ဆီးဂိမ်းစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ အမျိုးသားပြိုင်ပွဲ သုံးခု၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ဆီးဂိမ်းစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ အမျိုးသားပြိုင်ပွဲ သုံးခု၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
Published 26 April 2023

 

မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် လာမည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ သုံးခု၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ် ပိုက်ကျော်ခြင်းအားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း ကန့်သတ်ချက်အရ ပြိုင်ပွဲဝင်တစ်နိုင်ငံလျှင် အမျိုးသားပြိုင်ပွဲ သုံးခုနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ ကြောင့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသားပြိုင်ပွဲတွင် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲတွင် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

မြန်မာအသင်းယှဉ်ပြိုင်မည့် ပြိုင်ပွဲများအနက် အမျိုးသား နှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများအတွက် အုပ်စုများထွက်ပေါ်ထားပြီး မြန်မာအသင်းယှဉ်ပြိုင်မည့် ပြိုင်ပွဲသုံးခုစလုံးတွင် ထိုင်းအသင်း ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ အမျိုးသား နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A) တွင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အုပ်စု (B) တွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ  အုပ်စု (A) တွင် အင်ဒိုနီးရှား၊ လာအို၊ ဗီယက် နမ်၊ ဖိလစ်ပိုင်၊ အုပ်စု (B) တွင် မလေးရှား၊ စင်ကာပူ၊ မြန်မာ၊ ကမ္ဘောဒီးယားတို့ ပါဝင်နေသည်။ 

အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင်မူ ငါးသင်းသာရှိသဖြင့် ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် လာအိုအသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းသည် လက်ရှိချန်ပီယံအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နောက်ဆုံးကျင်းပသည့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိထားသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent