီးကားလှလှလေးတွေ၊ ကုန်တင်ကားငယ်လေးတွေ၊ အိမ်မှာ တယုတ ယစီးခဲ့တဲ့ ဆိုင်ကယ်လှလှလေးတွေ ရွှံ့ညွှန် တွေထဲ တောင်ပေါ်လမ်းတွေထဲ ဖြတ်သန်း မောင်းနှင်ရုန်းထွက်ပြီး ပြေးခဲ့ကြရတယ်။
စစ်ဘေးရှောင်ရင်း ပင်ပန်းလွန်းလို့ လူ သူမရှိတဲ့ တောတောင်ကြီးထဲက အပင်ကြီး အောက်မှာ ညကြီးမိုးချုပ်ဆိုင်ကယ်တွေ၊ ကား တွေထိုးပြီး ညအိပ်ခဲ့ကြတယ်။ တောကောင် တွေကြောက်ရကောင်းမှန်းလည်းမသိ ဆိုင် ကယ်လေးတစ်စီးနဲ့ ခရီးဆက်ခဲ့ကြသူတွေ လည်း လမ်းမှာတွေ့ခဲ့တယ်။
ပုံမှန်အားဖြင့်လားရှိုးကနေ သုံးနာရီသာ သာလောက် မောင်းနှင်ရင်ရောက်တဲ့ နမ့်လန် ကို ၂၄ နာရီလောက် တောလမ်းအတိုင်း ခရီး နှင်ကြရတယ်။ စဥ့်အင်ချောင်းကူးတံတား မိုင်းခွဲခံထားရတဲ့အတွက် ဒီချောင်းကိုဖြတ် ကျော်ဖို့အတွက် ၂၄ နာရီလောက် တောတွင်း ပတ်လမ်းအတိုင်း ခက်ခက်ခဲခဲ မောင်းနှင် ဖြတ်သန်းခဲ့ကြရတယ်။
ကိုယ့်အသက်ထက် ဘယ်အရာမှအရေး မကြီးတာမို့ ကျည်လွတ်ကင်းရာကို ပြေးရှောင် ကြရတယ်။ တချို့တွေအိမ်ကသာ ထွက်လာ ပေမယ့် ဘယ်မြို့ဘယ်နေရာကို သွားရမယ် မှန်းတောင် မစဉ်းစားနိုင်သေးဘူးတဲ့။ ရှိတဲ့ ပိုက်ဆံလေးကိုလက်ကကိုင်ပြီး ဒီမြို့ကဝေး ရင်ပြီးရောဆိုတဲ့စိတ်နဲ့ ထွက်ခဲ့ကြတယ်။ ဘယ်မြို့ ဘယ်နေရာမှာခိုလှုံကြမယ် ရှောင် နေကြရမယ်ဆိုတာကတော့ နောက်မှစဉ်းစား တော့မယ်တဲ့။
အိမ်ကထွက်လာကြပေမဲ့။ ဒီမြို့ကို စွန့် ခွာလာခဲ့ကြပေမဲ့ ဘယ်ကိုခရီးနှင်လို့ နှင်ရမှန်း မသိတဲ့ ဦးတည်ချက်မဲ့သူတွေ တစ်ပုံတစ်ပင် ကြီးရှိနေတာကိုတွေ့လိုက်ရတယ်။ သူတို့အ တွက် ဒီမြို့ကနေဝေးမှ သက်ပြင်းကောင်း ကောင်းချ၊ ရှိုက်ကြီးတငင်ငိုပြီးမှ ခေတ္တနားခို ရာနေရာကို စဉ်းစားဆုံးဖြတ်ရမယ့်ဘဝ။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကနေ စစ် ဘေးရှောင်လာသူတွေ အများစုဟာရှမ်းပြည် နယ် (တောင်ပိုင်း) ဘက်က မြို့တွေမှာဖြန့်ခွဲ ပြီး စစ်ဘေးရှောင်ကြသူတွေများပေမဲ့ တချို့ တွေလည်း ကိုယ့်မိဘဆွေမျိုးတွေရှိရာ ငြိမ်း ချမ်းတဲ့ နယ်မြေတချို့ဆီကို ရှောင်ကြတယ်။
တချို့တွေအတွက် ကျည်ဆန်တွေကို ကြောက်လို့ ဗုံးဒဏ်တွေကိုကြောက်လို့ လွှတ် ရာကို ပြေးရှောင်လာခဲ့ကြပေမဲ့ တိုက်ပွဲရှောင် ရင်း အသက်ပေးခဲ့ကြရသူတွေရဲ့ သတင်းတွေ လည်းဖတ်ရကြားရတယ်။
တိုက်ပွဲရှောင်ရင်း ယာဉ်တိုက်လို့ အ သက်ပေးခဲ့ကြရသူရှိသလို လမ်းခရီးကြမ်း လွန်းတဲ့ဒဏ်ကို မခံနိုင်တာကြောင့် လမ်းခရီး မှာအသက်ဆုံးရှုံးကြရတဲ့ သက်ကြီးရွယ်အို တွေရဲ့ သတင်းတွေလည်းကြားကြရတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲတွေဖြစ်လို့ စစ်ဘေးရှောင်ရင်း ကြုံတွေ့ကြရတဲ့ အတွေ့ အကြုံတွေကတော့ တစ်ယောက်နဲ့ တစ် ယောက် တူနိုင်ကြမှာ မဟုတ်ပေမဲ့ နာကျင် ဒဏ်ရာရခဲ့ပုံချင်းကတော့ ထပ်တူရှိခဲ့ကြမယ် ထင်ပါတယ်။