ရေဘေးသင့်ဒေသများတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများ ယခုနှစ်အတွင်း ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိပါက စိုက်ပျိုးစရိတ် ချေးငွေများကို ယာယီဆိုင်းငံ့ပေးထားပြီး လက်ရှိ စိုက်ပျိုးစရိတ်အကြွေးများကိုလည်း ပြန်လည်ပေးဆပ်ရမည့် အချိန်နှင့် ပမာဏတို့ကို ပိုမိုသက်ညှာသော နည်းလမ်းဖြင့် စဉ်းစားဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစီရင်ခံစာအမှတ် (၅) တွင် ဖော်ပြထားချက်များအရ သိရသည်။ထို့ပြင် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပျက်စီးသွားသော လယ်ယာမြေများမှ သဲ၊ နုန်းနှင့် အမှိုက်များ ဦးစွာရှင်းလင်းဖယ်ရှားရမည်ဖြစ်ကြောင်း၊ ပဋိပက္ခဖြစ်မှုများကို ရှောင်ရှားနိုင်ရန်အတွက် မြေယာပိုင်ဆိုင်ခွင့်နှင့် ပိုင်ဆိုင်မှုများကို ရှင်းလင်းစွာ ပြုလုပ်ထားကြရမည်ဖြစ်ကြောင်း၊ ယခု ရာသီအတွင်း စပါးပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိပါက ဆောင်းသီးနှံများကို အစားထိုးစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် မိုးစပါးစိုက် ဧက ၁၅ သန်းစိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း ရေကြီးမှုများကြောင့် မိုးစပါးစိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က သိရသည်။ဇူလိုင်နှင့် သြဂုတ်လအတွင်းက မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်တွင် လယ်ယာမြေဧက ၁၄ သိန်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ အဆိုပါ ရေမြုပ်ခဲ့သည့် လယ်မြေများအနက် မိုးစပါးစိုက်ဧက ၇၃၆၁၄၄ ထိခိုက်ပျက်စီးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်တင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်များအရ သိရသည်။ ပျက်စီးခဲ့သည့် မိုးစပါး စိုက်ဧကများအနက် ၅၆ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၄၁၃၉၉၂ ဧကကို ပြန်လည်စိုက်ပျိုးထားပြီဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ဒေသများတွင် စီးပွားရေးအရ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ်၁၇၄ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄၉ သန်း) ရှိပြီး ထိခိုက်ပျက်စီးမှု အများဆုံးမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါ အစီရင်ခံစာအရ လယ်ယာမြေဧက ၁၄၄၆၅၂၀ ရေလွှမ်းမိုးခံခဲ့ရပြီး ၁၁၁၃၀၆၉ ဧက ထိခိုက်ခဲ့ရာ ၎င်းအနက် ဧက ၈၄၁၆၂၀ သည် လုံးဝပျက်စီးခဲ့သည်ဟု သိရသည်။
ရေဘေးသင့်ဒေသရှိ လယ်မြေများ၏ စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ သက်ညှာသောနည်းဖြင့် ဆောင်ရွက်ပေးရန် ညွှန်ကြားထားဟု ဆို















