ဝင်းဇော်ထွန်းနဲ့ လီချောင်း

ဝင်းဇော်ထွန်းနဲ့ လီချောင်း
Published 31 March 2015
မောင်စံပေါ

 
(၁)
 
နိုင်ငံခြားက စာအုပ်ဆိုင်တွေမှာ စစ်တုရင်အရုပ်ကလေးတွေနဲ့ သရုပ်ဖော်တဲ့ စာအုပ်အဖုံးတွေ မကြာခဏတွေ့ တွေ့နေရတယ်။ စစ်တုရင်အကြောင်း ရေးထားတာလား၊ စစ်တုရင်ကစားပွဲတွေ ကစားကွက်တွေအကြောင်း ရေးထားတာလား သိချင်တာနဲ့ လှန်လှောကြည့်မိတယ်။ စစ်တုရင်အကြောင်း မဟုတ်ဘဲ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး၊ အတွေးအခေါ်စသဖြင့် အကြောင်းအရာစုံ ဖြစ်နေတတ်တယ်။ တစ်ခါတလေမှာ စစ်တုရင်အရုပ်တွေနဲ့ သရုပ်ဖော်တဲ့ ဆိုင်းဘုတ်ကြီးတွေ လမ်းနံဘေးမှာ ထောင်ထားတာ တွေ့ရပြန်ပါရော။ ကြော်ငြာချင်တဲ့ကိစ္စက စစ်တုရင်မဟုတ်ပြန်ပါဘူး။ ဒါဆို ဘာဖြစ်လို့ စစ်တုရင်အရုပ်တွေ သုံးရသလဲ။
 
(၂)
 
စစ်တုရင်အရုပ်ကလေးတွေကို စစ်တုရင်ကစားခုံပေါ်မှာတင်ပြီး ဉာဏ်ချင်းယှဉ်ရတဲ့ ကစားနည်းရဲ့ အတိမ်အနက်ကို ချိန်စက်မိတဲ့ အားလျော်စွာ၊ စစ်တုရင်ကစားနည်းကြောင့် ရရှိတဲ့အကျိုးကျေးဇူးတွေကို နားလည်သဘောပေါက်သည့် အားလျော်စွာ စစ်တုရင်ကစားနည်းကို အထူးတလည် အားပေးတဲ့နိုင်ငံတွေ ကမ္ဘာပေါ်မှာရှိပါတယ်။ မူလတန်းအဆင့်ကစပြီး ကျောင်းတွေမှာ မသင်မနေရ ပြဋ္ဌာန်းပြီး သင်ကြားပေးကြပါတယ်။
 
ပူပူနွေးနွေး ဆုံးပါးသွားခဲ့တဲ့ စင်ကာပူရဲ့ မဟာခေါင်းဆောင်ကြီး လီကွမ်ယူတောင် ဘာသယံဇာတမှမရှိဘဲ အစစအရာရာ နိုင်ငံခြားကို မှီခိုအားထားနေရတဲ့ တံငါရွာသာသာ ကျွန်းနိုင်ငံလေးတိုးတက်ဖို့ဆိုတာ နိုင်ငံသားတွေ ပညာတတ်ပြီး ထူးချွန်ထက်မြက် စည်းကမ်းရှိမှဖြစ်မှာကို သဘောပေါက်လို့ ပညာရေးကို အားပေးခဲ့တယ်။ ဉာဏ်ထက်မြက်ရေးအတွက် ကျောင်းတွေမှာ ကလေးတွေကို စစ်တုရင် သင်စေခဲ့တယ်။ ကျောင်းအလိုက် လက်ရွေးစင်ကလေးတွေ ဝင်ရောက်ယှဉ်ပြိုင်ကြရတဲ့ ကျောင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွေရဲ့ ပြိုင်ပွဲဝင်အရေအတွက်ကိုကြည့်ရင် သိနိုင်တယ်။ ဥပမာအားဖြင့် ပြောရရင် ၂ဝဝ၉ ခုနှစ်မှာ ၁၄၅ ကျောင်းက ကလေးအရေအတွက် ၁၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
 
(၃)
 
 စင်ကာပူနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်အတွက် နိုင်ငံတော်က နှစ်စဉ် ရန်ပုံငွေ ဒေါ်လာသန်းဂဏန်း ပံ့ပိုးပေးပါတယ်။ စင်ကာပူလိုပဲ ကျောင်းတွေမှာ စစ်တုရင်သင်ကြားပေးပြီး နိုင်ငံတော်က အပြည့်အဝအားပေးထောက်ပံ့တဲ့ တခြားဒေသတွင်း နိုင်ငံတစ်ခုကတော့ ဗီယက်နမ်ဖြစ်ပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေ ကျင်းပဖို့ နှစ်စဉ် ရန်ပုံငွေဒေါ်လာ သိန်းဂဏန်း ပံ့ပိုးပေးပါတယ်။ စစ်တုရင်ထူးချွန်တဲ့ ကလေးတွေကို လစဉ်ပညာသင်ဆု ချီးမြှင့်ပေးပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေကို စဉ်ဆက်မပြတ် သွားရောက်ယှဉ်ပြိုင်စေပါတယ်။ ရလဒ်ကောင်းတွေ ရရှိခဲ့တာဟာ နိုင်ငံတော်ရဲ့ကျေးဇူးပါလို့ ကမ္ဘာ့လျှပ်တစ်ပြက် စစ်တုရင်ချန်ပီယန်လူငယ်လေး စူပါဂရင်းမာစတာ လီကွမ်လင်းက ဆိုပါတယ်။
 
(၄)
 
၂ဝ၁၅ မတ်လဟာ ဗီယက်နမ်စစ်တုရင်လောကရဲ့ သမိုင်းဝင်လ ဖြစ်ခဲ့ပါတယ်။ အဆင့်မြင့် နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲကြီး နှစ်ခုကို ဆက်တိုက် ကျင်းပနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ လက်ရည်မြင့်မားပြီး ဆုကြေးငွေများပြားတဲ့ ဒီလို ပြိုင်ပွဲကြီးမျိုးကို တစ်ပွဲကျင်းပနိုင်ဖို့တောင်မှ သိပ်လွယ်လှတာ မဟုတ်ပါဘူး။ ပထမပွဲက Zone 3.3 FIDE World Chess Championships 2015 ဖြစ်ပြီး ဒုတိယပွဲက 5th HD Bank International Open Chess Tournament 2015 ဖြစ်ပါတယ်။ Zone 3.3 FIDE World Chess Championships 2015 က Zone 3.3 မှာ ပါဝင်တဲ့ နိုင်ငံတွေ (ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်၊ မကာအို၊ မွန်ဂိုလီးယား၊ ဟောင်ကောင် နဲ့ အာဆီယံနိုင်ငံများ) သီးသန့် ပြိုင်ကြရတဲ့ပွဲပါ။ 5th HD Bank International Open Chess Tournament 2015 ကတော့ နိုင်ငံ အကန့်အသတ် မရှိပါဘူး။ ပထမပွဲက မတ် ၆ ရက်ကနေ ၁၆ ရက် ဖြစ်ပြီး၊ ဒုတိယပွဲက မတ် ၁၆ ရက်ကနေ ၂၃ ရက် ဖြစ်ပါတယ်။ 
 
(၅)
 
မြန်မာနိုင်ငံက စစ်တုရင်ကစားသမား လေးဦးဖြစ်တဲ့ အင်တာနေရှင်နယ်မာစတာ ဝင်းဇော်ထွန်း၊ အင်တာနေရှင်နယ် မာစတာ မျိုးနိုင်၊ အင်တာနေရှင်နယ် မာစတာ နေဦးကျော်ထွန်းနဲ့ ဋ္ဌေးမင်းလွင်တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Zone 3.3 FIDE World Chess Cham-pionships 2015 မှာ အမျိုးသား ပထမနဲ့ ဒုတိယ၊ အမျိုးသမီး ပထမ ရရှိသူတွေဟာ လာမယ့် ကမ္ဘာ့စစ်တုရင်ချန်ပီယံလုပွဲ နောက်ဆုံးအဆင့် ရှုံးထွက်ပွဲစဉ်တွေ မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပါတယ်။
 
အမျိုးသားပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၄၄ ဦးရှိ ပြီး မာစတာဘွဲ့ရကစားသမား ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဂရင်းမာစတာ ၁၅ ဦးနဲ့ အင်တာနေရှင်နယ် မာစတာ ၁ဝ ဦး ပါဝင်တာဖြစ်လို့ အင်မတန်အဆင့်မြင့်ပြီး ခက်ခဲတဲ့ ပြိုင်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။  
 
ပွဲစစချင်း သုံးပွဲအပြီးမှာ ဝင်းဇော်ထွန်း က ၃ ပွဲစလုံးနိုင်ပြီး ၃ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။ ပွဲစဉ် ၁ မှာ ထိုင်းက BunnagBhon ၊ ပွဲစဉ် ၂ မှာ ဖိလစ်ပိုင်က ဂရင်းမာစတာ GM Barbosa Oliver ၊ ပွဲစဉ် ၃ မှာ ဗီယက်နမ်က အင်တာနေရှင်နယ် မာစတာ IM Nguyen Van Huy တို့ကို ဆက်တိုက်အနိုင်ယူခဲ့တာပါ။ 
 
ပွဲစဉ် ၄ မှာ ကမ္ဘာ့လျှပ်တစ်ပြက် စစ်တုရင်ချန်ပီယံရခဲ့ဖူးတဲ့ ဗီယက်နမ်နိုင်ငံသား ဆူပါဂရင်းမာစတာ GM Le QuangLiem နဲ့ တွေ့ပြီး ရှုံးခဲ့ပါတယ်။ ပွဲစဉ် ၅ မှာ ဖိလစ်ပိုင်က ဂရင်းမာစတာ GM Sadorra Julio Catalino ကို အနိုင်ရပြီး မျှော်လင့်ချက်တွေ ရှင်သန်နေဆဲ ဖြစ်ခဲ့ပါတယ်။ ပွဲစဉ် ၆ မှာ စင်ကာပူက ဂရင်းမာစတာ GM Zhang Zhong နဲ့ တွေ့ဆုံချိန်မှာ နိုင်ကွက်ရောက်ပြီးမှ မှားရွှေ့ခဲ့ပြီး သရေကျခဲ့လို့ အဖိုးတန်အမှတ်ဝက် နစ်နာခဲ့ရပါတယ်။ 
 
ပွဲစဉ် ၇ မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံ နောက်ဆုံးအဆင့် အကြိမ်ကြိမ်သွားခဲ့ဖူးတဲ့၊ ဆီးဂိမ်းတွေမှာ ရွှေတံဆိပ်များစွာ ရယူခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား စူပါဂရင်းမာစတာ GM Nguyen Ngoc Truong Son နဲ့ တွေ့စဉ်မှာ သရေကျခဲ့ပါတယ်။ ကျန်တဲ့ ပွဲစဉ် ၈ နဲ့ ၉ နှစ်ပွဲမှာ နှစ်ပွဲစလုံးနိုင်ရင် လက်ရည်စစ်အောင်ပြီး ဂရင်းမာစတာ pH (GM Norm) ရမှာ ဖြစ်ပါတယ်။ ထိပ်ဆုံးက ဦးဆောင်နေသူတွေနဲ့လည်း တွေ့ပြီးသားဖြစ်တာကြောင့် ပွဲစဉ်ချောင်မယ့် အလားအလာကလည်း ရှိနေပါတယ်။ အင်တာနက်တန်ခိုးတော်နဲ့ ကစားပွဲတွေကို တိုက်ရိုက်ကြည့်ရှုနိုင်တာကြောင့် မြန်မာပြည်က ဝါသနာရှင်များ၊ စစ်တုရင်သမားများ စိတ်လှုပ်ရှားစွာနဲ့ ပွဲတိုင်းဆက်တိုက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။ 
 
ပွဲစဉ် ၈ မှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံ နောက်ဆုံးအဆင့် သွားခဲ့ဖူးတဲ့၊ ဆီးဂိမ်းတွေမှာ ရွှေတံဆိပ်များစွာ ရယူခဲ့ဖူးတဲ့ ဗီယက်နမ်နိုင်ငံသား ဂရင်းမာစတာ.နဲ့ တွေ့ပါတယ်။ GM Dao ThienHai အနေနဲ့ အကောင်းဆုံးအချိန်တွေ ကျော်လွန်ခဲ့ပြီမို့ မနိုင်တောင်မှ မရှုံးတန်ရာဘူးလို့ တွက်ဆခဲ့ကြပါတယ်။ အရေးကြီးတဲ့ ပွဲလယ်ပိုင်းမှာ ရွှေ့ကွက်တစ်ကွက်ကို အမှတ်တမဲ့ အမြန်ရွှေ့ခဲ့မိရာကနေ ချက်ချင်းနိမ့်သွားပြီး မြန်မြန်ဆန်ဆန် ပွဲသိမ်းခဲ့ပါတယ်။ သရေတောင် မရလိုက်ပါဘူး။
 
ပွဲစဉ် ၉ မှာ ဗီယက်နမ်နိုင်ငံသား ဂရင်းမာစတာ GM Cao Sang နဲ့ တွေ့ပါတယ်။ နိုင်မှ ဂရင်းမာစတာစံ (GM Norm) ရမှာပါ။ သရေဆိုရင် မရပါဘူး။ ပွဲစဉ် ၈ နဲ့ ၉ ညီနောင်နှစ်ပွဲမှာ ရလဒ်လည်း အတူတူထွက်ခဲ့ပါတယ်။ ၇ ပွဲမှာရခဲ့တဲ့ ၅ မှတ်က ထပ်မတက်ခဲ့တော့ပါဘူး။ ပွဲအပြီးမှာ GM Le QuangLiem က ပထမ၊ GM Nguyen Ngoc Truong Son က ဒုတိယနဲ့ လက်ရည်စစ် အောင်ခဲ့ပါတယ်။ GM Zhang Zhong  က တတိယရခဲ့ပါတယ်။ ပြောရရင် ဝင်းဇော်ထွန်းအတွက် တာထွက်ကောင်းပြီး ပန်းအဝင်မှ ပြဿနာတက်ခဲ့ရသလိုပါပဲ။ ဒုတိယနဲ့ တတိယကို သရေကျပြီး မှ လွဲခဲ့ရတာမို့ တစ်သက်တာအတွက် အမာရွတ်တစ်ခု ကျန်ခဲ့ရပါတယ်။ 
 
(၆)
 
ပြောရရင် အဲဒီပွဲမှာ ဝင်းဇော်ထွန်းကို သိပ်မမျှော်လင့်ခဲ့ပါဘူး။ ကစားရင်းနဲ့ အခြေအနေပေးလာပြီး လက်ရည်စစ်အောင်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့တာပါ။ ပွဲစမပြိုင်ခင်မှာ နိုင်ဖို့ မမျှော်လင့်ခဲ့ဘူး။ နိုင်ဖို့ အခြေအနေ မရှိခဲ့ဘူး။
 
ပွဲစဉ် ၆ မှာ နိုင်ပွဲ သရေဖြစ်ခဲ့ရတာကလည်း နှမြောစရာပါ။ အမှတ်ဝက်ဟာ အများကြီးတာသွားတာကိုး။ အဲဒါကြောင့်လည်း နောက်ဆုံးနှစ်ပွဲမှာ ပိုပြီး ဝန်ပိသွားခဲ့တယ်။ နှစ်ပွဲစလုံးနိုင်မှ လက်ရည်စစ်အောင်မှာ။ ဒါပေမဲ့ ဂရင်းမာစတာစံ (GM Norm) ရဖို့ကတော့ တစ်ပွဲအရှုံးခံသေးတယ်။ ဒါမှမဟုတ် နှစ်ပွဲစလုံး သရေဆိုရင်လည်း ရတယ်။
 
သားရွှေအိုးထမ်းတာ မမြင်ရဘဲ ထီးတင်ပွဲလည်းမမီ၊ ဘုန်းကြီးပျံလည်းမရောက် ဖြစ်သွားခဲ့တယ်။
 
(၇)
 
ဒုတိယပွဲဖြစ်တဲ့ HD Bank Inter-national Open က ပိုပြီး အဆင့်မြင့်တဲ့ ပွဲကြီးပါ။ လက်ရွေးစင်ကစားသမား ၈ဝ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၅၃ ဦးက မာစတာအဆင့်နဲ့ အထက် ရှိကြသူများဖြစ်ပါတယ်။ Zone 3.3 နိုင်ငံတွေသာမက တရုတ်၊ ရုရှား၊ ဟန်ဂေရီ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ အိန္ဒိယနိုင်ငံတွေပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ စံနှုန်း ၂၇၂၁ ရှိတဲ့ ကနဦး တန်းစီဇယား နံပါတ်တစ်ဖြစ်တဲ့ တရုတ်က စူပါဂရင်းမာစတာလီချောင်း (GM Li Chao) က အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။ ရေကယာဗစ်အိုးပင်း၊ ဝစ်အင်ဇီး၊ စက်ဒီနေးဗီးယန်းမာစတာ၊ ဖိလစ်ပိုင်အိုးပင်း၊ မလေးရှားအိုးပင်းစတဲ့ ထိပ်တန်းပြိုင်ပွဲကြီးတွေ အပါအဝင်ပွဲများစွာ ဗိုလ်စွဲဖူးပြီး ၂ဝ၁၅ မတ် ၉ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲဝင် ၅၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်နိုင်ငံ Cappelle La Grande စစ်တုရင်ပြိုင်ပွဲကြီးမှာ ပူပူနွေးနွေး ပထမရယူထားသူပါ။ 
 
(၈)
 
ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲ နောက်ဆုံးအဆင့် ဆန်ခါတင် ၁၆ ဦး စာရင်းဝင်ဖြစ်ခဲ့ဖူးပြီး အေးဆေးတည်ငြိမ်စွာနဲ့ နည်းနည်းလေး အသာရတာကို အနိုင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ ဒီHD Bank International Open မှာလည်း ပွဲစဉ် ၁ ကစပြီး လက်စွမ်းပြခဲ့ပါတယ်။ ဗီယက်နမ် နံပါတ်တစ်နဲ့ နှစ်တို့ကိုအနိုင်ယူပြီး ၇ ပွဲမှာ ၆ မှတ်ခွဲနဲ့ ဦးဆောင်ခဲ့ပါတယ်။ 
 
ပြီးခဲ့တဲ့ပွဲမှာ ဝင်းဇော်ထွန်း ကြုံရသလိုပါပဲ။ နှစ်ပွဲစလုံးသရေဆိုရင်ကို ချန်ပီယံရတော့မှာပါ။ ဒါပေမဲ့ ပွဲစဉ် ၈ မှာGM Zhang Zhong ကို အဖြူရုပ်ကိုင်ကစားပြီး ရှုံးခဲ့ပါတယ်။ နောက်ဆုံးပွဲမှာနိုင်ရင် ချန်ပီယံဖြစ်နိုင်သေးပေမယ့် ဖိလစ်ပိုင်ဂရင်းမာစတာ GM John Paul Gomez ကို ထပ်ပြီး ရှုံးခဲ့တဲ့အတွက် တတိယနဲ့ကျေနပ်ခဲ့ရပါတယ်။
 
(၉)
 
ပြိုင်ပွဲဝင်တယ်။ နိုင်ဖို့မလွယ်ဘူး။ နိုင်ဖို့ အခွင့်အရေးရခဲ့တယ်။ အသုံးမချနိုင်ခဲ့ဘူး။ ပထမဆုလို့ပြောရမယ့် လက်ရည်စစ်အောင်ပွဲနဲ့ လွဲခဲ့တယ်။  ဒုတိယဆုလို့ ပြောရမယ့် ဂရင်းမာစတာစံ (GM Norm) မရခဲ့ဘူး။ တတိယဆုလို့ ပြောရမယ့် ဆုကြေးစာရင်းဝင် မဖြစ်ခဲ့ဘူး။ 
ဒါ ဝင်းဇော်ထွန်းပွဲရဲ့အဖြေ။ 
 
ပြိုင်ပွဲဝင်တယ်။ နိုင်ဖို့ ရေပန်းစားခဲ့တယ်။ လက်ရည်အမြင့်ဆုံး ကစားသမား။ တောက်လျှောက် ဦးဆောင်ခဲ့တယ်။ နိုင်ဖို့ အခွင့်အရေးရခဲ့တယ်။ အသုံးမချနိုင်ခဲ့ဘူး။ ချန်ပီယံဆုနဲ့ လွဲခဲ့တယ်။ ဒုတိယဆုလို့ ပြောရမယ့် စံနှုန်း (Rating) မတက်ခဲ့ဘူး။ 
ကျတောင်သွားသေးတယ်။ တတိယဆုလို့ ပြောရမယ့် ပြိုင်ပွဲကြီးတစ်ခုရဲ့ကမ်းလှမ်းချက်။ ဖိတ်ကြားဖို့ လာရောက်စောင့်ကြည့်နေတဲ့ ပြိုင်ပွဲကြီးတစ်ခုက သူ့အစား တခြားတစ်ယောက်ကို ရွေးလိုက်တယ်။ ဒါ လီချောင်းပွဲရဲ့အဖြေ။ တူတာက ပွဲကစားမယ့်အစီအစဉ် ချမှတ်မှု (Game Plan) နဲ့ မဟာဗျူဟာ (Strategy) မှားယွင်းစွာကျင့်သုံးခဲ့ခြင်း။ ဘဝနဲ့ စစ်တုရင် ထင်ဟပ်ကြည့်မိတယ်။ ဘဝထဲက ပြိုင်ပွဲတွေ။ စစ်တုရင်ပြိုင်ပွဲတွေ။ နိုင်ပဟလို့ စိတ်ချမထားသင့်တဲ့ အခြေအနေတွေ။ အဖြေမပေါ်ခင်မှာ အသံမထွက်စေချင်ပါဘူး။
 
“ဘာဖြစ်လို့ စစ်တုရင်အရုပ်တွေ သုံးရသလဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေကို သိသလိုလို။