အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် MPT မိုဘိုင်း ဖုန်းလိုင်းများမှာ ပါဝါပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ကြကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် သုံးစွဲသူများမှ စုံစမ်းသိရသည်။
MPT ဖုန်းလိုင်းများမှာ မွန်းတည့် ၁၂ နာရီခန့်မှ စတင် ပြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖုန်းလိုင်းအချို့ ပြန်လည် ကောင်းမွန် ခဲ့သော်လည်း ဖုန်းလိုင်း အများစုမှာ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးကြောင်း သိရသည်။
“ပါဝါပိုင်း ချွတ်ယွင်းသွားတာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့ မရပါဘူး။ လက်ရှိမှာ ဖုန်းလိုင်း တစ်ချို့ ပြန်ကောင်းလာပါပြီ။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်နေတုန်း ဖြစ်ပါတယ်။ ကျန်တဲ့ဖုန်းတွေလည်း ဒီနေ့အပြီး ပြန်ကောင်းသွားမှာပါ။GSM နဲ့ WCDMA ဖုန်းတွေ အကုန်လုံး ဖြစ်ပါတယ်။ Main က ဒီမှာဖြစ် လို့တစ်နိုင်ငံလုံးက ဖုန်းတွေမှာ ဒီလိုမျိုး ဖြစ်ပါတယ်။ နေပြည်တော်ကတော့ ဦးစားပေးအနေနဲ့ လိုင်းတွေ ပြန်တက်နေပါပြီ။ ဒီမှာလည်း ပြန်ကောင်းတဲ့ ဖုန်းတွေ ပြန်ကောင်းနေပါ ပြီ”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စီးပွားရေးဌာနမှ ဒါရိုက်တာ ဦးသိန်းဟုတ်က ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
GSM နှင့် WCDMA ဖုန်းအားလုံးနီးပါး ချွတ်ယွင်းခဲ့ခြင်းဖြစ်ပြီး CDMA ဖုန်းများမှာ ကောင်းမွန်နေ ခဲ့ကြောင်း သိရသည်။ ယခုချွတ်ယွင်းမှုမှာ ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လိုင်းပျောက်နေသော ဖုန်းများရှိသကဲ့သို့ လိုင်းတုံးများ ပေါ်နေသော်လည်း ဆက်သွယ်၍ မရသောဖုန်းများလည်း ရှိခဲ့ကြောင်းသိရသည်။
“မွန်းလွဲ ၁ နာရီလောက်မှာ စ သတိထားမိတာ။ နေရင်းထိုင်ရင်း ဖုန်းက လိုင်းတုံးတွေ ပျောက်သွားတယ်။ ပထမတော့ ဟန်းဆက် ပျက်သွားတယ်လို့ပဲ ထင်နေတာ။ နောက်တော့မှ MPT ဖုန်းလိုင်းတွေပြတ် တောက်တာ ဖြစ်နေတယ်။ တယ်လီနော၊ အူရီဒူးဖုန်းတွေကို ပြောင်းသုံးရတယ်”ဟု MPT ဖုန်းအသုံးပြုသူ တစ်ဦးက ပြောကြားခဲ့သည်။
လိုင်းပြန်လည် ကောင်းမွန်လာသော MPT ဖုန်းများမှာ MPT အချင်းချင်းသာ ဆက်သွယ်ခေါ်ဆို၍ ရပြီး တယ်လီနော၊ အူရီဒူးဖုန်းများဖြင့် ခေါ်ဆိုပါက ခေါ်ဆို၍မရခြင်းများနှင့် ဆက်လက် ကြုံတွေ့ခဲ့ကြရ ကြောင်းသိရသည်။
“တခြားအော်ပရေတာတွေရဲ့ ဖုန်းတွေနဲ့ ခေါ်လို့မရသေးဘူးဆိုတာ က Interconnection အပြန်အလှန် ချိတ်ဆက်မှုတွေကို ပြန်ညှိနေရလို့ ပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
“လိုင်းပျောက်နေတာကို ဖုန်းဆက်ပြီး မေးတော့လည်း ဖြေချင်သလို မဖြေချင်သလိုနဲ့၊ စာပို့ပြီး မေးတော့လည်း Reply ရဖို့ တရေးအိပ်ပြီး စောင့်လိုက်ရတယ်။ ခုလိုင်း ပျောက်နေတာ ၃ နာရီ ကျော်နေပြီ။ ဘာအလုပ်မှ လုပ်လို့မရဘူး။ ပြည်သူတွေအပေါ် တကယ်စေတနာ ထားတယ်ဆိုရင် ကြိုတင် သတိပေးသင့်တယ်။ ခုတော့ ဘာမှ အဖတ်တောင် မလုပ်ဘူး။ ပြည်သူတွေကို လေးစားတယ်ဆိုရင် ဒီလိုတွေ မဖြစ်သင့်ပါဘူး”ဟု MPT သုံးစွဲသူတစ်ဦးက MPT၏ လူမှုကွန်ရက် စာမျက်နှာတွင် ရင်ဖွင့်ခဲ့သည်။
ယင်းဖြစ်ရပ်မှာ ရွေးကောက်ပွဲ အကြိုကာလတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲနေ့အတွက် သတိ ပြုစရာ တစ်ခုဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
တစ်နိုင်ငံလုံးရှိ MPT,GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပါဝါပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖုန်းလိုင်းများ ပြတ်တောက်မှုဖြစ်ပွား















