နယ်စပ်လမ်းပေါ်က ခရီးသည်

နယ်စပ်လမ်းပေါ်က ခရီးသည်
Published 23 June 2015
ဟိန်းထက်နိုင်

ဝလုံးရေးသလို တစ်ပတ်လည် ဝိုင်းမသွားပေမယ့် ကားခေါင်းခါရမ်းယိမ်းထိုးနေရင်း တောင်ခြေဆောင့်မိတော့မလို ဖြစ်နေတာ မြင်နေရပါတယ်။ ဟာ. . . ဟာနဲ့ ကြည့်နေရင်း ကိုယ့်ကားရှေ့ပေ ၂၀ လောက်အကွာ သူ့ကားရောက်လာပြီး ရပ်ပါတယ်။ မူဆယ်က ဆင်းလာတဲ့ မျက်နှာချင်းဆိုင် လင်ခရူဆာကား အရှိန်နဲ့ မောင်းလာစဉ် အကွေ့မှာ ဘရိတ်နင်းလိုက်ပုံ ရပါတယ်။ ကိုယ်စီးလာတဲ့ အတက်ကား မိုးသည်းသည်းထဲ ဖြည်းဖြည်းမှန်မှန် မောင်းနေရင်း အချိန်မီ ရပ်ထားနိုင်လို့ ထိပ်တိုက် ဒိန်း မဖြစ်ခဲ့တာပါ၊ မြင်စက အမလေး အော်ရမလိုနဲ့ တည်ငြိမ်သွားတာတွေ့မှ တစ်ယောက်တည်းသော ကားပေါ်က ကားဆရာကြည့်ပြီး ကိုယ့်ကားပေါ်ပါသူတွေ ပြုံးသူရှိလို့ တော်သေးတယ်။
 
ပြန်ထိန်းနိုင်သွားတယ် ပြောသံလည်း ကြားရပါတယ်။ အဲဒီအခေါက် မှတ်မှတ်ရရ ဖြစ်စေချင်လို့ သတိပေးတာလား ပြောရလောက်အောင် နောက်တစ်ခါ မူဆယ်ကဆင်းလာတဲ့ ကားကြီးတစ်စင်း ကွေ့လာတယ်။ ကိုယ့်ကားနဲ့ တည့်တည့်ဒိန်းနိုင်လို့ ကားဆရာ ကြိုတင်ဘရိတ်အုပ်လိုက်တယ်။ ကိုယ့်ကားခေါင်း လည်သွားတယ်။ ကံကောင်းချင်တော့ တောင်ဖြိုပြီး လမ်းချဲ့ထားတဲ့ မြေပြင်ရှိနေလို့ အဲဒီမြေပင်ကြီးထဲ ခေါင်းထိုးမိပြီး ဘယ်ညာယိမ်းရင်း တဖြည်းဖြည်းနဲ့ ကားငြိမ်သွားအောင် ထိန်းနိုင်ခဲ့တယ်။ အမလေး ကားဆရာရယ် မနက်ဖြန်မှရောက်လည်း ရပါတယ်။ ဒီလောက် မိုးတွေသည်းနေတာ ဖြည်းဖြည်းမောင်းပေးပါ။ ကျွန်မတို့ဖြင့် ဘုရားတလိုက်ရတာလို့ အသံထွက်လာတယ်။ သူများကား ခါရမ်းနေပြီး ဖရိုဖရဲ ဖြစ်နေတုန်း ရယ်နေတဲ့ နောက်ခန်းက အမျိုးသမီးအသံ ဖြစ်ပါတယ်။ မူဆယ် မန္တလေး လမ်းပေါ်မှာ အတက်အဆင်း အခေါက်ရေ မမှတ်မိပေမယ့် ဒီတခါတော့ ကိုယ်တွေ ရင်ခုန်ခဲ့ရပါတယ်။ ဒီလမ်းပေါ် ခရီးစဉ်တွေမှာ အမှုမဲ့ အမှတ်မဲ့ သွားလာနေခဲ့ရာမှာမှ မြင်မိကြားမိတာတွေ ပြန်တွေးမိ မြင်မိလာပါတယ်။ အကွေ့စီယာရင်တိုင် ပြန်မဖြောင့်နိုင်လို့လား။ ကျော်တက်ရင်းနဲ့ အရှိန်လွန်ခဲ့သလား။ အတက်အဆင်းမှာ ဘရိတ်နဲ့ လီဘာ ခြေရောက်မှားသွားသလား။ အယူအဆ လွဲခဲ့လို့လား။ တောင်အောက် ပက်လက်လန်နေတဲ့ ကားတွေ၊ ချောက်ထဲ ခေါင်းစိုက်နေတဲ့ကားတွေ သွားရင်းလာရင်း ဒီလမ်းပေါ်မှာ တွေ့နေရတယ်။ တစ်ခါတလေ မျက်နှာချင်းဆိုင် တိုက်မိထားတာတွေ ကားခေါင်းချိုင့်မှန်တွေကွဲ၊ သွေးရဲရဲတွေ
 အကွက်လိုက် အခဲလိုက် တွေ့ခဲ့ဖူးပါတယ်။ ဒီလမ်းပေါ် အတိတ်ခရီးစဉ် ကိုယ်တွေ့ကြုံ အဖြစ်တွေ တရေးရေး ပေါ်လာခဲ့ပါတယ်။ မန္တလေးကအတက် ပြင်ဦးလွင် မရောက်ခင်မှာ ကားရှေ့ခန်းက အိပ်ပျော်ခဲ့ပါတယ်။ ပြင်ဦးလွင်ရောက် ကားရပ်ပြီး မနက်စာစား ပြန်ထွက်ဖို့ ကားပေါ်မတက်ခင် ရပ်နေပါတယ်။ တစ်ကားတည်း အတူစီးလာတဲ့ အမျိုးသမီးက ကားရှေ့ခန်းကနေ ဒရိုင်ဘာ မအိပ်အောင် စကားပြောပေးပါဦး လာပြောတယ်။ ကားဆရာ မောင်းနေရင်း အိပ်ပျော်နေလို့ ကျွန်မတို့ နောက်ကနေနှိုးပြီး ပြောနေရတယ်။ သူပြောပြီး ဟုတ်ကဲ့ ပြန်ပြောလိုက်တယ်။ ပြင်ဦးလွင်က ကားမောင်းထွက်ခဲ့ချိန်မှာ ကားဆရာ၊ မနေ့ညက မအိပ်ရဘူးထင်တယ်လို့ စကားစလိုက်တယ်။
 
ကားဆရာ ချက်ချင်းပြန်ပြောတယ်။ မနေ့ညရောက် ဒီမနက် ပြန်ထွက်ခဲ့တယ်။ တမြန်နေ့ ညမန္တလေးကနေ မူဆယ်ရောက်တယ်။ နောက် မနက်ပြန်ပြီး မူဆယ်ကနေ မန္တလေး ဆင်းတယ်။ ကားဆရာ ပြန်ဖြေသံကြားယောင်မိပြီး အခု ကြက်သီးထမိပါတယ်။ အဲဒီအချိန်က အတက်အဆင်း သုံးရက် ခံနိုင်ရည်ရှိလှတဲ့ ကားဆရာဟာ အဲဒီနေ့ မနက်စာစား နားချိန် ကားဆရာ ပျောက်သွားတယ်။ ကားပေါ်ပါသူ အားလုံးစားပြီး ၁၀ မိနစ်လောက်ကြာမှ ကားဆရာ ထွက်လာတယ်။ အတော်လေး လန်းလာပြီး သွက်လက်နိုးကြားပုံပေါက်နေတာ တွေ့ရတယ်။ ဒီလို့နဲ့ ကားမောင်းထွက်ခဲ့ပါတယ်။ မောင်းနေရင်း လမ်းဘေးဆိုင် တစ်ဆိုင်မှာ ညနေစာစားချိန်ရောက် ထမင်းဝင်စားပြန်တယ်။ ကားပေါ်ပါသူအားလုံး စားပြီး နာရီဝက်လောက်ထိ ကားဆရာမလာလို့ ဆိုင်ရှင်ကို မေးလိုက်တယ်။ ဆိုင်ရှင်လက်ညှိုးထိုးပြလိုက်တဲ့ အခန်းသွားလိုက်ပြီး အခန်းထဲအထိ မဝင်ဘဲ အပြင်ကနေ ကားဆရာ မိုးချုပ်နေမယ် ပြောလိုက်တယ်။ လာပြီလို့ သူပြန်ပြောတယ်။ ကျွန်တော် လှည့်ထွက်ခဲ့တယ်။ ၁၀ မိနစ်လောက်ကြာမှ ကားဆရာ ထွက်လာတယ်။ မောင်းနေရင်း မျက်နှာထားတည်တည်နဲ့ အချိန်မီရောက်ပါတယ်လို့ ကားဆရာပြောတယ်။
 
 

 
နောက်စကားလုံးတွေ ဆက်ထွက်လာတယ်။ ခံနိုင်ရည်ရှိအောင် အနည်းအကျင်း မှီဝဲရတယ် အစ်ကို။ မသုံးလို့ မရဘူး ရက်ဆက်မောင်းနိုင်နေတာ ဒီတန်ခိုးရှိနေလို့ပါ ပြောတယ်။ ကားဆရာ ခံနိုင်ရည်ရှိအောင် လုပ်လိုက်တဲ့ တန်ခိုးဆိုတာ ဘာလဲ ကျွန်တော်တွေးခဲ့မိပါတယ်။ ဒီနယ်စပ်လမ်းပေါ်မှာ ကားစီးရင်း အန္တရာယ်ရှိတတ်သလို စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်စီးလာတဲ့ ကားမှောင်ခို ပစ္စည်းတွေပါလို့ အဖမ်းခံရပြီး ခရီးကြန့်ကြာကြုံ ရပုံတွေလည်း မြင်ကြားဖူးသမျှ တွေးမိလာပါတယ်။ ဒီလမ်းပေါ်မှာ မကင်းလွတ် ပစ္စည်းတွေ ခဏခဏ ဖမ်းမိတယ်။ မှန်လုံလိုင်းကားကြီးတွေ ငြိတဲ့အခါ ဒုက္ခရောက် ခရီးသည် ပိုများတယ်။ အတက်ကားဆိုရင် ကျောက်စိမ်းဖမ်းတယ်။ သစ်လုံးပေတိုတွေ အပျောက်ထည့်လာလို့ ဖမ်းတယ်။ ပစ္စည်းဖမ်းမိတဲ့ ကားပေါ်က ခရီးသည်တွေကတော့ အချိန်လွန် ကားမရှိကြုံခဲ့ရင် ညအိပ်ရတယ်။ ဒီနယ်စပ်လမ်းပေါ်မှာ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြားမှာ ဘာညာသူပုန် ဆိုတာတွေကလည်း ခရီးသည်တွေအတွက် စိုးရိမ်ခြင်း ရင်ထိတ်နေရသော အခြေအနေများ အကြိမ်ကြိမ် ကြားနေရပါတယ်။ မိုးတွင်းမှာ တံတားတွေ ရေကျော်လို့ လမ်းပေါ်မှာ ညအိပ်ခရီးသည်တွေလည်း ရှိခဲ့ပါတယ်။ တွဲကားကြီးတွေတောင် ကြိုတောင်ကြားမှာ ကန့်လန့်ခံသလို ဖြစ်ခဲ့ချိန်လည်း အချိန်ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်ဝန်ထမ်းတွေ၊ မသင်္ကာတဲ့ ကားတစ်စီးကားအောက်ပိုင်းဖြုတ် စစ်ဆေးဖို့အတွက် အချိန်ဘယ်လောက်အထိကြာမလဲ တွေးကြည့်မိတယ်။ စစ်ဆေးပြီး မှောင်ခိုပစ္စည်းမပါတဲ့ကား ဖြစ်ခဲ့ရင် သူတို့စစ်ဆေးနေတုန်း စောင့်ခဲ့ရတဲ့ အချိန်တွေအတွက် ခရီးသည်တွေ ဘယ်လိုနေကြမလဲဆိုတာလည်း တွေးမိတယ်။ ဒီလမ်းပေါ်က တံတားတွေ သူပုန်ဖောက်ခွဲတဲ့အခါ ခရီးသွားတွေ ဒုက္ခရောက် အခက်အခဲ ကြုံမှာစိုးလို့ တံတားလုံခြုံရေး ယူထားတဲ့ ရဲကင်းကလည်း လူစီးကားလေးတွေကို ရပ်ခိုင်းပြီး အောက်ပိုင်းခေါက် စစ်ဆေးကြည့်တာတွေလည်း ဒီလမ်းပေါ် ဒီလိုစစ်ဆေးဖို့ အထက်က အမိန့်ပေးထားတာလား တာဝန်ကျ ရဲကင်းကပဲ တာဝန်သိစိတ်နဲ့ စစ်ဆေးတာလား ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာ တွေးနေမိပါတယ်။
 
မန္တလေးက မူဆယ်အတက် နောင်ချို ရောက်ခါနီး အခြေအနေ မကောင်းလို့ ပြန်လှည့်ပြီး မန္တလေးပြန်မောင်းခဲ့တဲ့ ကားစီးမိလို့ ခရီးတစ်ရက် နောက်ကျတာလည်း ကြုံခဲ့ဖူးပါတယ်။ ဒီလမ်းပေါ် ခရီးသည်ဘဝတွေကို တွေးနေရင်း ဒီလမ်းပေါ် စစ်ဆေးရေးဂိတ်တွေထဲက ဝန်ထမ်းတွေနဲ့ကော သုံးသိန်းကျော်ရင် အရေးယူမယ်ဆိုတဲ့ ပြောသံနဲ့ ဘယ်လိုနေမလဲ တွေးလိုက်မိပါတယ်။
 
နယ်စပ်လမ်းပေါ်ကနေ မူးယစ်ဆေးဝါး တင်လာတဲ့ ကား၊ နယ်စပ်လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေကို တစ်စီးကျပ်တစ်သိန်းပေး ဂိတ်ထဲအရောက် ကားရပ်ပြီး ဟန်ပြ အစစ်ဆေးခံပြီး ဝူးကနဲ မောင်းထွက်ခဲ့ရတဲ့ ကားမျိုးတွေရော ရှိနေမလား တွေးမိပါတယ်၊၊
 
ပြည်တွင်းက သယံဇာတတွေတင်ပြီး နယ်စပ်လမ်းပေါ်က စစ်ဆေးရေးဂိတ် ဝန်ထမ်းတွေကို သုံးသိန်းမပြည့်တဲ့ကြေး တစ်စီးငါးသောင်းကျပ်ပေးပြီး ဂိတ်ထဲဝင်လာချိန် ခဏရပ် ဟန်ပြစစ်ဆေးခံပြီး မောင်းခွင့်ပြုနေတာတွေရော ရှိနေမလား တွေးနေမိတယ်။
 
အတိတ်နယ်စပ်လမ်းက အတိတ်သမိုင်းရှိသလို ပစ္စုပ္ပန်မြင်ကွင်းတွေနဲ့ နယ်စပ်လမ်းကလည်း ပြောစရာတွေ့နေဆဲ ဖြစ်ပါတယ်၊ အန္တရာယ်ကင်းပြီး စိုးရိမ်စရာမရှိတဲ့ နယ်စပ်လမ်းပေါ်က ခရီးသည်အဖြစ် ခရီးသည်တိုင်း သွားချင်ကြမှာ ဧကန်မလွဲ ဖြစ်ပါတယ်။