ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများအား တရားစွဲဆိုထားမှုမှာ မူလကပင် ပျက်ပြယ်နေသည့်အတွက် ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေအမှတ် ၅၆၁(က)အရ ပယ်ဖျက် ပေးရန်လျှောက်ထားမှုအတွက် လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ ဦးလှမျိုးမြင့်ထံမှ သိရသည်။
လက်ပံတန်းတွင် ရောက်ရှိနေသည့် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာရှိသူများက ဥပဒေနှင့် မညီညွတ်ဘဲအကြမ်းဖက်ဖမ်းဆီး အမှုဖွင့်ခဲ့သည့်အတွက် ထိုအမှုမှာ မူလက မှားယွင်းပျက်ပြယ်နေသည့် အမှုဖြစ်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အမှတ် ၅၆၁(က) အရ ပယ်ဖျက်ပေးရန်အတွက် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့် က“ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို လျှောက်ထားတဲ့အမှုကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ လျှောက်လဲချက်ပေးပါမယ်” ဟု အောက်တိုဘာ ၉ ရက်က ပြောကြားသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အမှတ် ၅၆၁ (က)အရ စွဲဆိုထားသည့် ပြစ်မှုများကို ပယ်ဖျက်ပေးရန် လျှောက်ထားမှုကို မြို့နယ်တရားရုံးမှတစ်ဆင့် တင်ပြခဲ့သော်လည်း ထိုအခွင့်အာဏာမှာ မြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးများတွင်မရှိဘဲ တိုင်းဒေသကြီးတရားလွှတ်တော်တွင်သာ ရှိသည့်အတွက် မြို့နယ်တရားသူကြီးက လက်မခံသဖြင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တိုက်ရိုက်လျှောက်ထားရခြင်း ဖြစ်သည်။
ဒီမိုကရေစီပညာရေးသပိတ်မှ ကျောင်းသားများနှင့်ဝန်းရံပြည်သူ ၇၀ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ)တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများအား တရားစွဲထားမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၆၁ (က) အရ ပယ်ဖျက်ပေးရန် လျှောက်ထားမှုအတွက် နိုဝင်ဘာလဆန်းတွင် လျှောက်လဲချက်ပေးမည်















