မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို သြဂုတ် ၁ ရက်တွင် ပြည်ပကိုးနိုင်ငံမှ သံဃာတော်အပါး ၇၀ ကျော်တက်ရောက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်မည်ဖြစ်ပြီး အများပြည်သူအား စတင်ဖူးမြော်ခွင့်ပြုမည်

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို သြဂုတ် ၁ ရက်တွင် ပြည်ပကိုးနိုင်ငံမှ သံဃာတော်အပါး ၇၀ ကျော်တက်ရောက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်မည်ဖြစ်ပြီး အများပြည်သူအား စတင်ဖူးမြော်ခွင့်ပြုမည်
Published 22 July 2023

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို သြဂုတ် ၁ ရက်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်မည်​ဖြစ်ပြီး ပြည်ပ ကိုးနိုင်ငံမှ သံဃာတော်အပါး ၇၀ ကျော်တက်ရောက် အနေကဇာတင်မည်ဖြစ်ကာ အများပြည်သူအား စတင်ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်က နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

“နောက်လ သြဂုတ် ၁ ရက်မှာ ဘုရားကြီးအနေကဇာတင်တာ လုပ်ပါမယ်။ ကျောက်စာရုံစေတီတော်တွ ထီးတော်တင်နဲ့ ရေစက်ချတာ လုပ်ပါမယ်။ အဲ့အခမ်းအနားပြီးတာနဲ့ ၁၆ရက်နေ့အထိ အများပြည်သူကို လုံခြုံရေးအရ အစစ်ဆေးခံပြီးတော့ အခမဲ့လာရောက်ဖူးမြှော်နိုင်မှာဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သြဂုတ် ၁၆ ရက်နောက်ပိုင်းတွင် ဘုရားဖူးများ ဝင်ရောက်မှုနှင့်ပတ်သက်ပြီး နိုင်ငံသား၊ နိုင်ငံခြားသား ခွဲခြားမှုမရှိဘဲ ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ပြီး ကောက်ခံမည့်နှုန်းထားကိုမူ သတ်မှတ်ထားခြင်းမရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဩဂုတ်လ ၁၆ ရက်နောက်ပိုင်းကိုတော့ သင့်တင့်တဲ့အခကြေးငွေနဲ့ ဝင်ရောက်လေ့လာခွင့်၊ ဖူးမြော်ခွင့်ပြုမယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ပမာဏကတော့ ဘယ်လိုခွဲခြားမလဲ စီစဉ်ဆောင်ရွက်ထားတာ မရှိသေးပါဘူး” ဟု ပြောကြားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်အဆင့် စည်ကားခမ်းနားစွာ ပြုလုပ်သွားမည်ဖြစ်ပြီး အနေကဇာတင်လှူပူဇော်ပွဲအခမ်းအနား၌ ပြည်ပနိုင်ငံ ကိုးခုမှ သံဃာတော်အပါး ၇၀ ကျော်သည်လည်း တက်ရောက်အနေကဇာတင်မည်ဖြစ်ပါကြောင်းနှင့် မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပနေမှုများကို ပြည်သူလူထုတစ်ရပ်လုံး ကြည့်ရှုကုသိုလ်ပွားနိုင်ရေးအတွက်လည်း နိုင်ငံပိုင်ရုပ်မြင်သံကြား Channel များမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုသည် နိုင်ငံတော်စီမံကိန်းမဟုတ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

“ယခင်က Anglo Mining ကုမ္ပဏီကနေပြီးတော့မှ ရွှေဖောင်းဒေးရှင်းကမှတစ်ဆင့် ၂၀၁၇ မှာ မူလအလှူရှင်များကနေ တပ်မတော်ကို တာဝန်ယူပေးဖို့ ယုံကြည်စွာအပ်နှံခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်စီမံကိန်းမဟုတ်ပါဘူး။ တပ်မတော်ကညယခင်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဦးဆောင် ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စီမံမှုနဲ့ မြန်မာပြည်သူတွေရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများရဲ့ စုပေါင်းအလှူပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်ဘက်ဂျက်မှလည်း လှူဒါန်းထားခြင်းမရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေရှိပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် ၃၅၁၀ တန်ရှိကြောင်း သိရသည်။

Most Read

Most Recent