၁၉၉၀ ပြည့်နှစ်က မြို့ကွက်သစ် ချဲ့ရန် သိမ်းဆည်းခဲ့သော ရေနံချောင်းမြို့ ညောင်လှ ရပ်ကွက် စစ်တပ်နှင့် မျက်နှာချင်းဆိုင်ရှိ ယာမြေဧက ၂၆၀ အနက် အသုံးပြုခြင်း မရှိသော ယာမြေ ၉၉ ဧကကို မူလပိုင်ရှင်များ ပြန်လည် ပိုင်ဆိုင်ခွင့် ရရှိရေးအတွက် ယာမြေ သိမ်းဆည်းခံခဲ့ရသူ တောင်သူ ၁၀၀ ခန့် ရေနံချောင်းမြို့တွင် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ဆန္ဒပြခဲ့ကြကြောင်း ဦးဆောင် ဆန္ဒပြခဲ့သူများထံမှ သတင်းရရှိသည်။
အဆိုပါ ယာမြေများအား ရေနံချောင်းမြို့နယ် စည်ပင်သာယာရေး ဋ္ဌာနမှ ၁၉၉၀ ခုနှစ်က သိမ်းဆည်းခဲ့ပြီး မီးဘေးသင့်သူများအတွက် အိမ်ဝိုင်းမြေများ ချထားပေးခဲ့ကြောင်း သိမ်းဆည်းစဉ်က ယာတစ်ဧကလျှင် ကျပ် ၁၀၀၀ နှုန်းသာ ပေးလျော်ခဲ့ပြီး လျော်ကြေး မယူသူများလည်း ရှိခဲ့ကြောင်း ထိုဝိုင်းမြေများအနက် အသုံးပြုခြင်း မရှိသော ယာမြေများအား မူလပိုင်ရှင်များက သီးနှံ စိုက်ပျိုးခွင့် ရရှိနေသော်လည်း မြေယာ မှတ်ပုံတင်ခွင့် မရရှိ ခဲ့ကြောင်း ထို့ကြောင့် နိုင်ငံတော်မှ ထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ် ချေးငွေများကိုလည်း ခံစားခွင့် မရခဲ့ကြောင်း ထိုယာမြေများအား ၂၀၀၄ ခုနှစ်က ရဲသင်တန်းကျောင်း မြေအဖြစ် အသုံးပြုရန် အစိုးရက စီစဉ်ခဲ့ပြီး မြေစာရင်းဋ္ဌာနတွင် ပြည်ထဲရေး အမည်ပေါက် ပြောင်းခဲ့ကြောင်း ယခုနှစ်ပိုင်းအတွင်း ယင်းမြေများ အား ရေနံမြေ ရဲစခန်းအဖြစ် အသုံးပြုရန် စီစဉ်နေသောကြောင့် တောင်သူများက ဆန္ဒပြခဲ့ကြောင်း သိရသည်။
“သိမ်းဆည်း ခံရတဲ့အထဲမှာ ဦးလေးရဲ့ ယာမြေချည်းပဲ ၁၂ ဧကလောက် ပါသွားခဲ့ပါတယ်။ အဲဒီမြေတွေကို မြို့ကွက်သစ် အဖြစ်လည်း မသုံးလို့ စိုက်ပျိုးရေးတော့ လုပ်ခွင့် ရနေခဲ့ပါတယ်။ အခု မြေစာရင်းမှာ မေးတော့ မြေ တွေက ပြည်ထဲရေး အမည်ပေါက် ဖြစ်နေတယ်လု့ိ သိခဲ့ရပါတယ်။ အဲဒီမြေတွေကို ပိုင်ဆိုင်ခွင့် ပြန်ရဖို့ မြို့နယ်၊ ခရိုင်၊ တိုင်းကနေ နိုင်ငံတော်အထိ အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် ဘာမှ မထူးခဲ့ပါဘူး။ အခုလည်း နိုင်ငံတော်က စီမံကိန်းအဖြစ် အသုံးပြုခြင်း မရှိတဲ့ မြေတွေကို မူလ တောင်သူတွေက ပြန်ရခွင့် ရှိတယ်ဆိုလို့ ဆန္ဒပြကြတာပါ။ ဆန္ဒပြပွဲအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးဆီ တရားဝင် စာတင်ခဲ့ပြီး ခွင့်ပြုမိန့်လည်း ရခဲ့ပါတယ်”ဟု ရေနံချောင်းမြို့ ညောင်လှရပ်ကွက်မှ တောင်သူ ဦးမြသန်းကဆိုသည်။
အဆိုပါဆန္ဒပြပွဲကို ရေနံချောင်းမြို့ ညောင်လှရပ်ကွက် ဆိပ်သာကွန်းထောက် လမ်းဆုံမှ စတင်ထွက်ခွာခဲ့ပြီး ရွှေဘုံသာရပ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အထိ လမ်းလျှောက် ချီတက်ခဲ့ကြောင်း ဆန္ဒပြသူများက လယ်ယာမြေ အဓမ္မ သိမ်းဆည်းခံရမှု ပပျောက်ရေး တို့အရေး၊ အဓမ္မသိမ်းဆည်း လယ်ယာမြေများ ပြန်လည် ရရှိရေး တို့အရေး၊ တောင်သူလယ်သမားများ အနိုင်ကျင့်ခံရမှု ပပျောက်ရေး တို့အရေး စသည်တို့ကို ကြွေးကြော်ခဲ့ပြီး ထိုစာသားများပါ ဗွီနိုင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်က “ဒီမြေတွေက ဥပဒေအရ ဆိုရင်တော့ ၁၉၉၂ ခုနှစ်ကတည်းက လန ၃၉ ပေါက်ပြီးသားတွေပါ။ တောင်သူတွေက တင်ပြလာတာတွေ ရှိတော့လည်း ကျွန်တော်တို့က အထက်ကို တင်ပြထားပါတယ်။ အထက်က စီစဉ်တဲ့အတိုင်း ကျွန်တော်တို့က ဆက်လက် ဆောင်ရွက်ရမှာပါ။ မူတစ်ခုခု ပြောင်းတဲ့အခါ တောင်သူတွေကို ပြန်ပေးပါလို့လည်း ဖြစ်ရင် ဖြစ်လာမှာပါ။ အခုလက်ရှိ ဥပဒေအရတော့ ကျွန်တော်တို့က တောင်သူတွေကို ပြန်ပေးလို့ မရသေးပါဘူး။ တောင်သူတွေက မူလပိုင်ရှင်မို့ တောင်းဆိုတာလည်း တောင်းဆိုခွင့်ရှိတဲ့အတွက် ဆန္ဒပြပွဲကို ခွင့်ပြုပေးခဲ့ပါတယ်”ဟု ပြောကြားသည်။
အဆိုပါ ယာမြေများပေါ်တွင် ပဲမျိုးစုံနှင့် နှမ်းများ အဓိက စိုက်ပျိုးလေ့ရှိကြောင်း ယခု လက်ရှိပေါက်ဈေးအရ သိမ်းဆည်း ခံခဲ့ရသော ယာမြေများနှင့် ဆက်စပ် ယာမြေများသည် တစ်ဧကလျှင် ကျပ်ခုနစ်သိန်းခန့် တန်ဖိုးရှိ ကြောင်း ယင်းဆန္ဒပြပွဲသည် သိမ်းဆည်းခံ ယာမြေများနှင့် ပတ်သက်၍ ရေနံချောင်းမြို့တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
မြို့ကွက်သစ် ချဲ့ရန် သိမ်းဆည်း ခဲ့သော ယာမြေများအနက် အသုံးပြုခြင်း မရှိသော ယာမြေများ ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိရေး ရေနံချောင်းမြို့တွင် တောင်သူများ ဆန္ဒပြ















