ဖာဂူဆန်ခေတ်လွန် ဆယ်စုနှစ်အတွင်း မန်ယူအသင်း အမြဲတမ်းနည်းပြငါးဦးနှင့် ပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၄၃ ဘီလျံ အသုံးပြုခဲ့

ဖာဂူဆန်ခေတ်လွန် ဆယ်စုနှစ်အတွင်း မန်ယူအသင်း အမြဲတမ်းနည်းပြငါးဦးနှင့် ပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၄၃ ဘီလျံ အသုံးပြုခဲ့
Photo: AFP
Photo: AFP
Published 26 April 2023

 

အင်္ဂလန်ဘောလုံးလောက၏ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်သည့် မန်ယူအသင်းသည် ဂန္ထဝင်နည်းပြဖြစ်သည့် ဆာအဲလက်စ်ဖာဂူဆန်ခေတ်လွန် ဆယ်စုနှစ်တစ်ခုအတွင်း အမြဲတမ်းနည်းပြငါးဦး ခန့်အပ်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၄၃ ဘီလျံ အသုံးပြုထားကြောင်း သိရသည်။

မန်ယူအသင်းသည် ဖာဂူဆန် နောက်ဆုံးတာဝန်ယူကိုင်တွယ်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်း ချန်ပီယံအောင်မြင်မှု ဝေးကွာနေသည်မှာ ဆယ်ခုနှစ်တစ်ခုအထိ ကြာမြင့်နေပြီဖြစ်သည်။ မန်ယူအသင်းအနေဖြင့် ဖာဂူဆန်နောက်ပိုင်း အမြဲတမ်းနည်းပြအဖြစ် ဒေးဗစ်မွိုက်စ် (၂၀၁၃- ၂၀၁၄)၊ လူးဝစ်ဗန်ဟားလ် (၂၀၁၄- ၂၀၁၆)၊ မော်ရင်ဟို(၂၀၁၆-၂၀၁၈)၊ ဆိုးလ်ရှား (၂၀၁၈-၂၀၂၁) နှင့် အဲရစ်တန်ဟက်ဂ် (၂၀၂၂-လက်ရှိ) တို့ကို ခန့်အပ်ခဲ့ပြီး ရိုင်ယန်ဂစ် (၂၀၁၄)၊ မိုက်ကယ်ကာရစ် (၂၀၂၁) နှင့် ရန်း နစ် (၂၀၂၁-၂၀၂၂) တို့က ယာယီနည်းပြအဖြစ် ကိုင်တွယ်ခွင့်ရခဲ့သည်။

မန်ယူအသင်းသည် ဖာဂူဆန်ခေတ်လွန် ဆယ်စုနှစ်တစ်ခုအတွင်း အသင်းအား ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး ကစားသမားခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၄၃ ဘီလျံအထိ အသုံးပြုထားသည်။ အမြဲတမ်းနည်းပြငါးဦး အနက် ကာလအရှည်ကြာဆုံး ကိုင်တွယ်ခဲ့ရသည့် ကစားသမားဟောင်း ဆိုးလ်ရှားက ပေါင် ၄၄၉ ဒသမ ၃ သန်းဖြင့် အများဆုံး သုံးစွဲခွင့်ရခဲ့ပြီး မော်ရင်ဟိုလက်ထက်တွင် ပေါင် ၄၀၀ ဒသမ ၆ သန်း၊ လူးဝစ်ဗန်ဟားလ်လက်ထက်တွင် ပေါင် ၂၈၁ ဒသမ ၅ သန်း၊ အဲရစ်တန်ဟက်လက်ထက်တွင် ပေါင် ၂၂၆ ဒသမ ၈ သန်းနှင့် ဒေးဗစ်မွိုက်စ်လက်ထက်တွင် ပေါင် ၆၇ သန်း အသုံးပြုထားသည်။ 

သို့သော် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ဝေးကွာနေဆဲဖြစ်သလို ဆုဖလားအောင်မြင်မှုအဖြစ် FA ဖလားတစ် ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်၊ ကွန်မြူ နတီဒိုင်း နှစ်ကြိမ်၊ ယူရိုပါလိဂ်ဖလား တစ်ကြိမ်သာ ရယူနိုင်ခဲ့ပြီး ဖလား လက်မဲ့ရာသီမှာ ခြောက်ရာသီအထိ ရှိခဲ့သည်။

ဖာဂူဆန်နောက်ပိုင်း ကိုင်တွယ်ခဲ့သည့် အမြဲတမ်းနည်းပြများအနက် မော်ရင်ဟိုက ၂၀၁၆-၂၀၁၇ ရာသီ တွင် လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား နှင့် ကွန်မြူနတီဒိုင်းရရှိကာ အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပြီး လူးဝစ်ဗန်ဟားလ်က ၂၀၁၅-၂၀၁၆ ရာသီတွင် FA ဖလား၊ ဒေးဗစ်မွိုက်စ်က ၂၀၁၃ ကွန်မြူနတီဒိုင်းနှင့် အဲရစ်တန်ဟက်ဂ်က ယခု ၂၀၂၂-၂၀၂၃ ရာသီတွင် လိဂ်ဖလားချန်ပီယံဆုရရှိထားသည်။ 

Most Read

Most Recent