နိုင်ငံအတွင်း မြို့နယ်အချို့နှင့် နယ်စပ်အချို့တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် စာမတတ်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား 

နိုင်ငံအတွင်း မြို့နယ်အချို့နှင့် နယ်စပ်အချို့တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် စာမတတ်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား 
Published 20 September 2023

နိုင်ငံအတွင်း မြို့နယ်အချို့နှင့် နယ်စပ်အချို့တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။ 

စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ် မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာ၌ အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မိမိတို့နိုင်ငံ အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ် ကိုလိုနီခေတ် ကျွန်သဘောက် ကျရောက်ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၆၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၇၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးစာတတ်မြောက်မှုရှိခဲ့သည်ကို ထုတ်ပြန်ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိပြီး၊  အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူပေါင်း ၃ ဒသမ ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထားကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်းတွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အမျိုးသမီး စာမတတ်မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

စာတတ်မြောက်မှ အများသူငှာတို့၏ မြောက်ပင့်စည်းရုံး ဆွဲ‌ဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှုလေ့လာလိုစိတ် ရှိလာမည်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကြောင်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံအတွင်း အချို့မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဤနေရာတွင် ဆရာတော် ရှင်မဟာရဌသာရက “ဧကရတုပုဒ်” တွင် “သုစိပုဘာ ဝိလိသိဓာ” အက္ခရာ ရှစ်လုံးကို ဆရာတော်၏ စာသင်သားတပည့်များကို နေ့စဉ်ကျင့်သုံးလိုက်နာရမည့်အချက်အဖြစ် ညွှန်ပြထားသည်ကို တွေ့ရကြောင်း၊ ထိုအက္ခရာ ရှစ်လုံး၏ အနက်အဓိပ္ပါယ်မှာ သုဏေယျ-ကြားနာရ၏၊ စိန္တေယျ- ကြံစည်ရာ၏၊ ပုစ္ဆေယျ- မေးမြန်းရာ၏၊ ဘာသေယျ- ပြောဆိုဆွေးနွေးရာ၏၊ ဝိစာရေယျ- စူးစမ်းဆင်ခြင်ရာ၏၊ လိစေယျ- ရေးမှတ်ရာ၏၊ သိက္ခေယျ- လေ့ကျင့်ရာ၏၊ ဓာရေယျ-နှုတ်တတ်ဆောင်ရာ၏ဟု ဖော်ပြထားကြောင်း၊ ယင်းအဓိပ္ပာယ်နှင့် ရတုစာပုဒ်ကို ကြည့်ခြင်းဖြင့် စာတတ်မြောက်မှုသည် မည်မျှအရေးကြီးသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ စာတတ်မြောက်မှ အဆင့်အတန်းပညာကိုလည်း ဆက်လက်သင်ယူတတ်မြောက်ပြီး “ပညာရွှေအိုး လူမခိုး”၊ အလိမ္မာစာမှာရှိ ဆိုသကဲ့သို့ မိမိကိုယ်တိုင် အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပြီး မမှားသင့်သည်ကို မမှားရအောင် မိမိနှင့် ပတ်ဝန်းကျင်ကို ထိန်းကြောင်းပဲ့ပင်နိုင်မည်ဖြစ်ကြောင်း၊ ရှေးမြန်မာမင်းများလက်ထက် ကုဋေရှစ်ဆယ်သဌေးသားအကြောင်းအရာများသည်အ အသိပညာအတတ်ပညာမရှိခဲ့သည့်အတွက် နောက်ဆုံးဘဝ နိဂုံးချုပ်မလှဖြစ်ခဲ့ရသည့် ဖြစ်စဉ်သာဓကများရှိပြီး ဦးကျည်ပွေ့ ဖြစ်စဉ်ကလည်း စာတတ်မြောက်မှု မည်မျှအရေးကြီးသည်ကို ဖော်ပြနေသည့်အချက်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနကို ဖွဲ့စည်းထားပြီး စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပ ပညာရေးများကို အကောင်အထည်ဖော်လျက်ရှိကြောင်းကို သိရှိရကြောင်း၊ ယခု လုပ်ငန်းကို မိုးလေဝသ ကင်းရှင်းပြီး လယ်ယာများ၊ တောင်ယာများ ရိတ်သိမ်းပြီးချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်နှင့် လက်တလော စတင်ဆောင်ရွက်၍ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်အဆင့်ကိုလည်း ယနေ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး စာတတ်မြောက်မှု တိုးတက်လာရေးသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းသာမက ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူများ စာတတ်မြောက်ခြင်း၏ အရေးပါမှုကိုသိရှိရန်၊ နားလည်နိုင်ရန် အသိပညာပေးရေးသည်လည်း အရေးကြီးသည်ကို သတိပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent