နောင်... ဥဒါန်း ဘယ်မကျေစရာ (၂)

နောင်... ဥဒါန်း ဘယ်မကျေစရာ (၂)
Published 7 June 2015

၄ - ၆-၂၀၁၅ ရက်မှအဆက် >>>
၁၉၈၉-၉၀ ကာလများသည်ကား မြန်မာပြည်သမိုင်းတွင် မုန်တိုင်းထန်သော နှစ်ကာလများဖြစ်ခဲ့ပါသည်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးကို စစ်အစိုးရသစ်က ရက်ရက်စက်စက် ချေမှုန်းဖြိုခွဲပြီးနောက် မလွှဲမရှောင်သာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးပါမည်ဟု ကတိပြုခဲ့ကြရသည်။ နိုင်ငံရေးပါတီများ ထူထောင်ခွင့် ပေးခဲ့ကြရသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ဖွင့်ဟချက်အရဆိုလျှင် ဦးနေဝင်းကို သွားရောက်တွေ့ဆုံပြီး အာဏာသိမ်းရန် စီစဉ်ခဲ့သူများမှာ ကွယ်လွန်သူ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ခင်ညွန့်သာဖြစ်သည်။ အခြားသူများ မပါဝင်ပါ။
ထိုအချိန်တွင် ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သော ဗကသများအဖွဲ့ချုပ် ကျောင်းသားရဲဘော်များသည် စနစ်တကျ ပြင်ဆင်ခဲ့ကြသည်။ မင်းကိုနိုင် ခေါင်းဆောင်သော ဗကသများ အဖွဲ့ချုပ်က မြေအောက်တစ်ပိုင်း၊ မိုးသီးဇွန်ခေါင်းဆောင်သောအဖွဲ့က လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအဖြစ် တရားဝင်ရပ်တည်သည်။ မောင်မောင်ကျော် ခေါင်းဆောင်သောအဖွဲ့က လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲရန် ABSDF ကျောင်းသားတပ်မတော် တည်ထောင်ခဲ့သည်။  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း တစ်နိုင်ငံလုံးတွင် တစ်ခဲနက်လူထု ထောက်ခံမှုဖြင့် အင်အားကြီးပါတီအဖြစ် သမိုင်းဇာတ်ခုံပေါ် တက်ရောက်လာသည်။ အနယ်နယ်အရပ်ရပ်တွင် ဗကသများအဖွဲ့ချုပ် ခွပ်ဒေါင်းအလံတော်အောက်မှ ကျောင်းသားသမဂ္ဂများ အပြိုင်းအရိုင်း ပေါ်လာသည်။ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (အ. က.သ) လည်း ပေါ်ပေါက်လာသည်။ ဒီမိုကရက်တစ်နိုင်ငံရေး အင်အားစုအားလုံးနှင့် ကျောင်းသားသမဂ္ဂများသည် ၁၉၉၀ ရွေးကောက်ပွဲ ကာလတွင်လည်း “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝန်းရံကြ” ကြွေးကြော်သံဖြင့် တာဝန်ကျေခဲ့ကြသည်။ ဒီမိုကရေစီ အင်အားစုများနှင့် စစ်အာဏာရှင်အနွယ်တို့အကြား ရွေးကောက်ပွဲတွင် ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြသည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် (၂၇-၅-၁၉၉၀) နေ့တွင် အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နိုင်ငံတကာ သတင်းမီဒီယာများက “NLD နိုင်ရင် ဘာလုပ်မလဲ” ဟု မေးမြန်းသည့်အခါ “စစ်တန်းလျားပြန်သွားမှာပေါ့” ဟု မဆိုင်းမတွ ပြန်ဖြေခဲ့သည်။ စစ်တန်းလျား ပြန်၊ မပြန်ကိုကား သမိုင်းက အဖြေပေးခဲ့ပြီးဖြစ်ပါသည်။ စစ်တန်းလျားပြန်မည်ဟု အဖြေပေးခဲ့သည့်  ဗိုလ်ချုပ်မှူးကြီး စောမောင်ခမျာ စိတ်ဝေဒနာ ခံစားနေရပြီဟု လည်းကောင်း၊ အချို့ကလည်း စိတ်ဖောက်ပြန်စေရန် ထိုးဆေးများ အထိုးခံရသည်ဟုလည်းကောင်း ကောလာဟလများ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီး မကြာမီ တာဝန်မှ အနားပေးလိုက်သည်ဟု ကြေညာချက် ထွက်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် အာဏာမလွှဲသည့် ကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် “တချို့နိုင်ငံကြီးတွေကဆိုရင် ကျွန်တော်တို့ကို အာဏာပင်လွှဲမှာ မဟုတ်ဘူးလို့ ထင်နေကြတယ်” ဟု ဗိုလ်ချုပ်ကြီးခင်ညွန့်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း “အာဏာအတွက် စိတ်ပူနေကြသလား..စိတ်မပူပါနဲ့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်သွားမှာ” ဟုလည်းကောင်း၊ “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၄၇ ကြိုက်သလား၊ ၇၄ ကြိုက်သလား အသစ်ရေးချင်သလားရေးကြ၊ တပ်မတော်ကိုတော့ သမိုင်းတရားခံ လာမရှာနဲ့” ဟူသော စကားရပ်များ ပြောခဲ့ကြသည်။ ထိုစကားရပ်များ မှန်၊ မမှန်အဖြေကို သမိုင်းက လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးပေပြီ။ ဗိုလ်ခင်ညွန့် ဘယ်လိုလူစား ဆိုသည်ကိုလည်း သမိုင်းက မျက်ဝါးထင်ထင် မြင်စေခဲ့ပါပြီ။ သမိုင်းနှင့်ချီပြောရသမို့ မလွှဲမရှောင်သာ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စများ ထည့်ပြောရသည်ကိုတော့ အားနာပါသည်။
တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုလုံးဝမရှိ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစု ခေါင်းဆောင်အများအပြားကို ထောင်ထဲထည့် ဓားမိုးကျင်းပခဲ့သော ရွေးကောက်ပွဲ ဖြစ်သည်။ ရွေးကောက်ပွဲအပြီး အနိုင်ရသူကို အာဏာမလွှဲသည့် စစ်ခေါင်းဆောင် တစ်ဦးနှစ်ဦးကြောင့် တပ်မတော် ဂုဏ်သိက္ခာ ထိပါးခဲ့ရသည်။ လူထုတိုက်ပွဲ ကျောင်းသားတိုက်ပွဲတွေ နိုင်ငံအနှံ့ တခြိမ်းခြိမ်း ပေါ်လာသည်။ ဤတွင် ထောက်လှမ်းရေးက လူဖမ်းပွဲကြီးတွေ ကျင်းပသည်။ မန္တလေးတွင် ကျောင်းသားသမဂ္ဂများက ဘုရားကြီးနှင့် မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်းတို့တွင် အခြေခံစခန်း ဖွင့်လှစ်သည်။ ညီလာခံများ၊ ကွန်ဖရင့်များ ကျင်းပသည်။ ကျောင်းသားများကို လှုပ်ရှားစဉ် တစ်ယောက်ချင်း၊ နှစ်ယောက်ချင်း ဖမ်း၍ရသော်လည်း သမဂ္ဂများကို မချေမှုန်းနိုင်။ သပိတ်ကံဆောင်ပွဲကြီးအပြီး ကျောင်းတိုက်များ စီးနင်းတော့ ထောက်လှမ်းရေး မျက်မုန်းကျိုးနေသည့် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဦးရာဇဓမ္မနှင့် မစိုးရိမ်တိုက်ဟောင်း ဆရာတော်ကြီး ဦးကောဝိဒတို့နှစ်ပါးကို ဖမ်းသည်။ တိပိဋက ဆရာတော် ဦးသုမင်္ဂလလင်္ကာရကို မြစ်ကြီးနားထောင်မှာ ထားသည်။
သို့ဖြင့် မစိုးရိမ်တိုက်သမိုင်းတွင် နေတစ်ဆူ လတစ်ဆူ ထင်ရှားတော်မူသော ဆရာတော်ကြီးနှစ်ပါး၊ ရဟန်းမွန် ရဟန်းမြတ်တို့နှင့် မအပ်စပ်သော ထောင်သို့ရောက်ရှိလာကြရ ရှာပါတော့သည်။ ထိုဆရာတော်ကြီး နှစ်ပါးနှင့် ကျွန်တော်သည် ၁၉၉၁ နှစ်ဦးပိုင်းတွင် မန္တလေးနန်းတွင်း ထောင်တိုက် (၂) ၌ အကျဉ်းသားများအဖြစ် ဆုံစည်းခဲ့ကြရခြင်း ဖြစ်ပါသည်။
ထိုအချိန်က မန္တလေးနန်းတွင်းထောင် တိုက်(၂)နှင့် တိုက်(၃)တို့၌ နိုင်ငံရေးအကျဉ်းသားများ ထားသည်။ သံဃသာမဂ္ဂီဥက္ကဋ္ဌ ဆရာတော်ဦးရေဝတလည်း တိုက်(၃)မှာ ရှိသည်။ မစိုးရိမ်တိုက်မှပင် သပိတ်တပ်ပေါင်းစု ဥက္ကဋ္ဌဆရာတော် ဦးကဝိန္ဒမှာ အဖမ်းခံထားရသော်လည်း အဆိုပါ ၁၉၉၁ နှစ်ဦးပိုင်းတွင် မန္တလေးထောင်မှာ မရှိတော့။ ရဲဘက်စခန်းပါသွားပြီဟု သိရသည်။ ကျွန်တော်က ၁၉၉၀ နိုဝင်ဘာ ၁၇ ရက်တွင် အဖမ်းခံရပြီး ထောက်လှမ်းရေး(၁)မှတစ်ဆင့် မန္တလေးထောင် တိုက် ၂၊ အခန်း ၂ သို့ရောက်သည်။ ထိုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကျွန်တော့်ကို ရန်ကုန် ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးစခန်းသို့ လေယာဉ်ဖြင့်ပို့သည်။ ကျွန်တော်နှင့် မရှေးမနှောင်း အဖမ်းခံကြရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များကို လေယာဉ်ဖြင့် ရန်ကုန်ပို့ရာတွင်  လေယာဉ်ခကို ထောက်လှမ်းရေးသို့ ပေးရသည်။ ကျွန်တော့်ကိုကား မတောင်း။ ရေကြည်အိုင်တွင် တစ်လကျော်ကြာပြီး ထောက်(၆)မှတစ်ဆင့် လေယာဉ်ဖြင့်ပင် မန္တလေးပြန်ပို့သည်။ (လေယာဉ်ဖြင့် အခမဲ့အပို့အကြို လုပ်သည့်အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကိုယခုတိုင် ကျေးဇူးတင်နေပါသည်။) မန္တလေးထောင်ပြန်ရောက်ပြီး သိပ်မကြာပါ။  ၅.၂.၁၉၉၁ တွင် ကျွန်တော်နှင့်ရဲဘော်များ ထောင်ကျသည်။
ကျွန်တော်တို့ ထောင်ကျပြီး တိုက် (၂) တွင်ရှိစဉ် နေ့ခင်းဘက် တန်းပိတ်ချိန်၌ ဆရာတော် ဦးရာဇဓမ္မရောက်ရှိ လာခြင်းဖြစ်သည်။ တိုက် ၂ မှာ အခန်း ၁၃ ခန်းရှိသည်။ အခန်း ၁၃ မှာ သရဲခြောက်သည်ဟု နာမည်ကြီးလှသည်။ တိုက်များမှာ အင်္ဂလိပ်လက်ထက်က အဆောက်အအုံများဖြစ်ရာ ထုထည်ကြီးမား ခိုင်ခံ့လှ၏။ (၁၈’ x ၁၀’)ခန့်ရှည်ပြီး လူငါးယောက် ဘေးချင်းယှဉ်၍ ချောင်ချိစွာ အိပ်နိုင်သည်။ ခြေရင်းတွင် လမ်းလျှောက်နိုင်သည်။ နောက်ကျောတွင် သံတိုင်တပ် လေဝင်ပေါက်ရှိသည်။ တိုက်ခန်းကို သံတံခါးဖြင့်ပိတ်ပြီး အထက်တွင် နောက်ထပ် လေဝင်ပေါက် တစ်ပေါက်ရှိသည်။ တိုက်ခန်း၏ရှေ့တွင် (၁၂’ x ၈’)ခန့် ကွက်လပ်ငယ်တစ်ခုရှိပြီး အခြားအခန်းများနှင့် အုတ်နံရံခြားထားကာ ရှေ့ဘက်တွင် သစ်သားတံခါး ပိတ်ထားသည်။ ထိုစဉ်က အခန်း ၁၂ တွင် ကျွန်တော်၊ ကျွန်တော့်ညီ ဇာနည်အောင်၊ လျှပ်စစ်အင်ဂျင်နီယာ ကိုမောင်မောင်အေးနှင့် တော်ဝင်ဦးခင်မောင်သန်းတို့ ရှိနေသည်။ နံနက် ထောင်ဖွင့်လျှင် သံတံခါးလာဖွင့်ပေးပြီး ရှေ့သစ်သား တံခါးကို ပိတ်သည်။ နေ့ခင်း ၁၂-၂ နာရီ ထောင်ပိတ်ချိန်နှင့် ညနေ ၅ နာရီတန်းတင်ချိန်တို့တွင် သံတံခါးပိတ်ထားပြီး ရှေ့မှသစ်သား တံခါးဖွင့်ထားသည်။ ထိုအချိန်တွင် ရှေ့မှလူဖြတ်သွားလျှင် မြင်ရသည်။ ဆရာတော်ကြီး ရောက်လာသည့်နေ့က နေခင်းထောင်ပိတ်ချိန် အကျဉ်းသားများ အိပ်နေကြချိန် ဖြစ်ပါသည်။ ရုတ်တရက် တိုက်တန်းစီးက သစ်သားတံခါးများ လိုက်ပိတ်သည်။ မျက်နှာ သိပ်မကောင်း။ ဘာဖြစ်တာလဲဟု ကျွန်တော် ထကြည့်စဉ် ကျွန်တော်တို့ဘေး အစွန်အခန်း (၁၃) တံခါးဖွင့်သံကြားရပြီး သံမင်းတုပ်ပြန် ပိတ်သံကြားရ၏။ လူသစ်တော့ ရောက်လာပြန်ပြီဟု တွေးမိသည်။ အခန်း(၁၁)မှ နံရံထုသံကြားရပြီး ရှေ့သံတိုင်ပေါက်မှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ အခန်း (၁၁)တွင် ကျွန်တော့်ရဲဘော် ကိုတင်အေးကြူ (မောင်မှိုင်းလွင်-အင်းဝ)နှင့် အမှုတွဲများ ရှိသည်။ ၎င်းတို့ထဲတွင် ကျွန်တော်နှင့် ခင်မင်သော မန္တလေးတက္ကသိုလ် သမိုင်းဌာနမှ ဆရာကျော်သီဟ (ယခု NLD ပြင်ဦးလွင်လွှတ်တော် ကိုယ်စားလှယ်) လည်း ပါသည်။ “ဘဲကြီး ဘာတုံး” ကျွန်တော်က ပြန်ထူးသည်။ ကိုတင်အေးကြူကို သူငယ်ချင်းများက “ဘဲကြီး” ဟု ခေါ်ကြသည်။ “ခုနက ငထောက်တွေ ပြောသံကြားရတယ်.. လိမ္မော်သီး လာပို့တာတဲ့ တန်းဖွင့်ရင် ဆက်သွယ်ကြည့်ဦး” ဟု လှမ်းပြောသည်။ ငထောက်ဆိုသည်မှာ ထောက်လှမ်းရေးများကိုဆိုလိုပြီး ၎င်းတို့က ဘုန်းကြီးများကို လိမ္မော်သီးဟု အမည်ဝှက်ပေးထားသည်။ တိုက်ခန်း(၁၃)ခန်း၏ အဝင်သစ်သား တံခါးမကြီးအောက်တွင် အခန်းတိုင်းကို ဖြတ်စီးသော ရေမြောင်းငယ်တစ်ခု ရှိသည်။ ထိုမြောင်းပေါက်မှ အခန်းချင်း အဆက်အသွယ် လုပ်ကြသည်။ ကျွန်တော်က မြောင်းပေါက်မှ “အရှင်ဘုရား.. ဘယ်ကပါလဲဘုရား၊ တပည့်တော်ရှေ့နေ သိန်းသန်းဦးပါဘုရား” ဟု ငုံ့အော်သည်။ မြောင်းအနား ထိုင်ချသံကြားရပြီး “အေး ငါမစိုးရိမ်တိုက်သစ်က ဘုန်းကြီး ဦးရာဇကွ။ ငါ့ကိုကနေ့ပဲ သာသနာ ညစ်နွမ်းနဲ့ ထောင်ချလိုက်တယ်” ဟု ပြန်ဖြေ၏။ ကျွန်တော်တို့က လူနှစ်ယောက်ဆင့်ပြီး အခန်း(၁၂) နှင့် (၁၃) ကြား ခြားထားသည့် အုတ်တံတိုင်းပေါ် တက်ကြည့်ရာ မစိုးရိမ်တိုက်သမိုင်းတွင် စာသင်စာချ အလွန်နာမည်ကြီးလှပြီး စာသင်သားများက သိမ့်သိမ့်တုန် ကြောက်ကြရသော ဆရာတော် ဦးရာဇဓမ္မကို တွေ့ရသည်။ ပိန်ပိန်ပါးပါး အရပ်မြင့်မြင့် အသားဖြူဖြူ မျက်မှန်နှင့် ထက်မြက်ပြတ်သားမှုက မျက်နှာပေါ်တွင် အထင်းသား။ ဆောင်းမကုန်သေးသော အချိန်ဖြစ်သော်လည်း ဆရာတော်တွင် စွပ်ကျယ်အင်္ကျီ လက်ပြတ်နှင့် အပြာရောင်ပုဆိုးတစ်ထည် ဆီးထားပြီး ပုဆိုးကို သင်းပိုင်သဖွယ်လိပ်၍၀ တ်ဆင်ထားသည်။ “အရှင်ဘုရား ဒီကောင်တွေ သင်္ကန်းအတင်း ချွတ်ခိုင်းတာလားဘုရား”
“အေးကွ..သင်္ကန်းချွတ်ပေမယ့် သိက္ခာက ကိုယ်ချမှကျတာကွ၊ လူဝတ်လဲရုံနဲ့ သိက္ခာ မကျဘူး” “နေဦးဘုရား ဦးဇင်းချမ်းနေလိမ့်မယ်..ဘုန်းကြီး ဘာမှလဲမပါဘူး.. တပည့်တော်တို့ ပို့လိုက်မယ်ဘုရာ့}}
ဇာနည်အောင်က တီရှပ်လက်ရှည် ဂျာစီတစ်ထည်နှင့် ထန်းလျက်အပါအဝင် စားစရာများကို အုတ်တံတိုင်းပေါ်မှကျော်ပြီး ပစ်ချသည်။ ဆရာတော်၏ ပြောပြချက်အရ မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဦးကောဝိဒလည်း သာသနာညစ်နွမ်းမှုဖြင့် ထောင်ချခံရကြောင်း၊ အခြားသံဃာငယ်များလည်း ပါဝင်ကြောင်း သိရသည်။ ဆရာတော်ကြီး နှစ်ပါးအပေါ် စွဲချက်များမှာ ကျောင်းသားသမဂ္ဂများကို လက်ခံနေထိုင်ခွင့်ပြုမှု၊ သပိတ်ကံဆောင် သံဃာငယ်များကို တားမြစ်ခြင်းမရှိမှုတို့ ဖြစ်သည်ဟု သိရသည်။ အပြင်လောကတွင် ဤဆရာတော်ကြီး နှစ်ပါးကို ဖူးတွေ့ရန်မလွယ်။ စာသင်စာချ ဂန္ထဓုရတာဝန်ကို အားသွန်ထမ်းဆောင် ကြသည်ဟု ဂုဏ်သတင်း မွှေးလှသည်။ ဆရာတော်ကြီးက သူ့ကိုဖမ်းဆီးပုံ၊ စစ်ကြောပုံများကို ပြောပြနေစဉ် တိုက်ထိပ်မှ ပုံစံအော်သံ ကြားရသည်။ ကျွန်တော်တို့လည်း ဆရာတော်ကြီးကို တိုက်ခန်းထဲပြန်ဝင်နေရန် ပြောပြီး ကိုယ့်အခန်းတွင်ကိုယ် နှစ်ယောက်တစ်တွဲ ပုံစံထိုင်ထားရသည်။ အခန်းရှေ့မှ လူများဖြတ်လျှောက် သွားသည်ကို သစ်သားတံခါး အက်ကြောင်းကြားမှ ရိပ်ခနဲ မြင်ရ၏။
အခန်း(၁၃) သစ်သားတံခါး ဆွဲဖွင့်သံကြားရပြီး “ရာဇဓမ္မ(ခေါ်)စိန်မောင်ထွက်” ဟု အော်ခေါ်သံကြားရသည်။ ခြေသံများကြားရပြီး ခဏအကြာတွင် ကျွန်တော်တို့ အခန်းသစ်သားတံခါးကို ဝုန်းခနဲဆွဲဖွင့်ကာ အရပ်ဝတ်နှစ်ဦး၊ ထောင်မှူးတစ်ဦးနှင့် ဝါဒါနှစ်ဦး ဝင်လာသည်။ ရှေ့ဆုံးမှ မျက်နှာထားဆိုးဆိုး ဗလတောင့်တောင့်ဖြင့် ဘောင်းဘီရှည် ဝတ်ထားသူက “ဟေ့..ရာဇဓမ္မကို အင်္ကျီနဲ့ စားစရာတွေပေးတာ မင်းတို့မဟုတ်လားကွ” ဟု ဟိန်းဟောက်သည်။ ၎င်းမှာ ထောက်လှမ်းရေး(၁)မှ တပ်ကြပ်ကြီးတောက်ထွန်း (ယခုကွယ်လွန်) ဖြစ်သည်။ ထောက်(၁)တွင် ကျွန်တော့်ကို စစ်စဉ် “ဟေ့ကောင် သိန်းသန်းဦး မင်းမှစာဖတ်တတ်တာ မဟုတ်ဘူး.. ငါကျောင်းဆရာသားကွ.. စာအုပ်ပုံပေါ် ကြီးလာတာ..မအေ x ဂန္ထဝင်သာလိကာ” ဟုဆိုပြီး ထိုးကြိတ်ရိုက်နှက် ခဲ့သူဖြစ်သည်။ နောက်တစ်ယောက်မှာ အရပ်ပုပျပ်ပျပ် လူကောင်သေးသေး အချိန်ပြည့်မူးနေသည့် တပ်ကြပ်ကြီး ဝင်းမြင့်အောင်။ ကျွန်တော် ထောက်(၁)မှာရှိစဉ် တစ်ည သူဝင်လာပြီး သိန်းသန်းဦးရေ ငါကနေ့ဘယ်သူ့မှ မရိုက်ရသေးလို့ကွာ.. အဲဒါ မင်းကိုရိုက်ပါရစေ” ဆိုပြီး စီးထားသည့် ရော်ဘာဖိနပ်ချွတ်၍ ကျွန်တော့်ပါးကို ရိုက်ခဲ့သူဖြစ်သည်။ “ဟေ့ကောင် ငါ့ဖိနပ်က ဆင်ကြယ်အစစ်ပါကွ။ မင်းဂုဏ်ယူပါ” ဟု ပြောခဲ့သည်။ ဇာနည်အောင်က ဆရာတော်ကြီးဝတ်စရာမရှိလို့ ကျွန်တော် ပေးလိုက်တာဟု ဝင်ဖြေသည်။ ထိုစဉ် မိုးကြိုးပစ်ခံထားရသည့် ဝက်ဝံနှင့်တူပြီး မျက်နှာတွင် ကျောက်ပေါက်မာများရှိသူ ထောင်မှူးက “ဟေ့ကောင် ထောင်မှာ ဘုန်းကြီးမရှိဘူး နားလည်လား.. အချုပ်နဲ့ အကျ နှစ်မျိုးပဲရှိတယ်။ နောက်တစ်ခါလုပ်ရင် ထုတ်ရိုက်ပစ်မယ်” ဟု ဟောက်ပြီး ပြန်လှည့်ထွက် သွားကြသည်။ ထိုသူမှာ ထောင်မှူးကြီး မြမောင်ဟု နောင်တွင် သိရပါသည်။ တိုက် (၂) မှ ဆရာတော် ဦးရာဇဓမ္မကို ခေါ်ထုတ်သွားပြီး မေလတွင် ဗိုလ်ချုပ်မှူးကြီးစောမောင် ပြုတ်ကျကာ ကြေညာချက် အမှတ်-၁/၉၂ ထွက်လာခဲ့သည်။ နဝတအစား နအဖအမည် ပြောင်းပြန်သည်။ တချို့နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်သွားကြရာ ကျွန်တော်တို့က ဆရာတော်ကြီး လွတ်သွားပြီဟု တွေးမိပြီး ပျော်ခဲ့ကြသည်။ သို့ရာတွင် မကြာမီ ကျွန်တော်တို့ တွဲဖက်ထောင်သို့ ပြောင်းရွှေ့ကြရပြန်ရာ တွဲဖက်တိုက်(၁)တွင် မစိုးရိမ်ဆရာတော်ကြီး နှစ်ပါးနှင့် ပြန်လည်ဆုံတွေ့ရတော့မှ မမှန်ကြောင်း သိရပါတော့သည်။