လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ UEC ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံဆွေးနွေး 

လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ UEC ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံဆွေးနွေး 
Published 9 March 2023

လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

မတ် ၇ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံစဉ် တရုတ်သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့်အခြေအနေ၊ တည်ငြိမ်အေးချမ်းစွာဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေများပြဋ္ဌာန်းခဲ့မှု၊ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားမှုနှင့် စိစစ်ဆောင်ရွက်နေမှု၊ လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် မဲပေးစက်အသုံးပြုနိုင်ရေးဆောင်ရွက်နေမှု၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများကလက်ခံသည့် မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ ဆန္ဒမဲပေးခွင့်ရှိသူများ ဥပဒေနှင့်အညီ မဲပေးနိုင်ရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent