နားလည်မှု

နားလည်မှု
Published 24 June 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
မကြာသေးမီက ကျင်းပပြီးစီးသွားသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာတို့ အရူးအမူး အားပေးခဲ့ကြသည့် အားကစားနည်းက ဘောလုံးဖြစ်သည်။ ဘောလုံးပွဲတစ်ပွဲကို အနိုင်ရဖို့အရေး၌ အကြောင်းတရားများစွာ ရှိနေခဲ့ပါ၏။ များလှစွာသော အကြောင်းတရားတို့တွင် “အချင်းချင်းနားလည်မှု” သည်လည်း တစ်ခုအပါအဝင်ဖြစ်၏ဟု မိမိက နားလည်ထားပါသည်။
(၂)
လွန်ခဲ့သော ငါးနှစ်ခန့်က ရန်ကုန်ရောက်သခိုက် အငှားကားယာဉ်မောင်း တစ်ဦးနှင့် စကားလက်ဆုံ ကျဖြစ်သည်။ စကားဦးစကားဖျား လောကဝတ် ထုံးစံအတိုင်း ‘‘အရှင်ဘုရားက ဘယ်က ကြွလာပါသလဲ’’ သူကမေးသည်။ ‘‘မန္တလေးကပါ’’ ဆိုတော့ သူက သူနားလည်ထားသော မန္တလေးအကြောင်းကို ပြောပြသည်။
‘‘တပည့်တော်၊ မနှစ်က မန္တလေးကို အလည်ရောက်ဖြစ်တယ်။ သူငယ်ချင်းက အလုပ်များသူဆိုတော့ တပည့်တော် သွားချင်ရာ သွားဖို့ဆိုပြီး သူ့ကားတစ်စီးကို တပည့်တော် ပေးထားတယ်။ ဒါပေမဲ့ တပည့်တော် မန္တလေးလမ်းတွေကို မမောင်းရဲဘူးဘုရား’’ ဟုဆိုသည်။ ရန်ကုန်လိုမြို့ကြီးမှာ တက္ကစီကားမောင်းနေသူက မန္တလေးလမ်းတွေကို မမောင်းရဲဘူးတဲ့၊ သူ့ပုံပန်းကြည့်ရသည်က အတည်ပြောနေခြင်း ဖြစ်သည်။ အနောက်အပြောင်စကား ဖြစ်ပုံမရ။ ‘‘ဘာကြောင့်လဲဗျ’’ ဟု မေးလိုက်တော့ သူက ဖြေသည်။ ‘‘ဟာ အရှင်ဘုရားတို့ မန္တလေးမှာ ကားတွေ၊ ဆိုင်ကယ်တွေက နားလည်မှုနဲ့ မောင်းနေကြတာဘုရာ့’’ တဲ့။
မိမိက မန္တလေးကဆိုတော့ သူက သက်သက်ညှာညှာ ပြောလိုက်ဟန်တူပါ၏။ သူပြောသော ‘နားလည်မှု’ ဆိုသောစကားကို မိမိနားလည်ပါသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာသူတို့ မရှိကားမဟုတ် ရှိပါသည်။ သို့သော် နည်းလှသည်။ ထိုမည်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလိုက်နာသူ အချို့ကြောင့် မဆိုင်သူကော၊ ဆိုင်သူပါ အန္တရာယ် ကြုံကြရသည်။ ဆေးရုံဆေးခန်းရောက် ထိပ်ပေါက်၊ ခြေကျိုးဖြစ်ကြရသည်။ သူရောကိုယ်ရော အလုပ်ပျက်၊ အကိုင်ပျက် ဖြစ်ကြရသည်။ ‘အကောင်းကိုရှာ၏။ အကောင်းကားမရှိတော့’ ဆိုသည့် အမျိုးထဲက ဖြစ်သည်။ အချို့ဆိုလျှင် အခြေခံယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလောက်ကိုပင် နားလည်ကြဟန်မတူ။
(၃)
‘‘ဦးပေါ်ဦးသည် အရှင်မင်းကြီးအား ပုန်ကန်ခြားနားအံ့သော အသွင်ကို မြင်တွေ့နေရပါ၏ဘုရား’’ ဟု အမတ်အချို့က ဘိုးတော်မင်းတရားကြီးအား တင်လျှောက်ဖူးသည်။ သို့ရကား၊ ညီလာခံသိမ်းချိန်၌ ဦးပေါ်ဦးကို သီးခြားတွေ့ဆုံ၍ ‘‘ဟဲ့၊ ပေါ်ဦး၊ ငါကိုယ်တော်လည်း သက်တော်ကြီးပြီ၊ နန်းစွန့်ပြီး တောထွက်ရလျှင် ကောင်းအံ့လော’’ ဟု မေးလိုက်ရာ အမတ်ကြီး ဦးပေါ်ဦးက ကျမ်းဂန်အဆို အမိန့်များစွာကို ရေရွတ်လျက် ‘‘သင့်မြတ်လှကြောင်းပါဘုရား’’ ဟု သဘောရိုးဖြင့် လျှောက်တင်လိုက်သည်။ သူ့စကားအဆုံး၌ ဘုရင့်မျက်နှာတော် ကွက်ခနဲ ပျက်သွားပြီး အဆောင်တော်တွင်းသို့ လှမ်းကြွတော်မူသည်ကို အကင်းပါးသော အမတ်ကြီးက သဘောပေါက်လိုက်သည်။ သွားပြီ၊ ဘိုးတော်ဘုရား ငါ့အပေါ် နားလည်မှု လွဲသွားပြီ။
‘စကား’ ဟူသည် ပြောသူ၏ ဆိုလိုရင်းက တစ်မျိုး၊ ကြားနာသူ၏ အဓိပ္ပာယ် ကောက်ဟန်ကတခြား ဖြစ်ချင်ဖြစ်တတ်သည်။ ‘‘သင့်မြတ်လှကြောင်းပါ’’ ကို ဘုရင်က အဘယ်ပုံ အဘယ်နည်း နားလည်ခဲ့ပါသနည်း။ ပြောသူနှင့် နာသူအကြားမှ နားလည်မှု အတိုင်းအတာကို အမတ်ကြီးက နားလည်သည်။ လွဲချော်သွားသော နားလည်မှု တစ်ခုအတွက် တာဝန်ယူရမည့်သူမှာ မိမိသာဖြစ်ကြောင်းကိုပါ အမတ်ကြီးက နားလည်လိုက်သည်။
သို့ဖြင့် ထိုညမိုးသောက်ယံ၌ပင် ဆံ၊ မုတ်ဆိတ် တို့ကိုပယ်ကာ၊ သတိပဋ္ဌာန်ပေစာငယ် တစ်စောင်နှင့် တောင်ဝှေး၊ ပုတီးတို့ကို လက်ဆွဲလျက် နံနက်လေးချက် မတီးမီကပင် နန်းတော်သို့ဝင်ကာ၊ ဘုရင်မျက်နှာသစ်တော် ရေကျမည့်နေရာ၌ နေရာယူထားနှင့်သည်။ မျက်နှာသစ်ပြီးနောက်၊ လူးလာတုံ့ခေါက် စင်္ကြံလျှောက်နေသော ဘုရင်ကြီးက ပိတ်ဖြူစင်ကြယ်နှင့် လူတစ်ယောက်ကိုအတွေ့ ‘‘ဟဲ့၊ ဘယ်သူလဲ’’ မေးမြန်းလေရာ ‘‘ရွှေဘုန်းတော် ကျွန်၊ ဝန်ငပေါ်ဦးပါဘုရား’’ ဟု တင်သည်။ ‘‘ပိတ်ဖြူစင်ကြယ်တွေများဝတ်လို့၊ နင့်ဟာက ဘာအကြောင်းလဲဟဲ့’’ မေးသော် ‘‘အရှင်မင်းကြီး တောထွက်တော်မူသည့် ကာလ၌ နောက်တော်ပါးက လိုက်ပါရန် စက်တော်ဆောင်အနီးမှ ခစားနေကြောင်းပါဘုရား’’ ဟု ထပ်မံတင် လျှောက်လိုက်သည်။
ဤသည်ကား၊ မိမိ၏နှုတ်ထွက်စကား တစ်ခွန်းအပေါ် နားလည်မှု လွဲမှားခြင်းနှင့် စပ်လျဉ်း၍ အမတ်ကြီးက သူ့ကိုယ်သူ တာဝန်ယူ လိုက်ခြင်းဖြစ်သည်။ ဘုရင်ကြီးစိတ်ထဲ မကြည်မလင် ဖြစ်ကောင်းဖြစ်ရာသော အခြေအနေတစ်ခုကို ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်သည်။ နားလည်မှု လွဲမှားခြင်း၏ သက်ရောက်ရာ အကွာအဝေးကို တွက်ချက်ပြီး သျှောင်တစ်လုံး အဆုံးခံကာ မိမိကိုယ်ကို ကယ်တင်လိုက်ခြင်းလည်း ဖြစ်သည်။
(၄)
အရှင်သာရိပုတ္တရာ အနေဖြင့် မြတ်စွာဘုရားကို မဖူးတွေ့ရသေးမီ ဦးစွာဆုံစည်းလိုက်ရသော ပုဂ္ဂိုလ်က အရှင်အဿဇိ ဖြစ်သည်။ အရှင်အဿဇိသည် အရှင်၏ မူလဆရာရင်း ဖြစ်သည်။ အရှင်အဿဇိ ဟောကြားအပ်သော ဂါထာတစ်ပုဒ်ကို နာကြားမိပြီးနောက် သောတာပန်ဖြစ်ခဲ့ပြီး ချိန်မှစ၍ အရှင်သာရိပုတ္တရာ ဆောက်တည်ထားသော ကျင့်ဝတ်တစ်ခု ရှိနေခဲ့သည်။ ထိုကျင့်ဝတ်သည်ကား ဆရာရင်း အရှင်အဿဇိ သီတင်းသုံး နေထိုင်ရာအရပ်သို့ ညစဉ်ဦးချ ရှိခိုးပြီးမှ၊ ထိုအရပ်ကို ဦးခေါင်းပြု၍ ကျိန်းစက်လေ့ရှိခြင်းပင် ဖြစ်သည်။
ရဟန်းအချို့က ထိုအဖြစ်ကိုမသိ၊ ထိုလေးမြတ်မှုကို သဘောမပေါက်၊ ထုံးစံမဟုတ်သော အရပ်မျက်နှာတို့သို့ ဦးတိုက်နေခြင်း ကိုသာမြင်သည်။ အရှင်သည် ဗြဟ္မာကို ကိုးကွယ်သော ဗြဟ္မဏမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်လေရကား မူလအယူဝါဒကို မစွန့်လွှွတ်နိုင်သေးဟု အထင်ရောက်သူက ရောက်သည်။ နားလည်မှု လွဲသူက လွဲသည်။
သို့ဖြင့် မသိသူတို့၏ နယ်မြေ၌ ထိုစကားက တစ်စတစ်စ ပြန့်ကားသွားတော့သည်။ မြတ်စွာဘုရားက ထိုရဟန်းတို့ကို တစ်နေရာ၌ တစ်စုတစ်ဝေးတည်း တည်စေပြီးနောက်၊ အရှင်သာရိပုတ္တရာကိုခေါ်ကာ ဇဝေဇဝါဖြစ်နေသော ထိုကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ပြုလုပ်ပေးတော်မူသည်။
‘‘ချစ်သား သာရိပုတ္တရာ၊ ငါ့ရှင်သည် အရပ်မျက်နှာတို့ကို ရှိခိုးလျက် လှည့်လည်နေ၏ဟု သတင်းစကား ဖြစ်ပေါ်နေသည်။ ထိုကိစ္စသည် အမှန်လေလော’’ ဟု ဘုရားက မေးခွန်းထုတ်တော် မူလိုက်သည်။ ‘‘မြတ်စွာဘုရား တပည့်တော်အနေဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးခြင်း၊ မရှိခိုးခြင်း ကိစ္စကို ဘုရားမြတ်စွာတို့ အသိဆုံး ဖြစ်ပါ၏ဘုရား’’ ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကြား လိုက်သည်။
ထိုအခါ ဘုရားမြတ်စွာက ‘‘ရဟန်းတို့၊ သာရိပုတ္တရာသည် အရပ်မျက်နှာတို့ကို ရှိခိုးခြင်းမဟုတ်၊ အဿဇိထေရ်အား ရှိခိုးခြင်းသာ ဖြစ်သည်။ အဿဇိထေရ် ဟောကြားအပ်သော ဂါထာတစ်ပုဒ်ကို နာကြားမိပြီး တရားထူးကို ရခဲ့ချိန်မှစ၍ အဿဇိထေရ်ရှိရာ အရပ်သို့ ဦးချရှိခိုးပြီးမှ အနားယူ ကျိန်းစက်လေ့ရှိသူ ဖြစ်သည်။ မူလအယူဟောင်းကို မစွန့်နိုင်၍ အရပ်မျက်နှာတို့ကို ရှိခိုးနေခြင်းမဟုတ်’’ ဟု အကျယ်တဝင့် ရှင်းလင်းတော်မူကာ ဖော်ပြပါ ဂါထာဖြင့် စကားဝိုင်းကို အဆုံးသတ်တော်မူသည်။
‘‘အကြင်ဆရာ့အထံမှ သမ္မာသမ္ဗုဒ္ဓ ဟောကြားအပ်သော တရားကို သိရာ၏။ ပုဏ္ဏားသည် ပူဇော်မြဲသောမီးကို ရှိခိုးလေသကဲ့သို့ ထိုဆရာကို ရိုသေစွာ ရှိခိုးရာ၏’’။
(၅)
မိသားစု တစ်စုအတွင်း၌ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုအတွင်း၌ဖြစ်စေ၊ နိုင်ငံတော် တစ်ခုအတွင်း၌ဖြစ်စေ နားလည်မှုရှိကြဖို့ လိုအပ်ပါသည်။ မိဘနှင့် သားသမီးအကြား၊ ခေါင်းဆောင်နှင့် နောက်လိုက်အကြား၊ အုပ်ချုပ်သူနှင့် ပြည်သူတို့အကြား၊ တစ်ဦးကိုတစ်ဦး နားလည်မှုရှိဖို့ အထူးလိုအပ်ပါသည်။
သို့သော်၊ ‘‘နားလည်မှုဖြင့် စက်ဘီး ဆိုင်ကယ် စီးနေကြပါသည်’’ ဆိုသည့်အချက်ကတော့ နားလည်မှု လွဲနေကြခြင်းသာ ဖြစ်၏ဟု ရိုးရိုးသားသား မြင်မိပါသည်။
ကျမ်းကိုး -
၁။  ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၄၀၁။
၂။ ဦးပေါ်ဦးလျှောက်ထုံး။