အမှန်တကယ်ဖြစ်ပွားနေသည့်စစ်ပွဲအတွက် စစ်ရေးလေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က စစ်တပ်ကို အမိန့်ပေး

အမှန်တကယ်ဖြစ်ပွားနေသည့်စစ်ပွဲအတွက် စစ်ရေးလေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က စစ်တပ်ကို အမိန့်ပေး
မတ်လ ၉ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတစ်နေရာတွင် စစ်ရေးလေ့ကျင့်မှုများကို လေ့လာကြည့်ရှုနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ရှေ့တန်း-ဝဲ) နှင့် သူ့သမီးဖြစ်သူကို တွေ့ရစဉ် (Photo – AFP)
မတ်လ ၉ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတစ်နေရာတွင် စစ်ရေးလေ့ကျင့်မှုများကို လေ့လာကြည့်ရှုနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ရှေ့တန်း-ဝဲ) နှင့် သူ့သမီးဖြစ်သူကို တွေ့ရစဉ် (Photo – AFP)
Published 10 March 2023
Ref: AFP

မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအွန်သည် စစ်ရေးလေ့ကျင့်မှုတစ်ခုကို သူ့ သမီးဖြစ်သူနှင့်အတူ ကြီးကြပ်ကွပ်ကဲခဲ့ချိန်က အမှန်တကယ်ဖြစ်ပွားနေသည့် စစ်ပွဲအတွက် ပြင်းထန်သည့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ရန် စစ်တပ်ကို အမိန့်ပေးခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

အနက်ရောင် ဂျာကင်များ ဝတ်ဆင်ထားသည့် ကင်နှင့် သူ့သမီးတို့သည် မတ်လ ၉ ရက်က အမြောက်တပ်၏ ဒုံးကျည်ပစ်လွှတ်သည့် လေ့ကျင့်မှုကို ကြည့်ရှုချိန်တွင် ၎င်းတို့ နှစ်ဦးကို ယူနီဖောင်းဝတ်ဆင်ထားသည့် အရာရှိများက ဝန်းရံခဲ့ကြသည်ကို ဓာတ်ပုံများထဲတွင် မြင်တွေ့ရသည်။

တောင်ကိုရီးယားစစ်တပ်က ပဲ့ထိန်းဒုံးကျည်တစ်စင်းပစ်လွှတ်မှုကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ယင်းတစ်နေရာတည်းမှ အတွဲလိုက်ဒုံးများပစ်ခတ်မှု၏ ဖြစ်နိုင်ခြေကို လေ့လာနေသည်ဟုဆိုသည်။

KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများထဲတွင် ဟွာဆောင် အမြောက်တပ်က ဒုံးကျည်ခြောက်စင်းကို တစ်ချိန်တည်းမှာပင် ပစ်လွှတ်ခဲ့ပုံကို ပြသခဲ့သည်။

ယင်းအမြောက်တပ်သည် ကိုရီးယား၏ အနောက်ပင်လယ်အတွင်းရှိ ရေပြင်များအတွင်းသို့ ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။

ကင်သည် စစ်ရေးလေ့ကျင့်မှုများကို လေ့လာကြည့်ရှုနေချိန်တွင် မဟာဗျူဟာမြောက်သည့် မစ်ရှင်နှစ်ခုဖြစ်သည့် စစ်ပွဲအတွက် အဟန့်နှင့် စစ်ပွဲကို လက်ဦးမှုယူ တိုက်ခိုက်ရေးအတွက် ပြင်ဆင်ထားရန် စစ်သားများကို ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

တပ်ဖွဲ့များအနေဖြင့် မတူကွဲပြားသည့် အခြေအနေများတွင် မတူကွဲပြားသည့် နည်းလမ်းဖြင့် စစ်မှန်သည့် စစ်ပွဲအတွက် ပြင်းထန်သည့် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်သင့်သည်ဟုလည်း ကင်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ငါးနှစ်အတွင်း အကြီးဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှုကို မတ်လ ၁၃ ရက်တွင် ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် တားမြစ်ခံထားရသည့် လက်နက်စမ်းသပ်မှုများကို ပိုမိုပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား အမေရိကန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နေမှုနှင့်အတူ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအခြေအနေအထိ ကျဆင်းနေသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်ရန်ပြင်ဆင်မှုအဖြစ် ယူဆခဲ့ပြီး ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

မြောက်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုသည် ကင်၏ သမီးဖြစ်သူအတွက် ပြည်သူ့မြင်ကွင်းသို့ ထွက်ပေါ်သည့် နောက်ထပ်ဖြစ်စဉ်တစ်ခုဖြစ်ပြီး တောင်ကိုရီးယားထောက်လှမ်းရေးများကမူ သူသည် ကင်၏ ဒုတိယမြောက်ကလေးဖြစ်ကာ သူ့အမည်သည် ကင်ဂျူအဲဖြစ်သည်ဟု ယူဆခဲ့ကြသည်။

သူသည် ကင်၏ နေရာကို ဆက်ခံမည့် သူဖြစ်နိုင်သည်ဟုလည်း ကျွမ်းကျင်သူအချို့က သုံးသပ်ခဲ့ကြသည်။

မြောက်ကိုရီးယားမီဒီယာသည် သူ့ကို ကင်၏ သမီးဖြစ်သည်ဟုသာ ဖော်ပြခဲ့ပြီး သူ့အမည်အပါအဝင် အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

Most Read

Most Recent