မွန်ပြည်နယ် နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်

မွန်ပြည်နယ် နှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်
Photo - ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ
Photo - ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ
Published 25 June 2023
ဘိုဘိုမြင့်

 ယခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဇွန်လ (၁၇) ရက်အထိကို မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၇၀) ကျော်ရှိခဲ့ပြီး (၁) ဦးသေဆုံးထားတယ်လို့  ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံက‌နေ သိရပါတယ်။

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အလိုက် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အရေအတွက်က မော်လမြိုင်မြို့နယ်အတွင်းမှာ (၉၇) ဦး၊ ချောင်းဆုံမြို့နယ်အတွင်းမှာ (၃၉) ဦး၊ မုဒုံမြို့နယ်အတွင်းမှာ (၁၅) ဦး၊ ကျိုက်မရောမြို့နယ်အတွင်းမှာ (၅၆)ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာ (၁၉) ဦး နဲ့ ရေးမြို့နယ်အတွင် (၃၈) ဦး ရှိခဲ့ပါတယ်။

ထို့အတူ ပေါင်မြို့နယ်အတွင်းမှာ (၈၅) ဦး၊ သထုံမြို့နယ်အတွင်းမှာ (၈) ဦး၊ ဘီးလင်းမြို့နယ်အတွင်းမှာ (၉) ဦး၊ ကျိုက်ထိုမြို့နယ်အတွင်းမှာ (၄) ဦး ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ဖော်ပြပါအရေအတွက်ထက်ကို သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက် ပိုမိုများနိုင်ပါသေးတယ်။

ထို့အပြင်ကို ပေါင်မြို့နယ် အလှပ်ကျေးရွာက ကလေးတစ်ဦး ‌သွေးလွန်တုပ်ကွေးရောဂါ နဲ့ ဆုံးပါးခဲ့ပါသေးတယ်။

ထိုအခြေအနေနဲ့ ပတ်သက်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း က "ပြီးခဲ့တဲ့ (၅) နှစ်ကို ပြန်ကြည့်ရင် (၂၀၂၂) ခုနှစ်ဟာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုနှုန်း အများဆုံး နှစ်ဖြစ်ခဲ့ပါတယ်။ (၂၀၂၂) ခုနှစ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူပေါင်း (၂၀၀၀) ကျော်ရှိခဲ့ပြီး (၁) ဦးသေဆုံးခဲ့ပါတယ်။ (၂၀၁၉) ခုနှစ်နဲ့ (၂၀၂၀) ပြည့်နှစ်တွေမှာတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ မများခဲ့ပေမယ့် (၄) ဦးစီ သေဆုံးခဲ့ရပါတယ်။ လက်ရှိ (၂၀၂၃) ခုနှစ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၇၀) လောက်ရှိ‌နေပြီး (၁) ဦးသေဆုံးခဲ့ပါတယ်။ ဒါက သတိပြုစရာအချက်တစ်ချက်ဖြစ်ပါတယ်။ မိုးကောင်းကောင်းမရွာရသေးပေမယ့် ရောဂါဖြစ်တဲ့သူက (၃၇၀) လောက်ရှိသွားပြီး သေဆုံးမှုနှုန်းက မနှစ်ကနှုန်းကို မှီသွားပြီးဖြစ်ပါတယ်။  ဒါသည် အန္တရာယ်ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်" လို့ ပြောပါတယ်။

 သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေး ရောဂါပိုး (Dengue Virus) ကြောင့် ဖြစ်ပွားသော ကူးစက်တတ်သည့် အပူပိုင်းဒေသ ရောဂါ တစ်မျိုးဖြစ်ကြောင်း၊ ပုံမှန် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ထူးခြားသော အရေပြားတွင် အနီစက်များထွက်ခြင်း၊ ကြွက်သားနဲ့ အဆစ်များ နာကျင်ခြင်းတို့ ဖြစ်ကြောင်း၊ အနည်းအကျဉ်းမှာ အသက်အန္တရာယ်ပေးသည်အထိ ရှုပ်ထွေးမှုများကို ဖြစ်စေသည့် သွေးလွန်တုပ်ကွေး (သွေးယိုစီးခြင်းကို ဖြစ်စေနိုင်သည်) နှင့် သွေးလန့် ရောဂါလက္ခဏာစု (ခန္ဓာကိုယ်အတွင်း သွေးဖိအား အလွန် ကျဆင်းသဖြင့် ခန္ဓာကိုယ်တွင်း ကလီစာများ အလုပ်လုပ်ခြင်းကို ကစဥ့်ကလျားဖြစ်စေနိုင်သည့်) တို့ ဖြစ်ပေါ်စေတယ်လို့ မှတ်သားရပါတယ်။သွေးလွန်တုပ်ကွေးရောဂါဟာ အဓိကအားဖြင့် အေးဒီး(စ်)  ခြင် မှ တဆင့် ကူးစက်လေ့ရှိတယ်လို့ သိရပါတယ်။

လောလောဆယ်အချိန်ကာလအထိကို သွေးလွန်တုပ်ကွေးရောဂါအတွက် (၁၀၀) ရာခိုင်နှုန်း အပြည့်အဝ ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မရှိသေးကြောင်း၊ လက်ရှိအချိန် ထုတ်လုပ်နိုင်သော ကာကွယ်ဆေးမှာလည်း အသက် (၉) နှစ်မှ အသက် (၄၅) နှစ်အထိသာ အသုံးပြုနိုင်ခြင်း၊ ကာကွယ်နိုင်အားမှာလည်း အမြင့်ဆုံး ၇၀ ရာခိုင်နှုန်းအထိသာ ရရှိနိုင်ခြင်းနှင့် နိုင်ငံအချို့တွင်သာ အသုံးပြုခွင့်ပြုထားခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု ကြိုတင် ကာကွယ်ရေးအတွက်ကို ထိရောက်မှု နည်းပါးနေသေးတယ်လို့ ဆိုကြပါတယ်။

ခြင်များ ပေါက်ပွားရာနေရာနဲ့ ခြင်ကောင်အရေအတွက်ကို နည်းအောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခြင်ကိုက်ခံရခြင်းမှ နည်းအောင် နေခြင်းဖြင့်လည်းကောင်း ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်တယ်လို့ မှတ်သားဖူးပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူများမှာ အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် ရိုးရိုးဖျားခြင်းကဲ့သို့ သာမန် ရောဂါလက္ခဏာသာ ရှိ ကြောင်း၊ အခြားသူများတွင် ပိုမိုပြင်းထန်သော ဖျားနာမှုမျိုး ရှိပြီး အနည်းစုမှာ အသက်အန္တရာယ် ရှိနိုင်ကြောင်း၊ ရောဂါပျိုးသည့်ကာလ (ရောဂါဖြစ်သည်မှ စ၍ ရောဂါလက္ခဏာများ ပေါ်ပေါက်ချိန်) သည် (၃) ရက်မှ (၁၄) ရက်အထိ ကြာတတ်ကြောင်း၊ သို့ရာတွင် အများအားဖြင့် (၄) ရက်မှ (၇) ရက်ကြာတတ်ကြောင်း၊ ဆိုလိုသည်မှာ ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများသို့ ခရီးသွားခဲ့သူသည် အိမ်သို့ ပြန်ရောက်ပြီး (၁၄) ရက်အတွင်း အဖျားနှင့် အခြားရောဂါလက္ခဏာများ ပေါ်ပေါက်ခြင်းမရှိပါက သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရခြင်းမရှိဟု ယူဆရကြောင်း၊ ကလေးများသည် သာမန်အအေးမိခြင်းနှင့် အစာအိမ်အချဉ်ပေါက်ခြင်း (အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း) လက္ခဏာများနှင့် ဆင်ဆင်လက္ခဏာများ မကြာခဏ ဖြစ်ပွားတတ်သော်လည်းပြင်းထန်သည့် ရောဂါများဖြစ်ပွားရန် ပိုမို၍ အလားအလာ ရှိကြောင်းကို မှတ်သားဖူးပါတယ်။

သွေးလွန်တုပ်ကွေးကူးစက်ရောဂါဟာ (၁၉၆၅) ခုနှစ်မှာ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ ယနေ့အချိန်အထိ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အနေဖြင့် ရှိနေဆဲဖြစ်တဲ့အပြင်၊ မြန်မာနိုင်ငံနှင့်အတူတူ သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ကြသည့် နိုင်ငံတချို့တွင် ပြည်သူ့ကျန်းမာရေးပြဿနာအခြေအနေမှ လျော့ကျသွားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကို တဝဲဝဲလည် ခံစားနေရဆဲဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဟာ (၁၉၇၀) ပြည့်နှစ်လွန်မှ စတင်ကာ မော်လမြိုင်မြို့မှာ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာရှိတဲ့ မှတ်တမ်းများအရ သိရပါတယ်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားမှုနှုန်းများခဲ့တဲ့နှစ်‌တွေဖြစ်ကြတဲ့ (၂၀၀၁) ခုနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၄၂၂) ဦးရှိခဲ့ပြီး၊ (၅၇) ဦးသေဆုံးခဲ့ကြောင်း၊ (၂၀၁၃) ခုနှစ်ကလည်း ရောဂါဖြစ်ပွားသူ (၃၀၂၈) ဦးရှိခဲ့ပြီး (၂) ဦးသေဆုံးခဲ့ကြောင်း၊ (၂၀၁၅) ခုနှစ်ကလည်း ရောဂါကူးစက်ဖြစ်ပွားသူ (၅၀၀၀) ဦးအထိစံချိန်တင်ဖြစ်ပွားခဲ့ပြီး (၄) ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု ခြေပြုသည့်စနစ်၊ ကျောင်းအခြေပြုသည့်စနစ်၊ ရောဂါဖြစ်ပွားသည့် ကလေးလူနာတစ်ယောက်တွေ့ပါက စောင့်ရှောက်ရမည့် စနစ်၊ စသည့် စနစ် (၃) မျိုးဖြင့်ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ရောဂါခံစားနေရသည့် ကလေးများ အသက်အန္တရာယ်စိုးရိမ်ရသည့် လက္ခဏာရှိလာပါက စောစီးစွာလွဲပြောင်းနိုင်ရေးအတွက်ကိုလည်း မြို့နယ်တိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အားလုံးကို စည်းရုံးပြီး လုပ်ဆောင်နေပါကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း က ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် ပြည်သူလူထုအခြေပြုလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းအခြေပြုလုပ်ငန်းများ ဟောပြောပွဲများ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား လက်တွေ့ဆောင်ရွက်ခြင်းများလုပ်ဆောင်နေတယ်လို့  ဒေါက်တာနန္ဒဝင်း က ဆိုပါတယ်

မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သက်လို့ နှစ်စဉ် ဇန်နဝါရီလ ကနေ ဩဂုတ်လအထကို ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများတတ်ပြီ၊ ဩဂုတ်လလွန်မှသာ ရောဂါဖြစ်ပွားမှုနှုန်းက ပြန်လည်ကျဆင်းတတ်တယ်လို့ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့ကလည်း အခုလို မိုးရာသီကာလ၊ ခြင်ပေါက်ပွားမှုအကောင်းဆုံးကာလအတွင်းမှာ မိမိတို့ရဲ့ ကလေးငယ်တွေအပေါ် ကျရောက်လာမယ့် အန္တရာယ်ကို မပေါ့ဆဘဲ၊ မိမိရဲ့နေအိမ်ပတ်ဝန်းကျင်မှာ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတွေကို လုပ်ဆောင်တာ၊ ကလေးတွေကို ခြင်မကိုက်အောင် ဂရုစိုက်ပေးတာ၊ ကလေးတွေ ဖျားနာလာမယ်ဆိုရင်လည်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အချိန်မဆွဲဘဲ ပို့ဆောင်ပြီး ဆေးကုသမှုနိုင်အောင် ဆောင်ရွက်ကြပါလို့ ထပ်ဆင့်တိုက်တွန်းလိုပါတယ်။ ။

 



 

Most Read

Most Recent