မန္တလေးတိုင်းဒေသကြီး စွယ်တော်ကားဝန်းအတွင်း ရပ်ထားသည့် ပေ ၄၀ အရှည်ရှိ နောက်တွဲယာဉ် ခိုးယူခံရ

မန္တလေးတိုင်းဒေသကြီး စွယ်တော်ကားဝန်းအတွင်း ရပ်ထားသည့် ပေ ၄၀ အရှည်ရှိ နောက်တွဲယာဉ် ခိုးယူခံရ
Published 4 November 2022

မန္တလေးတိုင်းဒေသကြီး စွယ်တော်ကားဝန်းအတွင်း ရပ်ထားသည့် ပေ ၄၀ အရှည်ရှိ နောက်တွဲယာဉ် ခိုးယူခံရကြောင်း ယာဉ်ပိုင်ရှင် ကိုအောင်ကျော်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၂ ရက် ညပိုင်းက အဆိုပါနောက်တွဲယာဉ်ကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ စွယ်တော်ကားဝန်းအတွင်း ရပ်ထားခဲ့ပြီး နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုစဉ် ပျောက်ဆုံးနေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ခေါင်းတွဲက ပြင်ဖို့ ဝပ်ရှော့မှာ အပ်ထားတာ။ နောက်တွဲကိုတော့ ကားဝန်းထဲမှာ ထားခဲ့တာ။ အရင်ကလည်း ဒီလိုပဲ ထားနေကြ။ ၂ ရက်နေ့ သွားထားပြီး ၃ ရက်နေ့ သွားကြည့်တော့ မရှိတော့ဘူး။ ကားဝန်းထဲမှာလည်း ဒီတိုင်းရပ်ထားကြတာတွေရှိတယ်။ ကျွန်တော့်ကားကျမှ နောက်တွဲကြီး ပါသွားတာ” ဟု ယာဉ်ပိုင်ရှင် ကိုအောင်ကျော်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်များထံ အမှုဖွင့်ထားကြောင်း၊ လက်ရှိအချိန်အထိ အမှုနှင့် ပတ်သက်ပြီး ထူးခြားမှုမရှိသေးကြောင်း ကိုအောင်ကျော်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လုယက်မှု၊ ခိုးယူမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး လမ်းဘေးမြောင်း ဖုံးများ၊ အိမ်ခြံစည်းရိုးရှိ သံတိုင်များကိုပါ ခိုးယူမှုများ ဖြစ်ပွားလျက်ရှိသည်။

Most Read

Most Recent