ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တ ရုတ်သမ္မတ ရှီကျင်းပင်တို့သည် နှစ်နိုင်ငံအကြား ခေတ်သစ်ဆက်ဆံရေးများကို ဖွင့်လှစ် မည့် သဘောတူစာချုပ်များကို လာမည့်သီတင်းပတ်တွင် လက်မှတ်ရေးထိုးလိမ့်မည်ဟု ကရင်မလင်က မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ရှီသည် မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ ရုရှားသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်းတွင်ရုရှား၏ စစ်ဆင်ရေးတစ်နှစ်ကျော်ကြာမြင့်လာချိန်တွင် ၎င်း၏ မဟာဗျူဟာမြောက် မဟာမိတ်ဖြစ်သည့် ပူတင်နှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
ပူတင်နှင့် ရှီတို့သည် နှစ်နိုင်ငံအကြား ခေတ်သစ်ကိုဖော်ဆောင်သည့် ပြည့်စုံကျယ်ပြန့်သည့် မိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးများကို တိုးမြှင့်သည့် အဓိက ကြေညာချက်ကို လက်မှတ်ရေးထိုးသွားမည်ဟု ကရင်မလင် အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရှီ၏ ခရီးစဉ်သည် လက်တွေ့ကျပြီး စစ်မှန်သည့် နိုင်ငံစုံဝါဒ၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ပုံ တိုးတက်ရေး၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးခရီးစဉ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြားဆက်ဆံရေးများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအမြင်များနှင့်ပတ်သက်ပြီး ၎င်းတို့၏ အမြင်များကို ဖလှယ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက သတင်းထောက်များကို ပြော ကြားခဲ့သည်။
“ကမ္ဘာကြီးဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့ ခေတ်သစ်ထဲကို ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ တရုတ်ဟာ ယူကရိန်းပဋိပက္ခမှာ ဓမ္မဓိဋ္ဌာန်ကျပြီး မျှတတဲ့ ရပ်တည်မှုကို ထိန်းသိမ်းသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မြှင့်တင်တဲ့နေရာမှာ ခိုင်မာတဲ့ အခန်း ကဏ္ဍကနေ ပါဝင်သွားမှာပါ}}ဟု ၎င်းက ပြောကြားခဲ့သည်။
ကရင်မလင် အကြံပေးပုဂ္ဂိုလ် အူရှာကော့ဗ်ကလည်း ရုရှားသည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး တရုတ်၏ တည်ငြိမ်မှုရှိပြီး စဉ်းစားဆင်ခြင်သည့် ရပ်တည်ချက်ကို အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့သည်ဟု ရုရှားသတင်းအေဂျင်စီများက ဖော်ပြခဲ့ သည်။
ယူကရိန်းပဋိပက္ခတွင် တရုတ်သည် ကြားနေအဖြစ် ရပ်တည်ရန်ကြိုးပမ်းခဲ့သော်လည်း အနောက်နိုင်ငံများမှ ခေါင်းဆောင်အချို့ကမူ တရုတ်အား အများ၏ ယုံကြည်လက်ခံနိုင်မှု အားနည်မှုနှင့်အတူ ရုရှားအား လျှို့ဝှက်စွာထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် စစ်ပွဲနှင့်ပတ်သက်သည့် အချက် ၁၂ ချက်ပါ စာတမ်းတစ်စောင်တွင် တရုတ်သည် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်နှင့် နိုင်ငံအားလုံး၏ နယ်မြေ အချုပ်အခြာအာဏာပိုင်မှုကို လေးစားရန် တိုက်တွန်းခဲ့သည်။
ရှီ၏ နောက်ဆုံးအကြိမ်ရုရှားသို့ သွားရောက်သည့်ခရီးစဉ်မှာ ၂၀၁၉ ခုနှစ်ကဖြစ်သည်။ ပူတင်သည် ပြီးခဲ့သည့်နှစ်က ပေကျင်းတွင်ပြုလုပ်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဥဇဘတ်ကစ္စတန်တွင်ပြုလုပ်ခဲ့သည့် ဒေသတွင်း လုံခြုံရေးအစည်းအဝေးတွင်လည်း တွေ့ဆုံခဲ့သည်။














