ငလျင်ဒဏ်သင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်း အသစ်များ တည်ဆောက်

ငလျင်ဒဏ်သင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်း အသစ်များ တည်ဆောက်
Published 24 May 2026

ငလျင်ဒဏ်သင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ဝန်ထမ်းများအတွက် အိမ်ရာစီမံကိန်း အသစ်များ တည်ဆောက်နေကြောင်း သိရသည်။

မေ ၂၃ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊ မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေး နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများအတူ မန္တလေးတိုင်း ဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးတွင် ဝန်ထမ်းများအတွက် အသစ်တည်ဆောက် လျက်ရှိသည့် အရာထမ်းကြီး၊ အရာထမ်း၊ အမှုထမ်းအိမ်ရာ စီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြိုပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးမှ ဝန်ထမ်းအိမ်ရာ (၂၆) လုံး၊ စုစုပေါင်း အခန်း(၃၈၆)ခန်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်တို့အား ရှင်းလင်းတင်ပြခဲ့သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းများနေထိုင်နိုင်ရေးအတွက် အိမ်ရာစီမံကိန်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုအပ်ပြီး အသုံးပြုသည့် တည်ဆောက်ရေးပစ္စည်းများ အမျိုးအစားမှန်ကန်၍ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရေးအရည်အသွေး ထိန်းသိမ်းရေးအဖွဲ့များမှ စစ်ဆေးဆောင်ရွက်ရမည့် လုပ်ငန်းများအား အနီးကပ်ကြီးကြပ်စစ်ဆေးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် ရေ၊လျှပ်စစ်မီတာပြည့်စုံအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှညွှန်ကြားရေးမှူးက မန္တလေးငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှု၊ ပြင်ဆင်ပြီးစီးမှု အခြေအနေ၊ အရာထမ်း/အမှုထမ်းများ အတွက် အိမ်ရာအသစ်အဆောက်အဦ(၇)လုံး၊ စုစုပေါင်းအခန်း (၁၁၂)ခန်းအား တည်ဆောက်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်တို့ကို ရှင်းလင်းတင်ပြခဲ့သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက အဆောက်အဦများအား အရည်အသွေးနှင့်လက်ရာ လက်သားကောင်းမွန်စွာ ဆောင်ရွက်သွားရန်၊ အရည်အသွေးစစ်ဆေးအဖွဲ့များလည်း စစ်ဆေးဆောင်ရွက်သွားရန်၊သတ်မှတ်ကာလအတွင်းတည်ဆောက်လုပ်ငန်းများပြီးစီးစေရေး အလေးထားဆောင်ရွက် ရမည်ဖြစ်ပြီး လမ်း၊ ရေနှင့်လျှပ်စစ်မီး စသည့် Infrastructure များတစ်ပါတည်းပြီးစီးအောင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ဆောက်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ တည်ဆောက်သူ၊အရည်အသွေး စစ်ဆေးသူများမှာလည်း တာဝန်ကိုယ်စီရှိပါကြောင်း လမ်းညွှန်မှာကြားပြီး ဝန်ထမ်းအိမ်ရာ အသစ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အနီရောင်အဆင့်နှင့်လိမ္မော်ရောင်အဆင့် ဝန်ထမ်းအိမ်ရာများ ပြင်ဆင်ပြီးစီးမှုနှင့်ပြင်ဆင်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများနေရာ ချထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (၁၀၀၀ ပေ) အသစ် ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ခံအင်ဂျင်နီယာက P1 and P6 Top Bean ကွန်ကရစ် လောင်းခြင်း၊ Cap Formwork လုပ်ငန်းဆောင်ရွက်နေမှု ၊ ERADI-QURKE Bearing တပ်ဆင်မည့် အခြေအနေ၊ တည်ဆောက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်မည့် ရှင်းလင်းဘင်ပြရာ တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် က ဖြည့်စွက်တင်ပြခဲ့သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးကရန်ကုန်-မန္တလေးအမြန်လမ်းသည် လမ်းပန်းဆက် သွယ်သွားလာရာ တွင်အလွန်အရေးကြီးပါကြောင်း၊ ယခုတည်ဆောက်လျက်ရှိသည့် ဒုဋ္ဌဝတီတံတားသည် ငလျင်ဒဏ်ခံနိုင်သည့် ERADI-QURKE Bearing အမျိုးအစားဖြင့် မြန်မာပြည်တွင် ပထမဆုံး တပ်ဆင်တည်ဆောက်သည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ ၂ လမ်းသွား တံတားအား သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်ခွဲ-၁(မန္တလေး) ပြန်လည် ပြုပြင်ခြင်းနှင့်အသစ်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူနှင့်ငလျင်ပညာရှင်ဦးစောထွေးဇော်တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းစီမံချက်တို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်၊အသုံးပြုသည့် ပစ္စည်းများအမျိုးအစား မှန်ကန်စေရေး၊ အရည်အသွေးစံချိန် စံညွှန်းပြည့်မီစေရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့များမှလည်းစစ်ဆေးဆောင်ရွက်ရန်၊သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

အလားတူ မေ ၁၅ ရက်ကလည်း အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ နေပြည်တော်ကောင်စီ၊ ဒုတိယမြို့တော်ဝန်၊ ဦးဝင်းမိုးခိုင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများအတူ နေပြည်တော် ကောင်စီနယ်မြေ အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများအတွက် ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent