တာဝန်ခံမှု ဆိုတာ

တာဝန်ခံမှု ဆိုတာ
Published 3 April 2015
ဒေါက်တာဖြိုးသီဟ

(၁) တာဝန်ခံမှုဆိုတာ ဘာလဲ
တာဝန်ခံမှု (Accountability) ကို အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့ အထဲမှာ အရှင်းဆုံးကတော့ ပါဝါကို တာဝန်သိသိ အသုံးပြုစေဖို့ ဆောင်ရွက်ခြင်း (The means through which power is used responsibly) ဆိုတာပါပဲ။ လောကမှာ တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြဘူး။ ခွန်အား၊ ဉာဏ်ပညာ၊ အာဏာ၊ ရာထူး၊ အသက်အရွယ်၊ ယောကျာ်း မိန်းမ စသဖြင့် ပါဝါတွေ ကွာကြတယ်။ အဲဒါတွေကို ဘယ်လိုမှလည်း တစ်ပြေးတည်းဖြစ်အောင် လိုက်ညှိလို့ မရနိုင်ဘူး။ လုပ်လို့ရနိုင်တာ တစ်ခုက ပါဝါကြီးနေတဲ့သူတွေ အဲဒီပါဝါကို အလွဲသုံးစားလုပ်လို့ မရအောင် ထိန်းချုပ်ထားဖို့ပဲ။ ဒီတာဝန်ခံမှု ဆိုတာကတော့ အဲဒီ ပါဝါအလွဲသုံးမှုတွေကို ထိန်းချုပ်ပေးတဲ့ အရာတွေထဲက တစ်ခုပေါ့။အဝေးပြေးကားကြီး တစ်စီးပေါ်မှာ ဘယ်သူပါဝါအကြီးဆုံးလဲဆိုရင် ကားမောင်းတဲ့သူပါ။ သူ့ဟာသူ အရက်သောက်ပြီးပဲ မောင်းမောင်း၊ အရှိန်တွေ မလျှော့ဘဲနဲ့ အမြန်ပဲ မောင်းမောင်း၊ ခရီးသည်တွေက ဘာမှ မတတ်နိုင်ဘူး။ ဘာလို့ဆိုတော့ ကားက သူမောင်းမှ ရမှာကိုး။ ဒါပေမဲ့ ‘ယာဉ်လိုင်းနှင့် ပတ်သက်၍ စိတ်ကျေနပ်မှု မရှိပါက ဆက်သွယ်တိုင်ကြားနိုင်ပါသည်’ ဆိုတဲ့ စာလေး ကပ်ထားမယ်၊ စာကပ်ထားတဲ့ အတိုင်းလည်း တိုင်ကြားလာသမျှကို ထိထိရောက်ရောက် အရေးယူပေးမယ်ဆိုရင် ခုနက သူ့သဘောနဲ့သူ လုပ်ချင်ရာလုပ်နေတဲ့ ကားသမားဟာ ဒီလို ဘယ်လုပ်ရဲတော့မလဲ၊ သူတစ်ခုခု မှားတာနဲ့ အရေးယူခံရတော့မယ်၊ အလုပ်ထိခိုက်တော့မယ်လေ။ ဒါဆို ဒီကားလိုင်းဟာ ပါဝါရှိတဲ့ ကားသမားကို ပါဝါအလွဲသုံးစား မလုပ်နိုင်အောင် ထိန်းချုပ်ထားပေးတယ်။ ပြောရရင် ခရီးသည်တွေအပေါ်မှာ တာဝန်ခံမှု အပြည့်ရှိတယ်လို့ သတ်မှတ်လို့ရတယ်။ အဲဒီအတွက် ခရီးသည်တွေဟာ ဒီကားလိုင်းကိုပဲ ရွေးချယ်စီးနင်းမယ်၊ ယုံကြည်မယ်၊ စိတ်ချမယ်။ 
(၂) တာဝန်ခံမှုနှင့် တာဝန်ယူမှု
တာဝန်ခံမှု (Accountability) နဲ့ တာဝန်ယူမှု (Responsibility) ဘာကွာသလဲ။ တကယ်တော့ အဲဒီနှစ်ခုက အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ ခွဲခြားလို့ မရဘူး။တာဝန်ခံမှုဆိုတာ အရှင်းဆုံးပြောရရင် ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို တာဝန်ယူတာပါပဲ။ ဒါကြောင့် တာဝန်ခံမှုမရှိတဲ့သူ တစ်ယောက်ဟာ ဘာမဆို ပြီးပြီးရော လုပ်မှာပဲ။ စားသောက်ဆိုင်မှာ ဘူဖေးစားတယ်၊ ကိုယ့်ပန်းကန်ထဲကို ကုန်နိုင်မကုန်နိုင် မစဉ်းစားဘူး၊ ဟင်းတွေ အများကြီး ထည့်လာတယ်၊ မကုန်လည်း ဘာဖြစ်လဲ၊ ထားခဲ့လိုက်တာပေါ့။ ပီကေတွေဝါး၊ ကွမ်းတွေစား၊ ဒီအတိုင်း ထွေးပစ်လိုက်တယ်၊ ဘယ်သူ့သွားထိထိ ကိုယ်နဲ့ မဆိုင်သလိုပဲ။ လမ်းမပေါ်မှာ အဖြူ အနီကြားလား၊ ကားရပ်လို့ရလား မသိဘူး၊ ကိုယ်ကားငှားချင်တဲ့နေရာ တက္ကစီကောက်တားပစ်လိုက်တာပဲ၊ တားတဲ့လူက တားတော့ ရပ်တဲ့လူက ရပ်တယ်။ အဲဒီမှာတင် လမ်းမပေါ်မှာ ကားတွေ အကုန်ပိတ်ကုန်တယ်။ ဘယ်လောက်ပိတ်ပိတ်၊ ဘယ်လောက်ဟွန်းတွေတီးတီး၊ ဂရုမစိုက်ဘူး၊ ဒါတွေဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို တာဝန်မယူဘူး၊ တစ်နည်းအားဖြင့် တာဝန်ခံမှုမရှိဘူး ဆိုတာကို ပြနေတယ်။မနှစ်က ဓာတ်ကြိုးတွေ ပျက်ကျပြီး ပြည်သူတွေ အသက်ဆုံးပါးကြရတယ်။ အဲဒီလို ဖြစ်လို့ဆိုပြီး ဘယ်အကြီးအကဲကမှ နှုတ်ထွက်တာမျိုး မရှိခဲ့သလို၊ တောင်းပန်စကားလေးတောင် မပြောခဲ့ကြဘူး။ သူတို့အမှား သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်ကို တာဝန်မခံဘူး။ အဲဒီလို တာဝန်ခံတတ်တဲ့စိတ် မရှိတဲ့အတွက် ဓာတ်ကြိုးတွေ အန္တရာယ်ကင်းရှင်းရေး၊ ပြည်သူတွေ ဘေးကင်းလုံခြုံရေးဆိုတဲ့ တာဝန်ကိုလည်း ဘယ်တော့မှ ယူမှာမဟုတ်ဘူး။ ခုလိုပဲ လက်လွတ်စပယ် လုပ်နေဦးမှာပဲ။ ကိုယ့်အမှားကို တာဝန်ခံတတ်တဲ့ သူတွေမှာသာ အမှားကင်းအောင်လုပ်မယ် အရည်အသွေးပြည့်မီအောင် လုပ်မယ်ဆိုတဲ့စိတ်မျိုး ရှိကြတာ ဖြစ်ပါတယ်။ တာဝန်ခံမှုနဲ့ တာဝန်ယူမှုမှာ ထူးခြားတာလေး တစ်ခုတော့ ရှိတယ်။You can share the responsibility but you cannot share the accountability.ခေါင်းဆောင်ဆိုတာ အရာအားလုံးကို တစ်ယောက်တည်း မလုပ်နိုင်ဘူး။ တာဝန်တွေကို လုပ်နိုင်စွမ်းရှိတဲ့သူတွေဆီ ခွဲပေးတတ်ရတယ်။ ဒါဟာ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်း တစ်ခုပဲ။ အဲလို တာဝန်တွေကို ခွဲပေးလို့ရပေမယ့် တာဝန်ခံမှု ဆိုတာကိုတော့ ခွဲပေးလို့မရဘူး။
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖု့ိ တောင်းဆိုနေကြတာဟာလည်း အဲဒီရည်ရွယ်ချက်နဲ့ပဲ ဖြစ်ပါတယ်။ ပါဝါရှင်အစစ်ဖြစ်တဲ့ ပြည်သူတွေဆီမှာ အဲဒီပါဝါ တကယ်ရှိနေဖု့ိဆိုတာ ဒီရွေးကောက်ပွဲက လွတ်လပ်တဲ့ တရားမျှတတဲ့ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုဖြစ်နေဖို့ လိုပါတယ် . . . . .

ဆိုပါစို့။ ရွာတစ်ရွာကို ကျန်းမာရေး ဟောပြောပွဲ သွားမယ်ဆိုရင် ဘယ်သူက ရွာကိုအကြောင်းကြား၊ ဘယ်သူက သွားရေးလာရေးစီစဉ်၊ ဘယ်သူက ဘာပစ္စည်းတွေထုပ်ပိုး စသဖြင့် တာဝန်တွေခွဲပေးလို့ရတယ်။ ဒါပေမဲ့ အဲဒီရွာကို သွားလိုက်တယ်၊ ဟိုရောက်တော့ တစ်ယောက်မှမရှိလို့ ဟောပြောပွဲပျက်တယ်၊ ဒါမှမဟုတ် ဟောပြောခဲ့တဲ့ အကြောင်းအရာတွေမှာ အမှားတွေ ပါသွားတယ်၊ ဒါမျိုးတွေ ဖြစ်လာခဲ့ရင်တော့ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုပြီး လက်ညှိုထိုးနေလို့ မရဘူး။ ခေါင်းဆောင်ဖြစ်တဲ့သူကသာ တာဝန်ခံဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ 
(၃) တာဝန်ခံမှုနှင့် လွတ်လပ်သောပြိုင်ဆိုင်မှုမြို့လေးတစ်မြို့မှာ ခေါက်ဆွဲဆိုင်ဆိုလို့ ဒီတစ်ဆိုင်ပဲရှိတယ် ထားပါတော့။ ဒါဆိုရင် ခေါက်ဆွဲစားချင်တဲ့ သူတိုင်းဟာ အဲဒီဆိုင်ကိုပဲ မဖြစ်မနေ သွားကြရမယ်၊ အရသာမကောင်းလည်း ခေါက်ဆွဲဖြစ်ပြီးတာပဲလေဆိုပြီး စားရမှာပဲ၊ ဆက်ဆံရေးညံ့လည်း၊ ဈေးတွေကြီးနေလည်း စားကြရမှာပဲ။ သူတစ်ဆိုင်တည်း ရှိတာကိုး။ ပါဝါက သူ့လက်ထဲမှာ ရှိနေတယ်။ ဒါပေမဲ့ ခေါက်ဆွဲဆိုင်နှစ်ဆိုင် ရှိလာပြီ ဆိုရင်တော့ အဲဒီလို လက်လွတ်စပယ်လုပ်လို့ မရတော့ဘူး၊ အရသာကိုလည်း ကောင်းနေအောင် ဂရုစိုက်ရမယ်၊ ဈေးလည်း သင့်တော်အောင်၊ ဝန်ဆောင်မှုလည်း ကောင်းအောင် ပြင်ဆင်ရတော့မယ်။ သဘောတရားက ပါဝါသည် စားသုံးသူဘက်ကို ရွေ့သွားပြီ။ နှစ်ဆိုင်ရှိတဲ့အနက် ပိုကောင်းတဲ့ဆိုင်ကိုပဲ သူတို့ရွေးတော့မယ်။ ဆိုင်ရှင်တွေဘက်က လုပ်စရာတစ်ခုတည်း ရှိတယ်၊ စားသုံးသူတွေအတွက် ဝန်ဆောင်မှုကို ကောင်းသထက်ကောင်းအောင် ပေးနိုင်ဖို့ ကြိုးစားကြရတော့မှာပဲ။ ဆိုလိုတာက ပြိုင်ဘက်မရှိတဲ့အခါ၊ တစ်စုတစ်ဖွဲ့ကပဲ လက်ဝါးကြီးအုပ်ထားတဲ့အခါ၊ ပြိုင်ပွဲတော့ လုပ်တယ်၊ ပြိုင်ဘက်လည်း ရှိတယ်၊ ဒါပေမဲ့ မမျှတဘူး၊ ညစ်ပတ်မယ်ဆိုတဲ့ အခါမျိုးတွေမှာ တာဝန်ခံမှုဆိုတဲ့ အရာကို ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်ဘူး။ တာဝန်ခံမှုအတွက် လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုဆိုတာ ရှိနေဖို့ လိုအပ်တယ်။ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် အလုပ်ပြန်လုပ်ပေးရတဲ့ စနစ်တစ်ခုပါ။ ပြည်သူက ပြည်သူကို အုပ်ချုပ်တဲ့ စနစ်လို့လည်း ခေါ်ကြတယ်။ ကိုယ့်အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေကိုပဲ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ တကယ် အလုပ်လုပ်ကြည့်လို့ ထင်သလိုဖြစ်မလာတဲ့ အခါမျိုးမှာလည်း ဒီနေရာမှာ ဆက်ထိုင်ချင်ပါတယ်ဆိုလို့ မရပါဘူး၊ သူ့ထက် အရည်အချင်းရှိလို့ ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ အစိုးရသစ်တစ်ရပ် လွှတ်တော်တစ်ရပ်က ထပ်မံပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်မှာ ပြည်သူကသာ ပါဝါရှင်ဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေ ဆိုတာကတော့ ခုနက ခေါက်ဆွဲဆိုင်ပိုင်ရှင်တွေ လိုပါပဲ။ ပြည်သူအတွက် အကောင်းဆုံး အလုပ်လုပ်ပေးနိုင်ဖို့ပဲ ပြင်ဆင်ထားကြရမှာပါ။လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖု့ိ တောင်းဆိုနေကြတာဟာလည်း အဲဒီရည်ရွယ်ချက်နဲ့ပဲ ဖြစ်ပါတယ်။ ပါဝါရှင်အစစ်ဖြစ်တဲ့ ပြည်သူတွေဆီမှာ အဲဒီပါဝါ တကယ်ရှိနေဖု့ိဆိုတာ ဒီရွေးကောက်ပွဲက လွတ်လပ်တဲ့ တရားမျှတတဲ့ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုဖြစ်နေဖို့ လိုပါတယ်။ မဟုတ်ရင် မဲတွေသာ ပေးလိုက်တယ်၊ ရလဒ်က ဒုံရင်းဒုံရင်းပဲ ဖြစ်နေမှာပါ။ ဒီအတွက် ကျွန်တော်တို့ တောင်းဆိုမှုတွေ၊ စောင့်ကြည့်မှုတွေ လုပ်ဆောင်ကြဖို့ လိုပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ပြိုင်ဆိုင်မှုမရှိဘဲ တာဝန်ခံတတ်တဲ့၊ အာဏာကို အလွဲသုံးစားမလုပ်တဲ့ အစိုးရတစ်ရပ်ကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး။တကယ်တော့ တာဝန်ခံမှုဆိုတာ အစိုးရနဲ့ပဲဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီတော့ ပါဝါရှင်ဖြစ်နေတဲ့ ကျွန်တော်တို့ ပြည်သူတွေလည်း ကိုယ့်ပါဝါကို အလွဲမသုံးဖို့ လိုမယ်၊ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုမယ်။ ကိုယ့်ရဲ့ မဲတစ်ပြားကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုပါမယ်။ ဒန်ပေါက်ကျွေးရုံလေး၊ လမ်းခင်းပေးရုံလေးနဲ့ မဲပေးနေလို့တော့ မရပါဘူး။ နည်းမျိုးစုံနဲ့ ဝါဒဖြန့်နေတဲ့ နောက်ကိုလည်း ကောက်ကောက်ပါအောင် လိုက်သွားလို့ မဖြစ်ပါဘူး။ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းကို ကြည့်ပြီး ရေရှည်အတွက် အမြင်ကျယ်ကျယ်နဲ့ စဉ်းစားကြဖို့ လိုပါတယ်။ ကျွန်တော်တို့နောက်မှာ လူဖြစ်လာမဲ့ နောင်လာနောင်သားတွေအတွက် ကျွန်တော်တို့ တာဝန်ကျေရမယ်၊ တာဝန်ခံရပါမယ်။ ကိုယ်လုပ်ချင်ရာ လုပ်ခဲ့လို့ မရပါဘူး။အပြောင်းအလဲတစ်ခုမှာ တက်ကြွလှုပ်ရှားသူ (Activist) တွေဟာ အရေးပါသလို၊ မတရားမှု တစ်ခုဟာလည်း လက်ပိုက်ကြည့်နေတတ်သူ (Bystander) တွေကြောင့် ပိုပိုပြီး ကြီးထွားလာလေ့ ရှိပါတယ်။ လူတိုင်း Activist အဖြစ် ရပ်တည်နိုင်ဖို့ မလွယ်သလို Activist တွေသီးသန့်နဲ့ပဲ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ဘဝတစ်ခုလုံး မစွန့်လွှတ်မပေးဆပ်နိုင်ဘူးဆိုတောင် ဒီအတိုင်း လက်ပိုက်ကြည့်နေဖို့တော့ မသင့်ပါဘူး။ ကိုယ်တိုင်ပါဝင်ကြဖို့ လိုပါတယ်။အပြောင်းအလဲဆိုတာ မိုးပေါ်က သူ့အလိုလို ကျလာတာ မဟုတ်သလို ဆုတောင်းနေရုံနဲ့လည်း မရပါဘူး။ တကယ်တော့ ကိုယ်တိုင်လုပ်ယူမှ ရနိုင်တဲ့အရာဟာ အပြောင်းအလဲ ဖြစ်ပါတယ်။