ရတနာပုံ တက္ကသိုလ် ကျောင်းသားများကို အမရပူရ မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မသုံးခုဖြင့် စွဲချက်တင် အမိန့်ချမှတ်

ရတနာပုံ တက္ကသိုလ် ကျောင်းသားများကို အမရပူရ မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မသုံးခုဖြင့် စွဲချက်တင် အမိန့်ချမှတ်
Published 29 September 2015
ယဉ်မျိုးသွယ်

ပုဒ်မလေးခုဖြင့်  တရားစွဲဆိုထားသော ရတနာပုံ တက္ကသိုလ် ကျောင်းသားများကို ပုဒ်မ ၅၀၅ (ခ) အပါအဝင် စက်တင်ဘာ ၂၉ ရက်က အမရပူရမြို့နယ် တရားသူကြီးက စွဲချက်တင် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
တရားစွဲဆိုခံရသည့် ကျောင်းသားများ ဖြစ်သော ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနှင့်  ကိုဉာဏ်လင်းထက်တို့ကို  နိုင်ငံတော် ဆူပူ အုံကြွအောင် ပြုလုပ်မှု ပုဒ်မ ၅၀၅ (ခ)၊ ဥပဒေနှင့် ဆန့်ကျင်သော အသင်းအဖွဲ့တွင် ပါဝင်လှုပ်ရှားမှု ပုဒ်မ ၁၄၃၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု ပုဒ်မ ၁၄၇ တို့ဖြင့် စွဲချက်တင် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရတနာပုံ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေကိုလည်း  သပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ငြိမ်းစုစီ ပုဒ်မ ၁၈ ဖြင့်လည်း စွဲချက်တင် အမိန့်ချခဲ့သည်။
“ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိလို့ ကျွန်တော်တို့မှာ အပြစ်မရှိဘူး။ ပြစ်မှု မမြောက်တဲ့ ပုဒ်မတွေနဲ့ နိုင်ငံရေးသမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေကို  စွဲဆိုနေတာကို  ကြည့်ခြင်းအားဖြင့် ဥပဒေပြု မဏ္ဍိုင်အထက်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် ရှိနေတာ  သက်သေပါပဲ။  လူ့အခွင့်ရေး ကော်မရှင်က ကျွန်တော်တို့နဲ့ပတ်သက်ပြီး  တိုင်း၊  ခရိုင်ရော၊  အမရပူရမြို့နယ် တရားသူကြီးဆီကိုပါ မေတ္တာရပ်ခံချက် ပို့ပေးတယ်။ ကြေညာချက်တွေ ထုတ်ပေးတယ်။ ဒီလို ကြေညာချက် ထုတ်ပေးတာကို  ကြိုဆိုပါတယ်။ ကြေညာချက် ထုတ်ပေးရုံတင် မကဘဲ တရားရေးမဏ္ဍိုင်ရဲ့အခြေအနေတွေ၊ ကျောင်းသားတွေရဲ့ လူ့အခွင့်ရေး ဆုံးရှုံးမှုတွေကို သေချာ လေ့လာပြီး ကျောင်းသား ပြည်သူတွေဘက်က ရပ်တည် စေချင်ပါတယ်” ဟု ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက  စွဲချက်တင် အမိန့် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည်။ ထို့ပြင် ကိုနိုင်ရဲဝေမှာ  စက်တင်ဘာ ၂၇ ရက်ကတည်းက  အသည်းရောင် အသားဝါရောဂါ ခံစားရသဖြင့် အိုးဘို အကျဉ်းထောင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ကျောင်းသားများဘက်မှ လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက “ဒီနေ့ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ လေးယောက်စလုံးကို စွဲချက်တင်လိုက်တယ်။ ငြိမ်းစုစီ ပုဒ်မ ၁၈ ကတော့ ဖွဲ့စည်းပုံ အခြေခံကို ဆန့်ကျင်တဲ့အတွက် ပြဋ္ဌာန်းကတည်းက ပျက်နေတဲ့ပုဒ်မ။ လက်နက်မပါရင် လွတ်လပ်စွာ ဆန္ဒ ထုတ်ခွင့် ရှိပေမယ့်လည်း အဲဒါနဲ့ပဲ စွဲဆိုခံထားရတယ်။ ကျန်တာကတော့ လေးယောက်စလုံးကို ၁၄၃၊ ၁၄၇၊ ၅၀၅ (ခ) နဲ့ စွဲချက် အမိန့်ချ လိုက်တဲ့အတွက် ထုချေ သွားရမှာပေါ့” ဟု ဆိုသည်။
ဇွန် ၂၆ ရက်က ရတနာပုံ တက္ကသိုလ် အလယ်ပေါက်၊ အနောက်ပေါက် အုတ်နံရံများနှင့် အလယ်ပေါက် ရှေ့လမ်းမတို့တွင် အပြစ်မဲ့ ကျောင်းသား ပြည်သူ လွတ်မြောက်ပါစေ၊ အကြမ်းဖက် စစ်အစိုးရ ကျရှုံးပါစေ၊  ကျောင်းသားများ နိုင်သည်၊ ၄၃၆ ချက်ချင်းပြင် စသည့် စာသားများကို အဖြူရောင် မှုတ်ဆေးဖြင့် ရေးသား၍ ပြစ်မှုပုဒ်မ ၅၀၅ (ခ)/၁၄၃/၁၄၇/ ၁၁၄ တို့ဖြင့်  အမရပူရ မြို့နယ်တရားရုံးတွင် တရားစွဲထားခြင်း ဖြစ်သည်။ 

Most Read

Most Recent