ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများကို စက်တင်ဘာ ၂၂ ရက်က ၁၈ ကြိမ်မြောက် ရုံးချိန်းအဖြစ် သာယာဝတီမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ ထိုနေ့ ရုံးချိန်းတွင် သက်သေခံ ပစ္စည်းအဖြစ် တင်သွင်းထား သည့် မော်တော်ကား အာမခံ ရရှိရေးအတွက် တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင် ချက် တင်သွင်းရာတွင် အမှုတွဲ ပါသွားသဖြင့် တစ်စုံတစ်ရာ စစ်ဆေးနိုင်ခြင်းမရှိဘဲ စက်တင်ဘာ ၂၉ ရက်သို့ တရားသူကြီးက ရုံးချိန်း ပြန်လည် ခေါ်ယူခဲ့သည်။
ထို့ပြင် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့အား တရား ပြန်လည်စွဲဆိုရန် လျှောက်ထားမှု ပယ်ချ ခဲ့ရသည့်အတွက် အယူခံတင်သွင်းရန် ကိုယ်စားလှယ် လွှဲစာကို အကျဉ်းထောင် တာဝန်ရှိသူက တစ်လကျော် ကြာပြီးမှ လက်မှတ် ရေးထိုးပေးသဖြင့် အချိန်မီ ပြစ်မှု ပြင်ဆင်ချက် တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် ကျောင်းသားများအနေဖြင့် နစ်နာကြောင်းနှင့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ အမှု ပြင်ဆင်ချက်များ၊ အယူခံများ ဆောင်ရွက်ရန် ကြိုးစားရာတွင် ကန့်သတ်မှုများ ကြုံတွေ့နေရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
၎င်းက “ဒီအမှုက ရှုပ်ထွေးသထက် ရှုပ်ထွေး လာတယ်ဆိုတာက ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေရဲ့ အယူခံပိုင်ခွင့်၊ ပြင်ဆင်ခွင့်တွေမှာ အကန့်အသတ်တွေ တဖြည်းဖြည်းချင်း ပေါ်လာပြီဗျ။ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပေးတဲ့ အနေထားမျိုး မရှိဘူး။ ရှေ့နေ ကိုယ်စားလှယ်လွှဲစာ လက်မှတ်ရေးထိုးတာ ဘာအခက်အခဲမှ မရှိဘူး။ ဥပဒေနဲ့ ဆန့်ကျင်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ထောင်က ဒါကို ပိတ်ထားတယ်။ ဒါကတော့ မကောင်းဘူး ပေါ့ဗျာ” ဟု ပြောကြားသည်။
ထိုသို့ ကိုယ်စားလှယ်လွှဲစာကို ထောင်တာဝန်ရှိသူက အယူခံ တင်သွင်းရမည့် ရက်အတွင်း အချိန်မီ လက်မှတ် ရေးထိုးပေးခြင်း မရှိသည့်အပေါ် ဗကသ ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်က “တကယ်တမ်းပြော ရရင် ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့ရှေ့နေကြားမှာ ဘာမှ အတားအဆီး မရှိသင့်ဘူး။ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်တွေ၊ စာရွက်စာတမ်း ရယူခွင့်တွေက လူ့အခွင့်အရေးအရ ရှိကိုရှိရမယ့် အချက်တွေပါ။ ဒါကို အချိန်မီ မထိုးပေးဘဲ နေပြည်တော်အထိ ထောင်ပိုင်ကိုယ်တိုင် သွားတင်ရတာဆိုတော့ တကယ်တမ်းပြောရရင် ကျွန်မတို့ကို လူ့ အခွင့်အရေး ချိုးဖောက်တယ်လို့ ခံစားရတဲ့အတွက် ရှေ့နေက တရားစွဲဖို့ အတွက် စီစဉ်နေတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီနေ့တော့ မတင်ဖြစ်သေးဘူး”ဟု ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက် ရုံးချိန်းတွင် ကျောင်းသားများ၏ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၂၈ အရ တရားစွဲ ဆိုသည့်အမှုကို စက်တင်ဘာ ၂၁ ရက်က စတင် ကြားနာခဲ့ပြီး ငွေကျပ်သိန်း၂၀၊ ကိုယ်ပိုင် ခံဝန်ဖြင့် အာမခံ ရယူကာ အောက်တိုဘာ ၅ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောကြားသည်။
ထိုနေ့ရုံးချိန်းတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ကြပြီး ဗကသများ အဖွဲ့ချုပ်၏ ငြိမ်းချမ်းရေး သဘောထား ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။
ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ အမှု ပြင်ဆင်ချက်များ၊ အယူခံများ ဆောင်ရွက်ရန် ကြိုးစားရာတွင် ကန့်သတ်မှုများ ကြုံနေရကြောင်း ဦးရောဘတ်စန်းအောင်နှင့် မဖြိုးဖြိုးအောင်တို့ ပြောကြား















