တန်ဖိုးသင့် ညစာ (သို့) မေ့လျာ့နေသော ဈေးကွက်သို့

တန်ဖိုးသင့် ညစာ (သို့) မေ့လျာ့နေသော ဈေးကွက်သို့
Published 28 April 2015
နန္ဒဝင်း (ဆေး-၁)

ဆရာဝန်အလုပ်ကို ဝါသနာပါလွန်းလို့ကို လုပ်ခဲ့သူပီပီ ကျွန်တော့်အတွက် လူနာတွေကို ကြည့်နေရရင် မမောနိုင်ခဲ့ပါဘူး။ နောက်မှာ ဘယ်လောက်ပဲ လူနာများနေပါစေ လက်ရှိကြည့်နေတဲ့ လူနာတစ်ယောက်ကို မှာစရာရှိတာမှာတတ်တာ ကျွန်တော့် အကျင့်ပါပဲ။ မြန်မာနိုင်ငံရဲ့ အခြားခြားသော ဆေးရုံဆေးခန်းတွေနှင့် တူညီစွာ ကျွန်တော့်လူနာတွေထဲမှာ သွေးပေါင်တက်တဲ့လူနာတွေကလည်း အတော့်ကိုများလှပါတယ်။
 
အခြားဆရာဝန်တွေက လူနာတွေကို ဘယ်လိုမှာတယ်မသိပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် သွေးပေါင်တက်တဲ့လူနာတွေကို ဆောင်ရန်ရှောင်ရန်မှာတဲ့အခါမှာ ကံစိတ် ဥတု အာဟာရ လေးခုကို မူတည်ပြီး မှာတတ်ပါတယ်။ အလုပ်ပြင်းပြင်းထန်ထန် မလုပ်ဖို့ စိတ်ခံစားချက်တွေကို ထိန်းသိမ်းဖို့ ပူပြင်းလှတဲ့ ရာသီဥတုမှာနေတတ်ဖို့ အဆီအအိမ့် အငန်စတဲ့ တက်စာတွေကိုရှောင်ဖို့ မှာခဲ့ပါတော့တယ်။ အစားအစာတွေကို ထပ်ပြီး အာရုံစိုက် မှာမိတာဆိုရင် မတည့်တဲ့အစားအစာတွေက ဝက်သား၊ အမဲသား၊ ဘဲသား၊ ငါးသလောက်၊ ငါးဖယ်၊ ပုစွန်၊ အုန်းနို့၊ ထောပတ်၊ ဆေးလိပ်၊ အရက်၊ ကွမ်း၊ ကြက်ဟင်းခါးသီး၊ တညင်းသီး၊ ဆူး ပုပ်ရွက်၊ မှို၊ မျှစ်၊ ငါးခြောက်၊ ငါး ပိ စတာတွေကိုရှောင်ဖို့ အမြဲမှာမိခဲ့ပါတယ်။ နားထောင်ကြတဲ့ လူနာတွေရှိသလို ငိုအားထက် ရယ်အားသန်ပြောကာမှ ဆင်အိပ်ရာဆိတ်နိုး စားစရာတွေ သတိရတဲ့လူနာတွေလည်း ရှိပါသေးတယ်။ နယ်တစ်ခုမှာ တာဝန်ကျတုန်းက အဲဒီအဘကြီးကို သွေးတိုးနေတဲ့အကြောင်း ဆောင်ရန်ရှောင်ရန်တွေ မတည့်တဲ့ အစားအစာတွေကို တန်းစီကရားရေလွှတ် တတွတ်တွတ်မှာမိပါတယ်။ လူနာစမ်းသပ်တဲ့ ခုတင်ပေါ်က ဆင်းပြီး ပြေလျော့နေတဲ့ပုဆိုးကို ပြင်ဝတ်ရင်း နံဘေးက အဖော်ပါလာတဲ့ သူ့အမျိုးသမီးကို လူနာအဘက ချက်ချင်း ပြောလိုက်ပုံက ညီမလေး ရန်ကုန် ကားကြုံရင် ဘဲကင်လေးဘာလေးမှာကွာ ဆရာပြောမှ ငါစားချင်လိုက်တာတဲ့။
 
နွမ်းပါးတဲ့လူနာတွေက ကျွန်တော့်ကို တစ်ခု အထွန့်တက်တက်ပါသေးတယ်။ ဆရာရယ် ငါးသလောက်တို့ ဝက်သားတို့ဆိုတာ ကျွန်တော် ကျွန်မတို့ဘဝမှာ မူးလို့ရှူစရာတောင် မရှိလှပါဘူး။ မစားရလည်း ဘာမှမဖြစ်ပါဘူး။ တောသူတောင်သားတွေဖြစ်လို့ ငါးပိချက်အား ပြုစားနေရတာ ငါးပိချက်မှ မစားရင် ဘာသွားစားရမှာတုန်းလို့ ဆိုတတ်ကြပါတယ်။ အနည်းငယ် ကျွဲမြီးတိုသွားတဲ့ ကျွန်တော်က ဟာဗျာ လောကကြီးမှာ ဒီငါးပိချက်ပဲ စားစရာရှိတာမှတ်လို့။ ဒီပြင့်ဟာ စားပေါ့လို့ ခပ်ငေါက်ငေါက်ဆိုမိမှ ခေါင်းလေးတွေ ပုသွားတတ်ကြပါတယ်။ ဒါပေမဲ့ နေရာဒေသသာပြောင်းသွားတယ်။ ငါးပိချက်မစား ဘာစားရမလဲဆိုတဲ့စကားကို နွမ်းပါးတဲ့ လူနာတွေဆီက အမြဲကြားနေရတတ်ပါတော့တယ်။ သိချင်စိတ်ကြီးလာရင် မနေတတ်တဲ့ ကျွန်တော်ဟာ တစ်ညနေမတော့ ဆေးခန်းကနေ ခဏထွက်ပြီး နွမ်းပါးသူတွေရှိနေတဲ့ အရပ်ကိုသွား သူတို့ရဲ့ထမင်းဝိုင်းကို လေ့လာမိပါတော့တယ်။
 
ထမင်းဝိုင်းအလယ်က ငါးပိချက်တစ်အိုးကို အဓိကဟင်းလျာအဖြစ် မိသားစုအကုန်ဝိုင်း အားပါးတရ စားနေကြပါတယ်။ ဟင်းတော့ မကောင်းဘူးဆရာ ငါးပိချက်လေ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒါနဲ့ပဲ ထမင်း မြိန်တယ်ဆိုပြီး ပလုတ်ပလောင်းဝါးရင်းပြောနေတဲ့ သူတို့ကို ရုတ်တရက် စကားပြန်တောင်မပြောနိုင်ခဲ့ပါဘူး။ နီးစပ်ရာ ကိုင်းအပြန် ယာအပြန်မှာချိုးလာတဲ့ အတို့ အမြှုပ်ကလေးတွေနှင့် ထမင်းကို ဇိမ်ခံတောင်မဝါးဘဲ ငါးပိချက်နှင့်နယ် မျိုချနေရတဲ့သူတို့ဘဝကို ဒါငါတို့လူမျိုးစားရတဲ့ အစာလားလို့ သုံးသပ်ပြီး စိတ်မကောင်းဖြစ်မိခဲ့ ပါတော့တယ်။ သူတို့တွေအတွက် ငါးပိချက်ထက် အာဟာရပြည့်ဝမယ့် အစားအစာတွေ အသုံးနည်းစွာနှင့် စားသုံးတတ်လာအောင် ဘယ်လိုပညာပေးရမယ်။ ဘယ်လို နည်းပေးလမ်းပြ လုပ်ရမယ်ဆိုတာကို အမြဲတွေးတောမိနေခဲ့ပါတော့တယ်။
 
အဲဒီအချိန်ကစ မြန်မာနှစ်ဆန်း ၁ ရက်နေ့လို အခါကြီးရက်ကြီးတွေ ကျွန်တော့်မွေးနေ့လို အမှတ်တရနေ့တွေမှာ ကျွန်တော်ဟာ တပည့်တပန်းနှင့် မိတ်ဆွေတွေရဲ့ အင်အားကိုယူပြီးတော့ ဆင်းရဲနွမ်းပါးသူတွေကို စတုဒိသာကျွေးဖို့ စီစဉ်ခဲ့ပါတယ်။ ကိုယ့်အလှူကြောင့် သတ္တဝါတွေ ပိုသတ်ရတာမဖြစ်ရအောင် ပံ့သကူသားဖြစ်တဲ့ ငါးခြောက်နှပ်ကို သီးစုံပဲကုလားဟင်း ထမင်းနှင့် ဖိတ်ခေါ်ကျွေးမွေးခဲ့ပါတော့တယ်။ အားပါးတရ စားသောက်နေကြတဲ့သူတွေကိုတွေ့ရတာ ကျွန်တော်တင်မက လာကူတဲ့တပည့်များ မိတ်ဆွေများကလည်း ဝမ်းမြောက်ကြပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်တွေ ရွာနီးချုပ်စပ်ကို လိုက်ပြီး ဗျိုးဟစ်ကာ စတုဒိသာစားရန်ကြွပါလို့ လိုက်ဖိတ်ရတာ အင်မတန်ကြည်နူးစရာ ကောင်းလှပါတယ်။ ဆရာဝန်ဖြစ်စကတည်းက တစ်နေ့တစ်နေ့ ဆေးခန်းလာပြသော ပထမဦးဆုံးလူနာဆီကရတဲ့ အမြတ်ငွေကို လှူဒါန်းဖို့ စုဆောင်းထားတတ်တဲ့ ကျွန်တော့်အတွက် လှူရန်ငွေက အမြဲရှိနေတာမို့ လှူရန် အခွင့်ကိုပဲ ပိုက်ဆံလေးတွေ စုရင်း ရှာဖွေနေခဲ့မိတဲ့ အထိပါပဲ။
 
ကျွန်တော့်အတွေးအခေါ် တစ်ဆစ်ချိုးစေမယ့်ကာလကို ရောက်လာခဲ့ပါတော့တယ်။ အဲဒါကတော့ တစ်ရက်နေရာဒေသတစ်ခုမှာ စတုဒိသာစားရန် ကြွကြပါလို့ ရွာကလေးတစ်ခုထဲကို တပည့်တွေကို ဗျိုင်းဟစ်ခိုင်းပြီး ကြည်နူးချင်လို့ နောက်ဘက်မလှမ်းမကမ်းကနေ လိုက်ကြည့်နေမိတဲ့အချိန်က အဖြစ်အပျက်ပါ။ မနီးမဝေးကပါလာတဲ့ ကျွန်တော့်ကို သတိမပြုမိတဲ့ အမျိုးသမီးတစ်ယောက်က စတုဒိသာလိုက်စားရအောင် တို့က သူတောင်းစားမှမဟုတ်တာလို့ ရှေ့ဗျိုင်းဟစ်သွားတဲ့ တပည့်ကျော် ခပ်လှမ်းလှမ်းအရောက်မှာ မကြားတကြား ဆိုပါတယ်။ စေတနာကို စော်ကားလိုက်တာဆိုပြီး စိတ်တိုသွားသလိုဖြစ်ပေမယ့် လူတိုင်းမှာ မာနရှိတယ်ဆိုတာကို သတိပြုမိတဲ့အခါ အခမဲ့စတုဒိသာများ ကျွေးမွေးခြင်းကို လုပ်ရန် အနည်းငယ် လက်တွန့်သွားမိပါတော့တယ်။ မိမိက စေတနာပင်ဖြစ်လင့်ကစား သူတစ်ပါးရဲ့ဂုဏ်သိက္ခာကို မထိခိုက်သင့်ဘူးဆိုတဲ့ အသိတစ်ချက်အား စတုဒိသာပြီး စတုဒိသာကျွေးချင်နေတဲ့ ကျွန်တော့်ကို တွေဝေစေပါတော့တယ်။ ဒါပေမဲ့ အနည်းငယ်အနားရလို့ စဉ်းစားလိုက်တိုင်း ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေ ပင်ပင်ပန်းပန်း တစ်နေကုန် အလုပ်တွေ လုပ်လာပြီးမှ ငါးပိချက် အိုးလေးတစ်အိုးတည်းကို ခေါင်းမဖော်တမ်း အလုအယက်စားနေရတဲ့ မြင်ကွင်းကို မြင်ယောင်နေမိပါတော့တယ်။
 
လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသလိုပါပဲ။ သုံးလေးနှစ်လောက် အကောင်အထည်မပေါ်ပေမယ့် လုပ်နိုင်မယ့် အခွင့်အရေးကို အမြဲတမ်း မျှော်လင့်နေတဲ့ ကျွန်တော့်အတွက် နေ့တစ်နေ့ကတော့ ရောက်လာခဲ့ပါတော့တယ်။ ယခုတာဝန်ကျနေတဲ့ အင်္ဂပူဆိုတဲ့ မြို့ငယ်ကလေးမှာ ဆရာဝန်အလုပ်သာမက ကျန်းမာရေးနှင့်နှီးနွှယ်သော လူမှုဖွံ့ဖြိုးရေး ပရဟိတအလုပ်တွေလည်း လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ မြို့ကလေးကျဉ်းကျဉ်းမှာ နဂိုကတည်းက နယ်မြေခံအခြေခံ ကျန်းမာရေးဝန်ထမ်းအများစုဟာ တစ်ဦးနှင့်တစ်ဦး အမျိုးတွေ ပတ်လည်တော်နေကြတာပါ။ အစောပိုင်းကတော့ ကျွန်တော်လုပ်လို့သာ လိုက်လုပ်နေရပေမယ့် နောက်ပိုင်းကျတော့ ဝန်ထမ်းအားလုံးဟာ ပရဟိတအလုပ်တွေကို လိုလိုချင်ချင် လုပ်ကိုင်လာပါတယ်။ လပြည့်လကွယ် နေ့တွေဆိုရင် ကျွန်တော်ဖွင့်နေကျ နေ့လယ်ခင်း ဇီဝိတဒါနဆေးခန်းလေးအတွက် သူတို့ ပြောစရာမလို သူ့တာဝန်နှင့်သူ ပြင်ဆင်နေတတ်ကြပါတယ်။ တစ်လတစ်ခါအခမဲ့ မျက်စိခွဲစိတ်ကုသပေးတဲ့ မရှိမလင်း သူမရှိစေရ အစီအစဉ်အတွက်ဆိုရင်လည်း မျက်စိလူနာတွေနားရန် စားရန် သွားရန် အကုန်လုံးကိုသူတို့ ထောင့်စေ့အောင် တက်တက်ကြွကြွ လုပ်ကိုင်နေတတ်ပါပြီ။ နှုတ်ခမ်းကွဲ လူနာတွေ ခွဲစိတ်ကုသရန် အစုလိုက် ပို့ဆောင်ရေး ပြန်ကြိုရေးတို့ကို ကျွန်တော်တောင် လုပ်စရာမလို သူတို့ဘာသာ စီမံတတ်နေကြပါပြီ။ ကျွန်တော့်ဆီက ပရဟိတပိုး ကူးစက်ကုန်တယ်လို့ ဆိုရမှာပါပဲ။ ညီညွတ်လှတဲ့ သူတို့ရဲ့အင်အား သူတို့ မိသားစုဝင်တွေရဲ့ အင်အားကို အသုံးချဖို့ အချိန်ကျပြီလို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတော့တယ်။
 
တစ်ရက် စိတ်ကြည်သာရှိတဲ့ တစ်နေ့မှာ ကျွန်တော်တင်ကြိုစဉ်းစားထားတဲ့ ဝန်ထမ်းအချို့နှင့် ဝန်ထမ်းမိသားစုတွေကို ခေါ်တွေ့လိုက်ပါတယ်။ ကျွန်တော့်ရဲ့ ငါးပိချက်အိုးကလေးကိစ္စကို သူတို့နားဝင်အောင် ပြောပြလိုက်ပါတယ်။ နောက် နေ့စဉ် ရုံးချိန်ပြင်ပ မိမိတို့အားလုံး အားလပ်ချိန်မှာ အာဟာရဒါန စေတနာ့ဝန်ထမ်း လုပ်ရမယ်လို့ မေတ္တာရပ်ခံပြီး လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို ချပြလိုက်ပါတော့တယ်။ အထက်လူကြီးရဲ့ ဆန္ဒသည် သူတို့အတွက် အမိန့်လို့ခံယူထားတဲ့ ကျွန်တော့်ဝန်ထမ်းတွေဟာ အားကြိုးမာန်ထည့် ကြိုးစားပေးကြပါတော့တယ်။ အဲဒီလိုနှင့် ဆင်းရဲနွမ်းပါးမိသားစုများအတွက် အပန်းဖြေစေရန် ညနေခင်းများအတွက် တန်ဖိုးသင့် ညစာလုပ်ငန်းကို စတင်လုပ်ကိုင်ဖြစ်ပါတော့တယ်။
 
နှစ်စဉ် မြန်မာနှစ်ဆန်း ၁ ရက် နေ့မှာ ကျွန်တော် စတုဒိသာကျွေးနေကျ ဖြစ်ပါတယ်။ ဒီနှစ်တော့ စတုဒိသာမကျွေးတော့ဘဲ ကုန်ကျမည့် ပိုက်ဆံနှင့် ဆိုက်ကားတစ်စီးဝယ် အိုးခွက်၊ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆန်တွေကို ဝယ်လိုက်ပါတော့တယ်။ သီးစုံပဲကုလားဟင်း၊ ဝက်သားဟင်း၊ ကြက်သားဟင်း ထမင်းတို့ကို ချက်ခိုင်းလိုက်ပါတယ်။ ပြီးတော့မှ ဆိုက်ကားပေါ်တင် ထမင်းနှင့်သီးစုံ ပဲဟင်းဆို ငွေကျပ် ၂၀၀၊ ထမင်းနှင့် ဝက်သားဆို ၃၀၀၊ ထမင်းနှင့် ကြက် သားဆို ၅၀၀ လို့ သတ်မှတ်ပြီး ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်တွေကို လိုက်လံရောင်းချစေခဲ့ပါတယ်။ အပန်းဖြေစေရန် ညနေခင်းများအတွက် အာဟာရပြည့်ဝသော တန်ဖိုးသင့်ညစာလို့ ခေါင်းစဉ်တပ်ပြီး ဆောင်ရွက်တဲ့အခါ တစ်ခဏအတွင်းမှာပဲ အမြန်ကုန်သွားခဲ့ပါတော့တယ်။ ပထမဦးဆုံးနေ့မှာပဲ စုရပ်သုံးခုသွားဖို့ ရည်ရွယ်ထားရာမှာ တစ်ခုတည်းမှာပဲ ကုန်သွားအောင် တစ်ခဲနက် အားပေးကြပါတော့တယ်။ နောက်နေ့လည်း လာပါ တန်လိုက်တာ ထင်းဖိုးသာသာလောက်ရှိတဲ့ တန်ကြေးနှင့်ဟင်းတွေ စားရတာလို့ ကြွေးကြော်ကြပါတော့တယ်။ လုပ်အားခအားလုံး မယူကြတဲ့အတွက် ထည့်မတွက်တဲ့အခါ ဈေးဝယ်ဈေးရောင်းကနေ ပထမဦးဆုံးနေ့မှာပဲ ငွေတစ်ထောင် မြတ်ခဲ့ပါတယ်။ အမြတ်ရယ်ဆိုတာထက်  လူအများစုကို ကြည်နူးစေလိုပြီး ဆင်းရဲနွမ်းပါးသူတွေကိုလည်း နှစ်ပေါင်းများစွာ ကျွန်တော်မျှော်လင့်ခဲ့သလို အာဟာရပြည့်ဝစွာ ကျွေးနိုင်ခဲ့ပါပြီ။
 
နောက်နေ့နောက်နေ့တွေမှာလည်း တစ်ခဲနက် အားပေးခဲ့ကြပါ တယ်။ နေ့တိုင်း တိုးချက်နေသော်လည်း ဝယ်လိုအားက ကျသွားခြင်း မရှိကြပါဘူး။ ဆီသန့်သန့် အာဟာရစံညွှန်းအတိုင်း ဆရာမတစ်ဦးကို ကြီးကြပ်ခိုင်းပြီး တာဝန်ချိန်ပြင်ပ ဝန်ထမ်းများ ဝန်ထမ်းမိသားစုများ အားလုံး တညီတညွတ်တည်း ပျော်ပျော်ပါးပါး ကျွန်တော်က ငွေအား ဉာဏ်အား စိုက်ထုတ်၊ သူတို့တွေက လုပ်အားစိုက်ထုတ်နှင့် အချိန်တိုတိုအတွင်း အောင်မြင်မှုတွေကို ရရှိလာပါတော့တယ်။ ဆင်းရဲတဲ့သူတွေရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်မှု မရှိတော့ပါဘူး။ ဝယ်စားတာ အလကားလိုက်စားတာ မဟုတ်ဘူးလို့ ကြွေးကြော်ချင်လည်း ကြော်ကြပါစေတော့။ ဘယ်လိုဆိုဆို ကျွန်တော်ဖြစ်စေချင်တဲ့ အာဟာရပြည့်ဝသော ဟင်းလျာများကတော့ သူတို့ဆီကို ဂုဏ်သိက္ခာရှိရှိ ရောက်ရှိသွားခဲ့ပါပြီ။
 
ကျွန်တော်တို့ ဆောင်ရွက်နေတာကို သိရှိသွားတဲ့ မိတ်ဆွေအသိုင်းအဝိုင်းများကလည်း ဒီလုပ်ငန်းလေး အဓွန့်ရှည်ကြာစွာ ဆက်လက်လုပ်ကိုင်နိုင်စေရန် ငွေပင်ငွေရင်းတွေ ဝိုင်းဝန်းထူထောင် ထည့်ဝင်ပေးကြပါတယ်။ လုပ်အားဒါနပေးလှူကြတဲ့ ကျွန်တော့်ရဲ့ တက်ကြွနေတဲ့ ဖြူစင်စိတ်ထားနှင့် တပည့်တွေကို အဝတ်အစား၊ ဦးထုပ်၊ မိုးကာကအစ ကူညီထောက်ပံ့ကြပါတော့တယ်။ မိတ်ဆွေများရဲ့ စေတနာအားတွေကြောင့် မကြာခင်အချိန်အတွင်းမှာ စုရပ်တစ်ခုတည်းကို ရောင်းနေရတာထက် စုရပ်နှစ်ခုသုံးခုကို တစ်ပြိုင်တည်း ရောင်းချနိုင်လောက်အောင် ဆိုက်ကားစီးရေ တိုးချဲ့နိုင်ပါတော့မယ်။ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲက တချို့ကို ဟင်းချက်တဲ့နေရာ ဟင်းတွေ ပို့ဆောင်တဲ့နေရာတွေမှာ အလုပ်ပေး ထမင်းကျွေး လခပါပေးနိုင်ပါတော့မယ်။ စေတနာမှန်ရင် ကံဖြစ်လာတာပါပဲ။ 
ခုဆို နှစ်သောင်းရင်းရင် ငါးထောင်မြတ်တဲ့အထိ အောင်မြင်လာခဲ့ပါပြီ။ ရောင်းအားကောင်းလာရင် ကောင်းလာသလောက် အမြတ်က လိုက်လာမှာပါ။ နှစ်သောင်းဖိုးရင်းရင် လူဦးရေ ၁၀၀ ကို လွှမ်းခြုံနိုင်ပါတယ်။ သင်္ချာနည်းအရတွက်ရင် ၂၅ ရာခိုင်နှုန်းနီးပါးမြတ်တဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။
 
ကျွန်တော်တု့ိနိုင်ငံမှာ ဆင်းရဲမှုနှုန်းက ၂၆ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ တချို့သော အဖွဲ့အစည်းများက ရာခိုင်နှုန်း ၄၀ အထိ ရှိတယ်လို့ ဆိုကြပါတယ်။ တစ်နည်းဆိုရင် လူဦးရေသန်း ၅၀ မှာ ၁၀ ကနေ သန်း ၂၀ အထိက ဆင်းရဲကြပါတယ်။ ၁၀ သန်းပဲ ဆိုကြပါစို့။ 
တစ်နေ့ သိန်းနှစ်ထောင်ရင်းပြီး တန်ဖိုးသင့် ထမင်းဟင်း ရောင်းပေးလိုက်ရင် တစ်နေ့တည်းမှာ သိန်းငါးရာမြတ်နေပါပြီ။ ချမ်းသာလှတဲ့သူဌေးကြီးများခင်ဗျား ရန်ကုန်လိုနေရာ မန္တလေးလိုနေရာတွေမှာ ဈေးကွက်ကို ဝိုင်းလုနေမယ့်အစား မေ့လျော့နေတဲ့ ဆင်းရဲနွမ်းပါးဈေးကွက်ကြီးကို မျက်စိကျကြပါလားဗျာ။ ကုသိုလ်လည်းရ ဝမ်းလည်းဝမယ့် အလုပ်ပါပဲ။
 
လောလောဆယ်တော့ ကျွန်တော်က ရှိစုမဲ့စု ချွေးနှဲစာငွေနှစ်သိန်းကို အရင်းပြုနေ့စဉ် နှစ်သောင်းဖိုး ဟင်းချက် တစ်နေ့ ငါးထောင်အမြတ်ကလေးတွေကိုစု ထပ်ထပ်ပြီး လုပ်ငန်းလေးတွေကို မိတ်ဆွေများရဲ့ အရင်းအနှီးနှင့် ချဲ့ထွင်ရင်း နွမ်းပါးမိဘပြည်သူများကို အာဟာရတွေ ပြည့်ဝအောင် တန်ဖိုးသင့်ညစာများကို စီစဉ်လျက်ရှိပါတော့တယ်။ တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်။