မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုနှင့်ပတ်သက်၍ ဆရာတော်ဦးပါမောက္ခအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုနှင့်ပတ်သက်၍ ဆရာတော်ဦးပါမောက္ခအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချ
Published 8 February 2018

ဦးပါမောက္ခအား ဖေဖော်ဝါရီ ၇ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုနှင့် ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံထားရသော ဆရာတော်ဦးပါမောက္ခအား ဖေဖော်ဝါရီ ၇ ရက်နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်တရားရုံး၌ ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ရုံးချိန်းတွင် ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုအား စွဲချက်အမိန့်ချမှတ်ရာတွင် ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“ဆရာတော်ဦးပါမောက္ခကို ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်ကြောင်း အမိန့်ချတယ်။ အပြစ်ရှိမရှိ တရားရုံးကမေးတယ်။ ဆရာတော်က အပြစ်မရှိဘူးလို့ ခုခံချေပတယ်။ ဘာကြောင့်အပြစ်မရှိလဲဆိုတာကို ဆရာတော်က ခုခံချေပတဲ့နေရာမှာ ဆရာတော်က ၅၀၅ (ခ) မမြှောက်ဘူးဆိုတဲ့အချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း တာဝန်ရှိတယ်။ တိုင်းပြည်အချုပ်အချာ ထိပါးစော်ကားလာတဲ့ကိစ္စကို နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုရှင်းပြခြင်း၊ ကာကွယ်ခြင်းဟာ အပြစ်မရှိဘူး။ ၅၀၅ (ခ) မမြောက်ဘူးဆိုတဲ့အချက်ကို ထုချေပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားသည်။

ယင်းနေ့ရုံးချိန်းတွင် ဆရာတော်ဦးပါမောက္ခ၏ ကိုယ်တိုင်ထွက်ချက်များကို စစ်ဆေးခဲ့ပြီး ဆရာတော်ဘက်မှသက်သေအဖြစ် ခြောက်ဦးကိုတင်ပြခဲ့ကာ ရုံးချိန်းကို ဖေဖော်ဝါရီ ၁၄ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်လိုက်ပါတယ်။ သို့သော် ကာယကံရှင် ဦးတိုက်လျှောက်လွှာ ဦးသန်းထွန်းအောင်လက်မှတ်ကလည်း သူကိုယ်တိုင်မဟုတ်ဆိုတာ ပြောပြီးသားဖြစ်တယ်။ နောက်တစ်ချက်က သံဃနာယက ခွင့်ပြုချက်ပါမှ တရားစွဲရမယ့်အမှုကို သံဃနာယက ခွင့်ပြုချက်လုံးဝမပါရှိပါဘူး။ ဆရာတော် ဟောပြောချက်ကလည်းပဲ ၁၀၀ ရာခိုင်နှုန်းငြိစွန်းတာမပါရှိပါဘူး။ သို့သော်လည်း ယခုတရားသူကြီး စွဲချက်တင်ပါတယ်။ ဘုန်းကြီးတို့ မြန်မာနိုင်ငံက တရားစီရင်ရေးရော အုပ်ချုပ်ရေးရောက အဝီစိရောက်သွားပါပြီ” ဟု တရားရုံးမှ အကျဉ်းထောင်သု့ိ ပို့ဆောင်စဉ် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

ဆရာတော်ဦးပါမောက္ခအား ပထမအကြိမ်ရုံးထုတ်ပြီး တရားလိုဦးသန်းထွန်းအောင်ကို စစ်ဆေးစဉ်တွင် တရားလိုဦးသန်းထွန်းအောင်က ဦးတိုက်လျှောက်ထားလွှာအပေါ်မှာ ၎င်းလက်မှတ်မဟုတ်ကြောင်း ထွက်ဆိုခဲ့ကြောင်း၊ ထိုသို့လက်မှတ်မမှန်မကန်ကိုသုံး၍ တရားရုံးမှစီစဉ်ပါက မှန်ကန်မှုမရှိသည့်အတွက် ဦးတိုက်လျှောက်ထားလွှာကိုပိတ်ပေးပြီး ဆရာတော်အား လွှတ်ပေးရန် ဆရာတော်၏ရှေ့နေဘက်မှ လျှောက်လဲတင်ပြခဲ့ကြောင်း သိရသည်။ ယင်းလျှောက်လဲချက်ကို တရားရုံးမှ ကြားဖြတ်အမိန့်ချမှတ်ရာတွင် တရားရုံး ဦးတိုက်လျှောက်ထားလွှာမှ တရားလိုလက်မှတ်မမှန်သော်လည်း ဦးတိုက်လျှောက်ထားလွှာ၏နောက်တွင်ပါသည့် နောက်ဆက်တွဲ (က) တွင်ဖော်ပြသည့်လက်မှတ်မှာ တရားလိုလက်မှတ် မှန်ကန်နေခြင်းအပါအဝင် အချက်သုံးချက်ဖြင့် ဆရာတော်ဘက်မှ အမှုရုပ်သိမ်းပေးရန် လျှောက်ထားမှုကိုပယ်ချခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးရှေ့၌ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ဆန္ဒပြမှုနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး နိုဝင်ဘာ၂၁ ရက်၊ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွင် ပုဒ်မ ၁၉ အပေါ်ဝန်ခံသဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ပြစ်ဒဏ်ရက်ပြည့်ခဲ့သောကြောင့် လက်ရှိတွင် ဆရာတော်အားအချုပ်ဖြင့် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။

Most Read

Most Recent